ကန့်ကွက်ဆန္ဒပြ အဓိကရုန်းများဖြစ်ပွားနေစဉ် လူမှု့ကွန်ယက်မှ သတင်းတုများကို သတိပြုရှောင်ရှားနိုင်ကြရန် အိန္ဒိယတပ်မတော် သတိပေးချက် ထုတ်ပြန်။

အိန္ဒိယနိုင်ငံသားဥပဒေပြင်ဆင်ချက်ဥပဒေကြမ်း ( CAB ) ပြဋ္ဌာန်းခြင်းအပေါ် ကန့်ကွက်ဆန္ဒပြရာမှ အကြမ်းဖက် အဓိကရုန်းများဖြစ်ပွားနေစဉ် လူမှု့ကွန်ယက်၌ သတင်းတုများ ပြန်နှံ့လျှက်ရှိကြောင်း အိန္ဒိယတပ်မတော်က သတိပေးချက် ထုတ်ပြန်လိုက်သည်ဟု Russia Today က ယနေ့ရေးသားသည်။

စောစောပိုင်း လူမှုကွန်ယက်၌ ပြန်နှံ့လျှက်ရှိသော အာသံပြည်နယ်၌ ကန့်ကွက်ဆန္ဒပြသူများအား လုံခြုံရေးတပ်ဖွဲ့က သေနတ်ဖြင့် ပစ်ခတ်စဉ်ဟု ဖော်ပြထားသည့် ဓါတ်ပုံမှာ အတုဖြစ်ကြောင်း သိရှိရသည်။

စနေနေ့ အိန္ဒိယတပ်မတော်က ၎င်း၏ Twitter စာမျက်နှာတွင် ရေးသားရာ၌ ကန့်ကွက်ဆန္ဒပြမှုများ ဖြစ်ပွားနေသော အာသံပြည်နယ်ရှိ တပ်ဖွဲ့များအား ပြန်ရုတ်သိမ်းပြီးဖြစ်ကြောင်း၊ သို့သော် အန္တရာယ်ကြီးမားသော အကြောင်းအရာများဖြင့် လိမ်လည်ဝါဒဖြန့်ခြင်းများမှာ လူမှု့ကွန်ယက်၌ ပြန့်နှံ့လျှက်ရှိကြောင်း သတိပေးထားသည်ဆို၏။

အာဖဂန်နစ္စတန်၊ ပါကစ္စတန်နှင့် ဘင်္ဂလားဒက်ရှ် အိမ်နီးချင်း မွတ်စလင်သုံးနိုင်ငံတွင် နှိပ်စက်ညှင်းပန်းခံနေရသော လူနည်းစုများဖြစ်သည့် ဟိန္ဒူ-ခရစ်ယာန်-ဆစ်ခ်- ဗုဒ္ဓဘာသာ- ဂျိန်းနှင့် ဇိုရိုအက်စ်တာဘာသာဝင်တို့အား အကာအကွယ်ပေးရန်လိုအပ်ကြောင်း မိုဒီအစိုးရက ပြောဆိုသည်။ သို့သော် အဆိုပါနိုင်ငံများမှ ရွှေ့ပြောင်းဝင်ရောက်လာသူများအား နိုင်ငံသားဖြစ်ခွင့်ပြုရာတွင် အစ္စလာမ်ဘာသာဝင်များ ပါဝင်ခြင်း မရှိချေ။ ထိုအချက်မှာ အာသံပြည်ရှိ မွတ်စလင်များအား ယမ်းပုံ မီးကျ ဖြစ်စေ၍ ကန့်ကွက်ဆန္ဒပြရာမှ အကြမ်းဖက်အဓိကရုန်းများ ဖြစ်ပွားခဲ့ရသည်။

