ကက်ရှ်မီးယားနယ်ခြား အပစ်အခတ်ရပ်စဲရေး ပါကစ္စတန်နှင့် သဘောတူညီအပြီး အငြင်းပွားနယ်မြေမှ တပ်များ ထပ်မံဆုတ်ခွာရန် တရုတ်-အိန္ဒိယ ဆွေးနွေး၊ အိန္ဒိယ-ပါကစ္စတန်-ဘင်္ဂလားဒေ့ရှ်တို့ကို တစ်နိုင်ငံတည်းအဖြစ် ပေါင်းစည်းရန် အိန္ဒိယ အဆိုပြုချက် အမုန်းစကား အငြင်းပွားဖွယ် အဆုံးသတ်


လွန်ခဲ့သည့်နှစ်တွင် အိမ်နီးချင်းနှစ်နိုင်ငံအကြား တင်းမာမှုမြင့်တက်လာခဲ့သည့် #အမှန်တကယ်ထိန်းချုပ်ရေးမျဉ်း_LAC တစ်လျှောက်ရှိ နှစ်ဖက်စစ်တပ်များ တည်ရှိမှုကို ထပ်မံလျော့ချရန် တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း အိန္ဒိယနှင့် တရုတ်နိုင်ငံတို့က ကြေညာသည်ဟု Russia Today ( Feb. 26,2021 ) က ရေးသားသည်။

..  
၂၀၂၀ -ခုနှစ်တွင် အိန္ဒိယစစ်သား ၂၀ နှင့် တရုတ်စစ်သား ၄-ဦးသေဆုံးရသည်အထိ ပြင်းထန်သည့် ပဋိပက္ခမျိုး ထပ်မံဖြစ်ပွားခြင်း မရှိရအောင် နှစ်နိုင်ငံအစိုးရအသီးသီးတို့က တားဆီးနိုင်ရေးအတွက် သက်ဆိုင်ရာ နိုင်ငံခြားဝန်ကြီးများ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ အဆိုပါ ပဋိပက္ခမှာ ၁၉၆၂-ခုနှစ် တရုတ်-အိန္ဒိယနယ်ခြားစစ်ပွဲအပြီး ဒေသအတွင်း အဆိုးရွားဆုံး အကြမ်းဖက်မှုဖြစ်ခဲ့ရသည်ဆို၏။

..    
#တရုတ်ပြည်သူ့သမ္မတနိုင်ငံ_သံအမတ်ကြီးဝမ်ယီ နှင့် #အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဆူဗရာမန်ယန်ဂျိုင်ရှန်ကာ တို့အကြား ၇၅ – မိနစ်ကြာ တယ်လီဖုန်းဖြင့် ပြောဆိုဆွေးနွေးပြီးနောက် ဟိမဝန္တာတောင်တန်းအနောက်ပိုင်းဒေသ #ပန်ဂေါင်းတောင်ပေါ်ရေကန်ကြီး ဝန်းကျင်ရှိ နှစ်ဖက်တပ်များ ဆုတ်ခွာကြရန်၊ ကျန်ရှိနေသည့် အကြောင်းအရာများကိုလည်း အမြန်ဆုံးဖြေရှင်းရန် သဘောတူညီခဲ့ကြကြောင်း သိရှိရသည်။

..   
ပွတ်တိုက်မှုဖြစ်ပေါ်သည့်နေရာအားလုံးမှ တပ်များအားလုံး ရုတ်သိမ်းမှု ပြီးဆုံးသည်နှင့် တပြိုင်နက် နယ်ခြားဒေသ နှစ်ဖက်တပ်များအချင်းချင်း တင်းမာမှုလျော့ကျရေးအတွက် တည်ငြိမ်အေးချမ်းမှု ပြန်လည်တည်ဆောက်ရေးကို နှစ်ဖက်စလုံးက သုံးသပ်ကြမည်ဖြစ်ကြောင်း ဆွေးနွေးအပြီး ထုတ်ပြန်သည့် ကြေညာချက်၌ ဖော်ပြထားသည်။

..  
အမှန်တကယ်ထိန်းချုပ်မျဉ်း LAC သည် တရုတ်ထိန်းချုပ်နယ်မြေနှင့် အိန္ဒိယထိန်းချုပ်နယ်မြေ တိဘက်-လက်ဒက်ဒေသတို့အကြား၌ တည်ရှိသည်။ ၎င်းဒေသသည် ၁၉၆၂-ခုနှစ် တရုတ်-အိန္ဒိယစစ်ပွဲ ပြီးဆုံးကတည်းက နယ်မြေပိုင်ဆိုင်မှုနှင့်ပတ်သက်၍ နှစ်နိုင်ငံ အငြင်းပွားမှုဖြစ်ခဲ့ရသည်။

