ကက်ရှ်မီးယားအရေးတွင် ပါကစ္စတန်ဘက်မှ ရပ်တည်ပြောဆိုသဖြင့် မလေးရှားနှင့် တူရကီကို အိန္ဒိယက ဒေါသတကြီး သပိတ်မှောက် ကန့်ကွက်။ အကြမ်းဖက်အဖွဲ့အစည်းသို့ ငွေကြေးထောက်ပံ့နေခြင်းအား ပါကစ္စတန်က ထိန်းချုပ်ခြင်းမပြုလျှင် နာမည်ပျက်စာရင်းသွင်းခံရမည်ဟု FATF သတိပေး

မလေးရှားနှင့် တူရကီတို့သည် ကက်ရှ်မီးယားအရေးတွင် ပါကစ္စတန်ဘက်မှ ရပ်တည်၍ သတင်းထုတ်ပြန်ခြင်း၊ ဘဏ္ဍာငွေကြေး အရေးယူရေးဆိုင်ရာ အထူးလုပ်ငန်းအဖွဲ့ ( FATF ) ၏ သတိပေးချက်တွင် ပါကစ္စတန်အား ကာကွယ်ပြောဆိုခြင်းတို့ကြောင့် အိန္ဒိယအစိုးရ၏ ဒေါသတကြီး တုန့်ပြန်ခြင်းကို ရင်ဆိုင်ကြုံတွေ့နေရသည်ဟု Times of India က ယနေ့ရေးသားသည်။ 


မလေးရှားမှ စားအုန်းဆီဝယ်ယူမှုရပ်စဲ၍ ကုန်သွယ်ရေးရပ်ဆိုင်းငံ့ယုံမျှနှင့် မကြေနပ်နိုင်သော အိန္ဒိယလူထုသည် လူမှုကွန်ယက်တွင် မလေးရှားသပိတ် #boycottmalaysia. ဆင်နွှဲလျှက်ရှိကြောင်း သိရှိရသည်။ 

  
အိန္ဒိယသည် ကမ္ဘာ့အကြီးဆုံး စားအုန်းဆီဝယ်ယူသူဖြစ်သည်။ အိန္ဒိယသွင်းကုန်နှင့် သန့်စင်မွမ်းမံသူတို့သည် မလေးရှားမှ စားအုန်းဆီဝယ်ယူခြင်းကို ရပ်ဆိုင်းပြီး အင်ဒိုနီးရှားမှ ပြောင်းလဲဝယ်ယူရန် ချိန်ဆလျှက်ရှိသည်။ နောက်တစ်ဆင့် တက်လှမ်းရန် မလေးရှား၏ တုန့်ပြန်မှုကို အိန္ဒိယအစိုးရက စောင့်ကြည့်လျှက်ရှိသည်ဆို၏။ 


ပါကစ္စတန်အစိုးရသည် ၎င်း၏နိုင်ငံအတွင်းမှ အကြမ်းဖက်အဖွဲ့အစည်းများထံသို့ ငွေကြေးထောက်ပံ့နေခြင်းများအား လာမည့်နှစ် ဖေဖော်ဝါရီတိုင်အောင် ထိရောက်စွာ အရေးယူကိုင်တွယ်ခြင်းမရှိလျှင် နာမည်ပျက်စာရင်းဝင်အဖြစ် ကြေညာရလိမ့်မည်ဖြစ်ကြောင်း FAFT က သတိပေးလိုက်သည်ဟု ယမန်နေ့ Economic Times က ရေးသားသည်။ 


G-7 နိုင်ငံများဦးဆောင်လျှက် ဘဏ္ဍာငွေကြေး အရေးယူရေးဆိုင်ရာ အထူးလုပ်ငန်းအဖွဲ့ ( FATF ) သည် နိုင်ငံတကာ ငွေကြေးခဝါချမှုများအား တိုက်ဖျက်ရန် ပြင်သစ်အခြေစိုက်အဖြစ် ၁၉၈၉-ခုနှစ်တွင် ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။ ၂၀၀၁-ခုနှစ်တွင်မူ FATF ၏ လုပ်ငန်းအစီအစဉ်၌ အကြမ်းဖက်အဖွဲ့အစည်းများအား ငွေကြေးထောက်ပံ့နေခြင်းတို့ကို စောင့်ကြည့်ရန် ထပ်မံထည့်သွင်းခဲ့သည်။ 

  
လက်ရှိတရုတ်နိုင်ငံ ဥက္ကဋ္ဌဖြစ်နေသော FATF က စောင့်ကြည့်လျှက်ရှိသည့် နိုင်ငံတကာလုပ်ငန်း ၂၇-ခုတွင် ၅-ခုမှာ ပါကစ္စတန်လိပ်စာဖြင့် ထူထောင်ထားခြင်းဖြစ်သည်။ ၎င်းတို့တွင် “ လက်ရှ်ခါအီးတိုင်ဘာ “ နှင့် “ ဂျာအစ်ရှ်အီးမိုဟာမက် “ ကဲ့သို့ အဖွဲ့အစည်းများလည်း ပါဝင်သည်။ အိန္ဒိယနိုင်ငံအတွင်း အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် မိုဒီအစိုးရက အကြမ်းဖက် အဖွဲ့အစည်းအဖြစ် သတ်မှတ်ထားသည့် အဆိုပါ အသင်းအဖွဲ့များ၏ ငွေကြေးစီးဆင်းမှုကို ပါကစ္စတန် အစိုးရက ထိန်းချုပ်ရမည်ဖြစ်သည်။ ထိုသို့မဟုတ်လျှင် FATF က ပါကစ္စတန်အား လက်ရှိ မီးခိုးရောင်အဆင့်မှ အီရန်နှင့် မြောက်ကိုရီးယားနည်းတူ အမည်းရောင်အဆင့်သို့ ပြောင်းလဲသတ်မည်ဖြစ်ပြီး ကမ္ဘာ့ဘဏ်နှင့် နိုင်ငံတကာငွေကြေးရံပုံငွေအဖွဲ့ကဲ့သို့ အဖွဲ့အစည်းများထံမှ အကူအညီရရှိနိုင်တော့မည်မဟုတ်ချေ။။ FATF ၏ ထုတ်ပြန်သတိပေးချက်နှင့်ပတ်သက်၍ ပါကစ္စတန်အား ကာကွယ်ပြောဆိုကြရာ၌ တူရကီနှင့် မလေးရှားတို့လည်း ပါဝင်ခဲ့ကြသည်။ 


