ကမ္ဘာတစ်ဝှန်းလုံးရှိ သတ္တဝါများ အစုအပုံလိုက် မျိုးသုဉ်းပျောက်ကွယ်ရခြင်းသည် ကမ္ဘာဂြိုလ်၏ နှစ်ပေါင်း ၂၇ သန်းလျှင်တစ်ကြိမ် နဂါးငွေ့တန်းအတွင်း ပုံမှန်ခရီးနှင်လျှက်ရှိခြင်းနှင့် ဆက်စပ်နိုင် ၊ ဂြိုဟ်သိမ်ဂြိုလ်မွှားများ၏ သက်ရောက်မှုနှင့် မီးတောင်လှုပ်ရှားမှုများ တိုးပွားလာခြင်းတို့နှင့် နီးစပ်စွာ ကိုက်ညီ


ကမ္ဘာ့သမိုင်းတစ်လျှောက် သက်ရှိသတ္တဝါများ အစုလိုက်အပြုံလိုက် မျိုးသုဉ်းပျောက်ကွယ်စေသော ဖြစ်ရပ်များမှာ အကြမ်းအားဖြင့် နှစ်ပေါင်း ၂၇-သန်း ကြာ မြေကမ္ဘာ၏ နဂါးငွေ့တန်းအတွင်း ဂြိုလ်ပတ်လမ်းကြောင်း စက်ဝန်းနှင့် အခြေခံလျှက်ရှိကြောင်း အမေရိကန်နိုင်ငံ နယူးယောက်တက္ကသိုလ်မှ သုတေသီများက ဖော်ထုတ်နိုင်ခဲ့သည်ဟု Russia Today က ယနေ့ရေးသားသည်။ 

ကမ္ဘာဂြိုဟ်၏သမိုင်းတစ်လျှောက်တွင် နို့တိုက်သတ္တဝါများမှ ငှက်များ၊ ကုန်းနေရေနေသတ္တဝါများနှင့် တွားသွားသတ္တဝါများအထိ မြေကမ္ဘာအား အမှီပြု ကျက်စားကြသည့် တိရစ္ဆာန်တို့တွင် အစုအပုံလိုက် မျိုးသုဉ်းသည့် ဖြစ်ရပ်များ အကြိမ်ကြိမ်ဖြစ်ပေါ်ခဲ့ဖူးသည်။ သို့သော် သုတေသီများသည် လွန်ခဲ့သော နှစ်ပေါင်းသန်း ၃၀၀ အတွင်း ပိုမိုကျယ်ပြန့်သော မျိုးသုဉ်းခြင်းဆိုင်ရာ အဖြစ်အပျက် ၁၀ ခုတို့အပေါ် အလေးထားလေ့လာခဲ့ကြခြင်းဖြစ်သည် ဆို၏။ 

၎င်းတို့၏ သုတေသနတွေ့ရှိချက်များအား “ သမိုင်းဆိုင်ရာ ဇီဝဗေဒ “ ဂျာနယ်တွင် ဖော်ပြခဲ့ကြသည်။ အစုလိုက်အပြုံ လိုက်မျိုးသုဉ်းခြင်းဖြစ်ရပ်များသည် ဂြိုဟ်သိမ်ဂြိုလ်မွှားများ၏ သက်ရောက်မှုများနှင့် မီးတောင်လှုပ်ရှားမှုများ တိုးပွားလာခြင်းတို့နှင့် နီးစပ်စွာ ကိုက်ညီလျှက်ရှိသည်ကို တွေ့ရှိကြောင်း ရေးသားထားသည်။ 