..  
ယခု အိန္ဒိယ-တရုတ်တို့၏ သံခင်းတမန်ခင်းဆိုင်ရာ ကြေညာချက်သည် အလားတူ ပိုင်ဆိုင်မှုအငြင်းပွား ကက်ရှ်မီးယားဒေသနယ်စပ်တလျောက်၌ တင်းမာမှုလျော့ချရေး အိန္ဒိယ-ပါကစ္စတန်တို့ သဘောတူညီအပြီး ၂၄ -နာရီအကြာတွင် ထွက်ပေါ်လာခြင်းဖြစ်သည်။

..    
လွန်ခဲ့သည့် ကြာသပတေးနေ့တွင် #ပါကစ္စတန် နှင့် အိန္ဒိယစစ်ဘက်ဆိုင်ရာစစ်ဆင်ရေးညွှန်ကြားရေးမှူးချုပ် (DGsMO) တို့က အငြင်းပွား နယ်စပ်တစ်လျှောက် ရေရှည်တည်တံ့မည့် ငြိမ်းချမ်းရေးကို ရှေးရှု့၍ အပစ်အခတ် ရပ်စဲကြရန်၊ ၂၀၀၃-ခုနှစ်တွင် ချုပ်ဆိုခဲ့သည့် စစ်ပြေငြိမ်းရေးစာချုပ်တွင် လုပ်ထုံးလုပ်နည်းပိုင်းဆိုင်ရာ ဖြည့်စွက်ရန်တို့ကို သဘောတူညီခဲ့ကြသည်။

..    
ဗြိတိသျှ ကိုလိုနီဟောင်းများဖြစ်ကြပြီး ဆယ်စုနှစ်ပေါင်းများစွာ ခါးသီးသော ယှဉ်ပြိုင်မှုများနှင့် ထွေးလုံးရစ်ပတ် ဖြစ်ခဲ့ရသည့် အိန္ဒိယ၊ ပါကစ္စတန်နှင့် ဘင်္ဂလားဒေ့ရ်ှတို့သည် တစ်နိုင်ငံတည်းအဖြစ် အမှန်တကယ်ပင် ပေါင်းစည်းသင့်ကြောင်း အိန္ဒိယဝန်ကြီးက အကြံပြုသည်ဟု Russia Today ( Nov. 23, 2020 ) က ဖော်ပြခဲ့သည်။

..  
မွန်ဘိုင်းအမျိုးသားကွန်ဂရက်ပါတီ (NCP) ဥက္ကဋ္ဌ မဟာရဋ္ဌပြည်နယ် ကက်ဘိနက်ဝန်ကြီး နောဝပ်မာလစ်က လွန်ခဲ့သည့် တနင်္ဂနွေနေ့တွင် ယခုကဲ့သို့ ရုတ်ချည်း အကြံပြုလိုက်ခြင်းဖြစ်သည်။

..   
ပါကစ္စတန်နိုင်ငံ မြို့တော် ကရာချိသည် တစ်နေ့တွင် အိန္ဒိယနိုင်ငံ၏ အစိတ်အပိုင်း ဖြစ်လာနိုင်ကြောင်း အိန္ဒိယ အာဏာရ #ဘာရတ်တီယာဂျနတ်တာပါတီ_(BJP) ၏ ဒေသန္တရအကြီးအကဲတစ်ဦးဖြစ်သူ ဒေဝိန္ဒြဖာဒနီဗစ်စ်၏ မိန့်ခွန်းနှင့် ပတ်သက်၍ မာလစ်က မှတ်ချက်ပေးခဲ့သည်။

..   
အိန္ဒိယ၊ ပါကစ္စတန်နှင့် ဘင်္ဂလားဒေ့ရ်ှတို့ကို ပေါင်းစည်းသင့်သည်ဟု ပြောဆိုလျှက်ရှိကြောင်း၊ အကယ်၍ ဘာလင်တံတိုင်းကို ဖြိုချနိုင်လျှင် အိန္ဒိယ၊ ပါကစ္စတန်နှင့် ဘင်္ဂလားဒေ့ရ်ှတို့ကို ပေါင်းစည်းရေးမှာ မဖြစ်နိုင်စရာ မရှိကြောင်း မာလစ်က ရှင်းပြသည်။

..   
ဗြိတိသျှကိုလိုနီအင်ပါယာပြိုလဲခဲ့ပြီးနောက် အိန္ဒိယနှင့် ပါကစ္စတန်တို့သည် ၁၉၄၀-ခုနှစ် နှောင်းပိုင်းတွင် လွတ်လပ်ရေးရရှိခဲ့သည်။ ထိုနောက်ပိုင်း နှစ်နိုင်ငံအကြား စစ်ရေးပဋိပက္ခများ အကြိမ်ကြိမ်ဖြစ်ပွားခဲ့ပြီး ဟိန္ဒူနှင့် မွတ်စလင်များအကြား မုန်းတီးမှုများ ထပ်ကာ ထပ်ကာ ဖြစ်ပွားခဲ့သည်။ နှစ်နိုင်ငံစလုံးက ပိုင်ဆိုင်ကြောင်း အဆိုပြုထားသည့် အငြင်းပွားကက်ရှ်မီးယားဒေသသည် အကြမ်းဖျဉ်း နှစ်ပိုင်းခွဲခြားထားသော်လည်း နယူးဒေလီနှင့် အစ္စလာမ္မာဘတ်တို့အကြား တင်းမာမှုများနှင့် စစ်ရေးအရ ထိပ်တိုက်တွေ့မှုများ အစဉ်မပြတ် ဖြစ်ပွားနေသည်။