မိုဒီအစိုးရသည် အိန္ဒိယရေတပ်မတော်အတွက် ကူညီလျှက်ရှိသော တူရကီကာကွယ်ရေးဆိုင်ရာ “ အနာဒိုလူ သင်္ဘောကျင်းကုမ္ပဏီ “ ၏ အိန္ဒိယနိုင်ငံအတွင်း လုပ်ငန်းဆောင်ရွက်ခြင်းများအား ရပ်ဆိုင်းပစ်ခြင်းဖြင့် အရေးယူခဲ့ပြီးဖြစ်သည်။ တူရကီကလည်း ပါကစ္စတန်ရေတပ်မတော်အတွက် စစ်သင်္ဘောများ တည်ဆောက်ပေးရန် တရားဝင် ကမ်းလှမ်းခြင်းဖြင့် လက်တုန့်ပြန်ခဲ့သည်။ 

  


(( လွန်ခဲ့သည့် ၂၀၁၃-ခုနှစ်နှင့် ၂၀၁၇ နှစ်ကုန်ပိုင်းတွင် ရခိုင်မြောက်ဖျားအရေးနှင့်ပတ်သက်၍ မြန်မာနိုင်ငံအား ကန့်ကွက်ဝေဖန်ကြရာ မဟာသီယာနှင့် တူရကီခေါင်းဆောင်များလည်းပါဝင်သည်။ အင်ဒိုနီးရှား-မလေးရှားသာမက အရှေ့အလယ်ပိုင်းနိုင်ငံများတွင် လူထုစည်းဝေးပွဲများဖြင့် ကန့်ကွက်ခဲ့ကြသည်။ ထိုစဉ်က ချေချင်းညာကဲ့သို့ ကုန်းတွင်းပိတ်ဖက်ဒရယ်သမ္မတနိုင်ငံငယ်လည်း ပါဝင်ခဲ့ပါ၏။ မြို့တော် ဂရော့ဇနီတွင် သိန်းချီသောလူထုကြီးက စုဝေးခဲ့ကြကြောင်း ပြည်ပသတင်းတစ်ပုဒ်အောက်တွင် မြန်မာနိုင်ငံသို့ ရောက်ဖူးပုံရသော ဥရောပ တိုက် သားတစ်ဦး၏ အင်္ဂလိပ်ဘာသာ Comment ကို ကျွန်တော်မှတ်မိနေသည်။ 


“ သိန်းနှင့်ချီသော လူစုလူဝေးကြီးတွင် မြန်မာနိုင်ငံဆိုသည်မှာ ဘယ်နေရာတွင် ရှိမှန်း သိသူ အလွန်ရှားပါလိမ့်မည်။ သို့သော် ကမ္ဘာတစ်ဝှမ်းမှ ဘီလျှံချီရှိသူတို့ တစ်ညီတစ်ညွတ်တည်း ဆန်းကြယ်စွာ စုဝေးကြခြင်းတွင် အကြောင်းရင်း တစ်ခုတည်းသာရှိသည်ကို ကျန်နိုင်ငံတကာမှ ကျွန်တော်တို့ သတိပြုသင့်လှသည် “ ဟု ဖြစ်ပါသည်။ 


ယခုဤသတင်းရေးနေစဉ် အဆိုပါ Comment ကို ဖတ်မိသူများ၌ နာရင်ဒြာမိုဒီလည်း ပါလောက်သည်ဟု ကျွန်တော် တွေးတောနေမိပါသည်။ အိန္ဒိယနိုင်ငံပညာရေးသည် မြန်မာထက် နှစ် ၂၀ မျှ ရှေ့တွင်ရောက်နေသည်။ ထိုကြောင့် ဘာဘူတို့တွင် “ငါးမျက်လုံးနှင့် နွားဦးနှောက်”များ ရှိပင်ရှိသော်လည်း ကျွန်တော်တို့ ဆီလောက် များမည်မထင်ချေ။ ။ သတင်းဘာသာပြန်သူ )) 

  
((( အောက်တိုဘာ – ၂၀၊ ၂၀၁၉ Times of India., Oct 20, 2019, “Malaysia, Turkey face India’s ire over support to Pakistan on Kashmir.” ကို #HtayOung, #OungMarine ဆီလျှော်အောင် ကောက် နှုတ်ဘာသာပြန်ဆိုသည်။ )))

  
https://timesofindia.indiatimes.com/articleshowprint/71669384.cms 


https://economictimes.indiatimes.com/news/defence/fatf-retains-pakistan-in-grey-list-warns-of-action/articleshow/71647632.cms 

0

Leave a Reply

Your email address will not be published.