ကမ္ဘာ့ကပ်ရောဂါဖြစ်လာသည့် ကိုရိုနာဗိုင်းရပ်စ်စွဲရောဂါမှာ ဆယ်နှစ်ခန့်စောသည့် ဟောလိဝုဒ် သည်းထိတ်ရင်ဖို စိတ်ကူးယဉ်သိပ္ပံဇာတ်ကား “ Contagion “ နှင့် ထူးခြားစွာတိုက်ဆိုင်

၂၀၁၁-ခုနှစ်၌ ဖြန့်ချီခဲ့သည့် ဟောလိဝုဒ်ရုပ်ရှင်ဇာတ်ကားတစ်ကားမှာ ယနေ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံနှံ့ပုံနှင့် အံ့သြဖွယ်တိုက်ဆိုင်လျှက်ရှိသည်ဟု Dhaka Tribune က ယမန်နေ့ရေးသားသည်။

“ Contagion “ ( ရောဂါကူးစက်ခြင်း ) အမည်ရှိ အဆိုပါသည်းထိတ်ရင်ဖို စိတ်ကူးယဉ်သိပ္ပံဇာတ်ကားသည် ထိုစဉ်က အောင်မြင်မှုအသင့်အတင့်သာ ရရှိခဲ့သော်လည်း ယခုအခါ နိုင်ငံတကာ၌ ခြောက်လှန့်လျှက်ရှိသည့် Covid-19 ကိုရိုနာဗိုင်းရပ်စ် စွဲရောဂါဖြစ်ပွားပုံနှင့် တိုက်ဆိုင်နေပုံမှာ ထူးခြားလှသဖြင့် လူအများ အလုအယက် ပြန်လည်ကြည့်ရှုနေကြသည်ဆို၏။

“ Contagion “ တွင် ဗိုင်းရပ်စ်ပိုးမှာ တရုတ်နိုင်ငံမှ စတင်ဖြစ်ပွားပြီး သက်မဲ့အရာဝတ္ထုများမှတစ်ဆင့် လူ-လူချင်း ရောဂါကူးစက်ပုံနှင့် ကမ္ဘာအရပ်ရပ်သို့ ကပ်ရောဂါအသွင် ကျရောက်လာပုံ၊ ပညာရှင်များက ရပ်တန့်ရန် ကြိုးစား ကြပုံတို့ကို ဇာတ်လမ်းဆင်ရိုက်ကူးထားသည်။ မြန်မာသိ မင်းသား မက်ဒါမွန် (Saving Private Ryan ) ဂျူဒီ လော ( Enemy at the Gates ) နှင့် မင်းသမီး ကိတ်ဝင်းစ်လက် ( Titanic ) တို့က အထူးသရုပ်ဆောင် ထားကြသည်။

ဝါနာဘရားသားကုမ္ပဏီမှ ထုတ်လုပ်ပြီး ထိုစဉ်က လူကြိုက်များမှု အဆင့် ၆၁ ၌သာ ရပ်တည်ခဲ့သည်။ တရုတ် နိုင်ငံ ဝူဟန်မြို့မှ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပြန့်ပွားသည့်အခါ  “ Contagion “ အမည်မှာ Google search list တွင် ရှာဖွေခံရဆုံး ရုပ်ရှင်ဖြစ်လာခဲ့သည်။ နိုင်ငံတကာ ထိပ်တန်းလူကြိုက်များရုပ်ရှင်များအနက် အဆင့် ၂၇၀ ဖြစ်လာသည်။ US Apple iTunes Store မှ downloaded အဆွဲခံရဆုံး ရုပ်ရှင်များအနက် အဆင့် ၈ တွင် ၃-လကြာရပ်တည်ပြီး ၎င်း၏ရှေ့တွင် ဟယ်ရီပေါ်တာ ဇာတ်လမ်းတွဲများသာ ရှိတော့ကြောင်း သိရှိရသည်။

(( ကျွန်တော်တို့ဆီတွင် ဝူဟန်ကိုရိုနာဗိုင်းရပ်စ်အဖြစ်လူသိများသော ကူးစက်ရောဂါနှင့်ပတ်သက်၍ ုဖြစ်စဉ်အား ကြိုတင်သိမြင်သည့်အလား ရုပ်ရှင်-ဝတ္ထုများ ပေါ်ထွက်ခဲ့ဖူးသည်။  “ Contagion “ ရုပ်ရှင်မှာ ၁၀ နှစ်မျှစော သည်ဟု ဆိုရပါမည်။

ဝတ္ထုအနေဖြင့် ရေးသားခဲ့သူမှာ အမေရိကန် လျှို့ဝှက်သည်းဖိုစာရေးဆရာ Dean Koontz ဒင်းကူးန်စ်ဖြစ်သည်။ ၁၉၈၁- ခုနှစ်တွင် ဒင်းကူးန်စ်က The Eyes of Darkness “ မဟူရာမျက်လုံး “ သည်းထိတ်ရင်ဖိုဝတ္တုအဖြစ် ရေးသားထားခြင်းဖြစ်ပြီး ၃၈-နှစ်စောနေပါသည်။ ကူးန်စ်၏ ဝတ္တုတွင် ဗိုင်းရပ်စ်အမည်သည် Wuhan – 400 “ ဝူဟန်-၄၀၀ “ ဟူ၍ဖြစ်ပြီး တရုတ်နိုင်ငံ ဝူဟန်မြို့ကို ဇာတ်အိမ်တည်ထားကြောင်း အံံသြဖွယ် တိုက်ဆိုင် လျှက်ရှိသည်။

ဝတ္ထုတွင် တရုတ်ဇီဝအင်ဂျင်နီယာတစ်ဦး၏ ဝူဟန်မြို့ပြင် Ribosomal DNA (rDNA) ရိုင်ဗိုဆိုမယ် ဒီအင်အေ အဏုဇီဝဗိသုကာ စစ်ဖက်သုတေသနစခန်းတွင် “ ဝူဟန် -၄၀၀ “ ဗိုင်းရပ်စ်ကို ဖန်တီးပုံမှ အခြေခံထားသည်။  

လတ်တလော နိုင်ငံတကာကပ်ရောဂါဖြစ်လာခြင်းနှင့် အဆိုပါ “ မဟူရာမျက်လုံး “  ဝတ္တုတို့ ထူးဆန်းစွာ တိုက်ဆိုင်ပုံကို “ ဝူဟန်ကိုရိုနာဗိုင်းရပ်စ်နှင့်ထူးဆန်းသောတိုက်ဆိုင်မှု၊ ဇီဝလက်နက်တကယ်ကြီးလား “ အမည်ဖြင့် အသေးစိတ် ရေးသားထားရာ ယခုလထုတ် အကုန်သိမဂ္ဂဇင်းက မျက်နှာဖုံးဆောင်းပါးအဖြစ် ဖော်ပြထားပါသည်။   ။ သတင်းဘာသာပြန်သူ ))

 ((( Dhaka Tribune., 11 Mar, 2020,” Coronavirus predicted in movie ten years ago?.” ကို #HtayOung,#OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ )))

#ကိုရိုနာဗိုင်းရပ်စ်ဆယ်နှစ်ခန့်စော၍ ထူးခြားစွာတိုက်ဆိုင်  # ဝူဟန်ကိုရိုနာဗိုင်းရပ်စ်နှင့်ထူးဆန်းသောတိုက်ဆိုင်မှု၊ #ဇီဝလက်နက်တကယ်ကြီးလား

https://www.dhakatribune.com/around-the-web/2020/03/11/coronavirus-predicted-in-movie-ten-years-ago

0

Leave a Reply

Your email address will not be published.