အပြင်းစား သက်ရောက်မှုများနှင့် ကမ္ဘာမြေအတွင်းပိုင်း၌ စဉ်ဆက်မပြတ်လှုပ်ရှားဖြစ်ပွားမှုတို့က မီးတောင်ပေါက်ကွဲခြင်း၊ ချော်ရည်များ အန်ထုတ်ခြင်းတို့ကို ဖြစ်ပေါ်စေကြောင်း၊ အဆိုပါဖြစ်စဉ်မျိုးသည် နှစ်ပေါင်း ၂၇-သန်းကြာတိုင်း အစုအပုံလိုက် မျိုးသုဉ်းခြင်းနှင့် စည်းချက်ကျကျ ကိုက်ညီလျှက်ရှိကြောင်း၊ နဂါးငွေ့တန်းအတွင်း  မြေကမ္ဘာ၏ ဂြိုလ်ပတ်လမ်းကြောင်းကြောင့် ဖြစ်ဟန်တူကြောင်း သုတေသနအဖွဲ့ခေါင်းဆောင် နယူယောက်တက္ကသိုလ်၊ င်္ဇီဝဗေဒပါမောက္ခ မိုက်ကယ်ရမ်ပီနိုက ပြောဆိုသည်။ 

သိပ္ပံပညာရှင်များ အနေဖြင့် လွန်ခဲ့သောနှစ်ပေါင်း ၆၆ သန်းခန့်က ဖြစ်ပွားခဲ့သည့် အစုလိုက်အပြုံလိုက် မျိုးသုဉ်းခြင်းဆိုင်ရာဖြစ်ရပ်များကို အချိန်ယူလေ့လာခဲ့ကြရာ ထိုကာလအတွင်း သက်ရှိမျိုးစိတ် ၇၀ ရာခိုင်နှုန်းခန့်မှာ ဤကမ္ဘာမြေပြင်မှ အပြီးတိုင် ပျောက်ကွယ်သွားခဲ့ကြောင်း တွေ့ရှိရသည်။ အလားတူ အစုလိုက်အပြုံလိုက် မျိုးသုဉ်းခြင်းမျိုးသည် ကမ္ဘာ့သမုဒ္ဒရာများ၌လည်း တိုတောင်း ညင်သာသည့်ပုံစံဖြင့် ဖြစ်ပွားသည်။ 

ရမ်ပီနိုနှင့် သူ၏လုပ်ဖော်ကိုင်ဖက်တို့သည် ကျောက်ဖြစ်ရုပ်ကြွင်းဆိုင်ရာအချက်အလက်များကို စူးစမ်းလေ့လာခြင်းအားဖြင့် ကုန်းတွင်းပိုင်းနှင့် ပင်လယ်များ၌ အစုလိုက်အပြုံလိုက်မျိုးသုဉ်းခြင်းဖြစ်ရပ်များအကြား ခိုင်မာသည့် ဆက်နွယ်မှုရှိသည်ကို တွေ့ရှိကြရသည်။ ကုန်းမြေပေါ်၌ မျိုးသုဉ်းခြင်းဖြစ်ရပ်များသည် နှစ် ၂၇.၅ သန်းလျှင် တစ်ကြိမ်ကျ ဖြစ်ပွားလျှက်ရှိပြီး၊ သမုဒ္ဒရာများ၌မူ နှစ် ၂၆ သန်းလျှင် တစ်ကြိမ် သံသရာလည်လျှက် ဖြစ်ပေါ်ခဲ့သည်။

ဂြိုဟ်သိမ်ဂြိုဟ်မွှားများနှင့် ကြယ်တံခွန်တို့၏ ကမ္ဘာအပေါ် ရိုက်ခတ်မှုလည်း နှစ်ပေါင်း ၂၆ သန်းမှ သန်း-၃၀ လျှင် တစ်ကြိမ်ကျ မျိုးသုဉ်းခြင်းနှင့် လိုက်ဖက်သောပုံစံအတိုင်း ဖြစ်ပေါ်ခဲ့သည်။ ကမ္ဘာအပါအဝင် နေမိသားစုသည် ထူထဲသော နဂါးငွေ့တန်းအလယ်ပိုင်းအား ဖြတ်သန်းသွားစဉ် ပုံမှန်ထက်ပိုမို ဆိုးရွားသော ကော့စမစ်ရောင်ခြည်ဒဏ် သင့်၍ တစ်စစပျက်စီးသေဆုံးမှု ကြီးမားစွာ ဖြစ်စေနိုင်ကြောင်း နက္ခတ္တ ရူပဗေဒပညာရှင်များ က ယူဆသည်။ 