အွန်လိုင်းတွင် ပျံနှံ့လျှက်ရှိသော အာသံပြည်နယ် CAB ဆန့်ကျင်ရေး လက်နက်မဲ့ ဆန္ဒပြသူများအား အိန္ဒိယ လုံခြုံရေးတပ်များက သေနတ်ဖြင့် ပစ်ခတ်နေပုံဆိုသည်မှာ အတုဖြစ်ကြောင်း အိန္ဒိယ Alt News သတင်းဝဘ်ဆိုက် အချက်အလက် စိစစ်သူများက ဖော်ထုတ်ခဲ့ပြီးဖြစ်သည်။ ၎င်းဓါတ်ပုံမူရင်းမှာ ၂၀၁၇-ခုနှစ် ဂျာဟင်းပြည်နယ်ရဲတပ်ဖွဲ့ဝင်များ၏ သဏ္ဍာန်တူ သရုပ်ပြလေ့ကျင့်စဉ် မှတ်တမ်းဗွီဒီယိုမှ ဖြတ်တောက် ဖန်တီးထားခြင်းသာလျှင်ဖြစ်သည်။

အာသံပြည်နယ် CAB ကန့်ကွက်ဆန္ဒပြပွဲများသည် အကြမ်းဖက်အဓိကရုန်းအဖြစ်ပြောင်းလဲသွားပြီး လွန်ခဲ့သည့် ကြာသပတေးနေ့၌ လုံခြုံရေးတပ်ဖွဲ့ဝင်များက သေနတ်ဖြင့် ပစ်ခတ်ကြောင်း သတင်းများထွက်ပေါ်ခဲ့သည်။ ဆေးဝါးကုသ အကူအညီပေးသူများအဆိုအရ လူ ၂-ဦးသေဆုံးပြီး အများအပြားဒါဏ်ရာရရှိကြောင်း ဒေသန္တရမီဒီယာများက ရေးသားခဲ့ကြသည်။

ဝန်ကြီးချုပ်မိုဒီနှင့် ၎င်း၏ အာဏာရ ဘာရတ်တီယာ ဂျာနာတာပါတီကမူ အိန္ဒိယနိုင်ငံသားဥပဒေ ပြင်ဆင်ချက် ဥပဒေကြမ်း ( CAB ) ကို ဆုတ်ကိုင်ထားဆဲဖြစ်သည်။

(( ပါပသ္မိံရမတိမနော “ စိတ်သည် မကောင်းမှု့၌သာမွေ့လျှော်၏ “ ဆိုရိုးစကားရှိပါသည်။ အနိဋ္ဌာရုံ၊ သွေးထွက်သံယို- အဆီအငေါ်မတည့်သည့် သတင်း/ဓါတ်ပုံတို့ကို စိတ်ဝင်စားသူ များပြားလေ့ရှိသည်။ သတင်း- ဓါတ်ပုံ တစ်ခုခုသည် တွင်ကျယ် ပြန့်နှံ့သွားပြီးလျှင် ဖြေဖျောက်ရန် ခဲယဉ်းတတ်သည်။ အမှားသာလျှင် ဖြစ်ကြောင်း သေချာသည့်တိုင် ရှေးဦးစွာ စွဲထင်နေသည့်အတိုင်းလည်း မဖြစ်နိုင်ဖူးလားဟု သံသယဝင်တတ်သည်။

သတင်းမီဒီယာဖွံ့ဖြိုးမှု့ ခေတ်နောက်ကျနေသော ကျွန်တော်တို့နိုင်ငံနှင့် ပတ်သက်၍ သတင်းတု-ဓါတ်ပုံအမှားများ ကမ္ဘ္ဘာပတ်လျှက်ရှိသည်ကို အတော်နောက်ကျပြီးမှ ကျွန်တော်တို့ သိရှိကြသည်။ အမှန်ပြော၍ မည်မျှပင် ချေပစေကာမူ အများယုံကြည်လက်ခံသည်အထိ အတော်ပင် အလှမ်းဝေးနေလိမ့်ဟု တွေးထင်မိပါသည်။

သည်ကြားထဲ ကိုယ့်အချင်းချင်း ထ’ ဖောက်နေလျှင်ကား မဖြစ်နိုင်လောက်အောင် ခဲယဉ်းသွားနိုင်ပါသည်။ ။ သတင်းဘာသာပြန်သူ ))

((( Russia Today., 14 Dec, 2019,” ‘Avoid lies’: Indian Army cautions against fake news on social media amid protests over citizenship bill.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက် နှုတ်ဘာသာပြန်ဆိုသည်။ )))

https://www.rt.com/news/475883-indian-army-fake-news-protests/

#အိန္ဒိယတပ်မတော် #သတင်းအတု

0

Leave a Reply

Your email address will not be published.