..  
ကက်ရှ်မီးယားရှိ ပါကစ္စတန် – အိန္ဒိယထိန်းချုပ်နယ်စပ်တလျှောက် အမြာက်များဖြင့် ပစ်ခတ်မှုကြောင့် စစ်သားနှင့် အရပ်သားများစွာ သေဆုံးခဲ့သည်။ ပါကစ္စတန်နိုင်ငံ၏ ပြင်ပတွင်တည်ရှိပြီး တချိန်က အရှေ့ဘင်္ဂလား ဟု လူသိများ ဘင်္ဂလားဒေ့ရ်ှသည် ၁၉၇၁-ခုနှစ် စစ်ပွဲအပြီး အစ္စလာမ္မာဘတ်မှ ခွဲထွက်ခဲ့သည်။ အဆိုပါစစ်ပွဲပဋိပက္ခကာလအတွင်း ဘင်္ဂလားဒေ့ရှ်လွတ်လပ်ရေးကို အားပေးသည့် အိန္ဒိယ၏ ကျယ်ပြန့်သော ထောက်ပံ့မှုများမှာ ပါကစ္စတန်အတွက် နာကျည်းဖွယ် အရေးနိမ့်မှုကို ခံစားခဲ့ရသည်။

..  
ထိုသို့သော နောက်ခံသမိုင်းရှိနေသည့် နိုင်ငံ ၃-ခုကို တစ်နိုင်ငံတည်းအဖြစ် ပေါင်းစည်းမည်ဆိုခြင်းမှာ လက်တွေ့အားဖြင့် အလှမ်းဝေးသည်။

..  
သို့သော် အဆိုပါအကြံပြုချက်အား မည်သို့အကောင်အထည်ဖော်မည်ဟုဆိုကာ အွန်လိုင်းတွင် ဟိန္ဒူလိုလားသူနှင့် မွတ်စလင်လိုလားသူများအကြား အစွန်းရောက်အမြင်များကို ဖော်ပြလျှက် အမုန်းစကား အခြေအတင် အငြင်းပွားစရာ ဖြစ်စေခဲ့သည်။

..   
(( ကက်ရှ်မီးယား အရှေ့ဖျား လက်ဒက်ဒေသ #ပန်ဂေါင်းတောင်ပေါ်ရေကန်ကြီး ဝန်းကျင်ရှိ အိန္ဒိယနှင့် တရုတ်စစ်တပ်များ စတင်ရုတ်သိမ်းခဲ့သည်မှာ လွန်ခဲ့သည့် ဖေဖော်ဝါရီ ၁၁-ရက်နေ့၌ ဖြစ်သည်။ ယခုတဖန် နှစ်နိုင်ငံသဘောတူကြခြင်းမှာ တပ်များ ထပ်မံ ရုတ်သိမ်းရန်ဖြစ်သည်။

..  
တရုတ်သည် ပါကစ္စတန်အပေါ် သြဇာညောင်းသည်။ စစ်ဖြစ်တိုင်း အရှုံးနှင့်ချည်း ရင်ဆိုင်ခဲ့ရသဖြင့် နာကျည်းလျှက်ရှိသည့် ပါကစ္စတန်အနေဖြင့် အိန္ဒိယနှင့် အပစ်အခတ် ရပ်စဲခြင်းမှာ တရုတ်၏ တွန်းအားပေးမှု ပယောဂ ပါဝင်နိုင်သည်။ တောင်တရုတ်ပင်လယ်တွင် အမေရိကန်-အနောက်အုပ်စုတို့နှင့် စစ်ရေးတင်းမာမှု အမြင့်ဆုံး ရောက်ရှိနေသော တရုတ်အနေဖြင့် အနောက်တောင်ဘက် စစ်အင်အားကြီး အိန္ဒိယအား ချွေးသိပ်လိုစိတ် ရှိနေနိုင်ပါသည်။ ။ သတင်းဘာသာပြန်သူ ))
..

#တရုတ်-အိန္ဒိယ-ပါကစ္စတန်_တင်းမာမှုလျော့ပါးရေး

..  
((( Russia Today., 26 Feb, 2021, “ India and China discuss troop pullback in disputed territory a day after Kashmir border ceasefire agreement.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ )))

https://www.rt.com/news/516664-india-china-troop-pullback-disputed-territory/
https://www.rt.com/news/516533-india-pakistan-disputed-kashmir-border-ceasefire/
https://www.rt.com/news/507570-india-pakistan-bangladesh-merge/ 

Leave a Reply

Your email address will not be published.