အဆိုပါ အချိန်ကာလများတွင် ကြယ်တံခွန်များသည်လည်း မကြာခဏ အကြိမ်ကြိမ် ဖြစ်ပေါ်လာတတ်ပြီး ကမ္ဘာမြေအပေါ် ဒဏ်သက်ရောက်မှု ဖြစ်နိုင်ခြေကို တိုးမြင့်စေသည်။ အပြန်အလှန်အားဖြင့် ထူထဲသည့် ဖုန်မှုန့်တိမ်တိုက်များကြောင့် ဖြစ်ပေါ်လာသောအမှောင်နှင့် အအေးပိုသည့် ကာလများဖြစ်ပေါ်လာစေသည့်အပြင် သက်ရှိဖြစ်တည်မှုကို ခြိမ်းခြောက်သည့် အခြားတောမီးလောင်ခြင်းများ၊ အက်စစ်မိုးရွာသွန်းခြင်း၊ အိုဇုန်းလွှာ လျော့နည်းလာခြင်းနှင့် သမုဒ္ဒရာတို့၌ အက်စစ်ဓါတ်လွန်ကဲခြင်းတို့ ဖြစ်ပေါ်စေသည်။

အမှန်စင်စစ် လွန်ခဲ့သည့် နှစ်သန်းပေါင်း ၂၅၀ အတွင်း အကြီးမားဆုံးသက်ရောက်မှု ၃ ကြိမ်ဖြစ်ပွားခြင်းနှင့်အတူ ကမ္ဘာကြီးတွင် သဘာဝဘေးဒဏ်သင့်ခြင်း ၃-ကြိမ်ဖြစ်ပွားခဲ့ပြီး တစ်ခုချင်းစီတွင် သက်ရှိမျိုးစိတ်တို့အား အစုအပုံလိုက် ပျက်သုဉ်းစေပြီးဖြစ်သည်ဟု ရမ်ပီယိုက ဆိုပါသည်။ 

အစုလိုက်အပြုံလိုက်သေကျေပျက်စီးမှု ၈-ခုတို့ကို သုတေသီများက အသေးစိတ်လေ့လာခဲ့ရာတွင် မီးတောင်ပေါက်ကွဲခြင်း ချော်ရည်များ အန်ထုတ်ခြင်းတို့နှင့်လည်း တိုက်ဆိုင်နေသည်။ ၎င်းမှာ ကမ္ဘာလည်ပတ်မှုကြောင့် နေရာအနှံ့ဖုံးလွှမ်းသွားပြီး သက်ရှိအမျိုးမျိုးအတွက် အဆိပ်အတောက်ဖြစ်စေသော ဖန်လုံအိမ်အာနိသင်ကို တိုးမြင့်လာစေသည်။ သမုဒ္ဒရာများတွင်လည်း အောက်စီဂျင်ပါဝင်မှု လျော့ကျ၍ အက်စစ်ဓာတ်ကို တိုးမြှင့်ပေး လိုက်သလို ဖြစ်ရသည်ဆို၏။ 

#နှစ်၂၇-သန်းလျှင်တစ်ကြိမ်_#ကမ္ဘာ့သက်ရှိများအစုအပုံလိုက်မျိုးသုဉ်းပျောက်ကွယ်

https://www.rt.com/news/509351-mass-extinction-regular-cycle-milky-way/ 
https://www.rt.com/news/509282-celestial-highway-solar-system/ 
https://www.rt.com/news/508880-asteroids-inbound-hayabusa-probe-returns/ 

Leave a Reply

Your email address will not be published.