ကမ္ဘာ့အပြင်းထန်ဆုံး ပေါက်ကွဲမှု သမိုင်းဝင် အင်ဒိုနီးရှား ကရာကာတိုအာ မီးတောင်ကြီးမှ ပြာပူနှင့် ချော်ရည်များ မှုတ်ထုတ်နေ။ ဒုတိယကမ္ဘာ စစ်ဟီရိုရှီးမား နျူကလီယာပေါက်ကွဲအားထက် အဆပေါင်း ၁၃,၀၀၀ ပိုမိုပြင်းထန်စွာ ပေါက်ကွဲခဲ့ဖူး။

အင်ဒိုနီးရှားနိုင်ငံရှိ ကရာကာတိုအာ မီးတောင်သည် ပြာပူနှင့် ချော်ရည်များကို လေထုအတွင်း မှုတ်ထုတ်လျှက်ရှိရာ ဆူနာမီရေလှိုင်းကြောင့် လူပေါင်း ၄၀၀ သေဆုံးခဲ့ရသည့် ၂၀၁၈- ခုနှစ် နောက်ပိုင်း မီးတောင်ကြီး၏ နောက်ဆုံးလှုပ်ရှားမှုဖြစ်သည်ဟု Russia Today က ယနေ့ရေးသားသည်။

အင်ဒိုနီးရှား အာဏာပိုင်များ အဆိုအရ တောင်ထိပ်တွင်ဖြစ်ပွားသော မြေငလျင်လှုပ်ခတ်မှုမှာ သောကြာနေ့ ညနှောင်းပိုင်းမှစတင်၍ စနေနေ့နံနက်အထိဖြစ်ကြောင်း သိရှိရသည်။


မီးတောင်ကြီးမှ အနက်ရောင်ပြာပူများကို လေထုအတွင်း ထူထဲသောတိမ်ထုဖွယ် မှုတ်ထုတ်လျှက်ရှိရာ ပင်လယ်ရေမျက်နှာပြင်အထက် အနည်းဆုံး ၂,၁၅၅ ပေခန့်အထိ မြင့်တက်ခဲ့ကြောင်း ဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်။ ထိုအတွက် လိမ္မော်ရောင်အဆင့်သတိပေးချက် ထုတ်ပြန်ထားပြီး မီးတောင်နှင့် ပတ်သက်၍ ဒုတိယအမြင့်ဆုံး လေကြောင်းဆိုင်ရာ သတိပေးချက်ဖြစ်သည်။


ကမ္ဘာတဝှမ်းမီးတောင်လှုပ်ရှားမှုများကိုခြေရာခံသည့် VolcanoDiscovery.com ၏ ခန့်မှန်းတွက်ချက်မှုအရ ကရာကာတိုအာသည် “အပြင်းထန်ဆုံးမီးတောင်ပေါက်ကွဲမှုအဆင့်” သို့ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ၌ စတင်ရောက်ရှိခဲ့သည်။ ထိုစဉ်က မီးတောင်၏တစ်စိတ်တစ်ပိုင်းပြိုကျခြင်းကြောင့် ဆူနာမီရေလှိုင်းများဖြစ်ပေါ်သဖြင့် လူ ၄၀၀ ကျော်သေဆုံးပြီး ၄၀,၀၀၀ ကျော်အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည်။

အင်ဒိုနီးရှားနိုင်ငံ ဂျာဗားကျွန်း လန်ပန်းပြည်နယ်နှင့် ဆူမားတြားကျွန်းအကြား ဆွန်ဒါရေလက်ကြားရှိ ကရာကာတိုအာသည် လူ့သမိုင်းတွင် အပြင်းထန်ဆုံးနှင့် အဆိုးရွားဆုံး မီးတောင်ပေါက်ကွဲမှုကြောင့် နိုင်ငံတကာ ထင်ရှားကျော်ကြားသည်။

၁၈၈၃ ခုနှစ်သြဂုတ်လ ၂၆-၂၇ ရက်များတွင် ဆက်တိုက် ဖြစ်ပွားခဲ့သော ပြင်းထန်သည့် မီးတောင်ပေါက်ကွဲသံကို မိုင် ၂,၂၀၀ အကွာအဝေးရှိ သြစတေးလျနှင့် အိန္ဒိယသမုဒ္ဒရာအတွင်း မိုင် ၃,၀၀၀ နီးပါး အကွာအဝေးရှိ မော်ရေးရှားကျွန်းမှပင် ကြားကြရသည်။ ယမ်းအား ၂၀၀ မီဂါတန်နှင့် ညီမျှသော ပေါက်ကွဲမှုမှာ ဒုတိယကမ္ဘာစစ် ဟီရိုရှီးမားကို ဖျက်ဆီးခဲ့သော နျူကလီယာပေါက်ကွဲအားထက် အဆပေါင်း ၁၃,၀၀၀ ပိုမိုပြင်းထန်ခဲ့သည်။

ခန့်မှန်းခြေအားဖြင့် ၆ ကုဗမိုင် ထုထည်ရှိသော ကျောက်တုံးကို ထုတ်လွှတ်ခဲ့သည်။ မီးတောင်ပတ်လည်ရှိ အနီးရှိရွာပေါင်း ၁၆၅ ရွာ ထိခိုက်ခဲ့ရာ ၁၃၂ ရွာမှာအကြီးအကျယ်ပျက်စီးခဲ့သည်။ အနည်းဆုံးလူပေါင်း ၃၆,၄၁၇ ဦး သေဆုံးပြီး ထောင်ပေါင်းများစွာဒဏ်ရာရခဲ့ရာ အများစုမှာပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ဆူနာမီရေလှိုင်းလုံးaကြာင့်ဖြစ်သည်။ မီးတောင်ပေါက်ကွဲမှုသည် ကရာကွာတေးကျွန်း၏သုံးပုံနှစ်ပုံကိုဖျက်ဆီးခဲ့ပြီး ပေါက်ကွဲမှုအကျိုးသက်ရောက်ခြင်းကို ကမ္ဘာအနှံ့ရက်သတ္တချီ၍ ကြာမြင့်စွာ ခံစားခဲ့ရသည်။

ယခုလက်ရှိမီးတောင်မှာ ၁၉၂၇ ခုနှစ်၌ ဒေသအတွင်းပေါက်ကွဲမှုများဖြစ်ပွားခဲ့ပြီး နောက် ပေါ်ပေါက်လာသော အန်နက်ကရာကာတိုအာ Krakatoa Child “ ကရာကာတိုအာ၏ကလေး” ဖြစ်သည်။


၂၀၁၁ ခုနှစ်၊ ၂၀၁၀၊ ၂၀၁၁ နှင့် ၂၀၁၂ ခုနှစ်တို့တွင် အချိန်ကာလကြာမြင့်စွာပေါက်ကွဲခြင်းများဖြစ်ပေါ်ခဲ့ပြီး ၂၀၁၈ ခုနှစ်တွင် မီးတောင်၏ အဓိကအစိတ်အပိုင်းများပြိုကျခြင်းတို့ ဆက်တိုက်ဖြစ်ပွားခဲ့သည်။

((( Russia Today., 11 Apr, 2020,” WATCH Indonesia’s Krakatoa volcano send HUGE plumes of lava & ash in the air.” ကို #HtayOung, #OungMarine ဆီလျော်အာင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ )))


#အင်ဒိုနီးရှားကရာကာတိုအာမီးတောင်မှချော်ရည်နှင်ပြာပူများမှုတ်ထုတ်နေ

0

Leave a Reply

Your email address will not be published.