ကမ္ဘာ့ တောင်နှင့်မြောက်ဝင်ရိုးစွန်းတို့ ပြောင်းပြန်ဖြစ်တော့မည်လား။ ကမ္ဘာ့သံလိုက်စက်ကွင်းများ မတည်ငြိမ်မှု မျှော်လင့်သည်ထက် ၁၀-ဆယ်ပိုမြန်နေ။ သက်ရှိများအပေါ် အကျိုးသက်ရောက်မှု အတိအကျမသိရသေးဟု ဆို

နေလုံးကြီးမှ လွင့်ထွက်လာသော ဆိုလာ မီးလျှံများဖျက်ဆီးမှုမှ ကျွန်ုပ်တို့ကမ္ဘာကြီးအား အကာအကွယ်ပေးနေသည့် ကမ္ဘာ့သံလိုက်စက်ကွင်း၏ မတည်မငြိမ်ဖြစ်မှုမှာ ပုံမှန်ထက် ၁၀-ဆပို၍ မြန်ဆန်လျှက်ရှိကြောင်း အမေရိကန်နှင့် ဗြိတိန်သိပ္ပံပညာရှင်တို့က တွေ့ရှိသည်ဟု Russia Today က ယနေ့ရေးသားသည်။

ကမ္ဘာ့အတွင်းပိုင်း မိုင် ၂,၀၀၀ ခန့်အနက်တွင် တည်ရှိနေပြီး ကမ္ဘာ့ ဘူမိသံလိုက်စက်ကွင်းပြောင်းလဲမှု ဖြစ်ပေါ်စေသည့် သံအရည်များ လှုပ်ရှားမှုကို လေ့လာရာမှ အဆိုပါအချက်ကို တွေ့ရှိကြခြင်းဖြစ်သည်။ ကမ္ဘာ့အတွင်းပိုင်း အရည်ပျော်သတ္ထုအူတိုင်၏ အပြင်ဘက်အလွှာသည် ကမ္ဘာဂြိုဟ်၌ သံလိုက်စက်ကွင်းဆောင် လျှပ်စစ်စီးကြောင်းများကို ဖန်တီးပေးသည်။

သံလိုက်စက်ကွင်းသည် ကမ္ဘာပေါ်တွင် ရေကြောင်းနှင့် လေကြောင်းခရီးသွားလာမှုအတွက် အသုံးဝင်ယုံမက အာကာသတွင် ဖြာထွက်လျှက်ရှိသည့် ဓါတ်ရောင်ခြည်များအား အကာအကွယ်ပေးသဖြင့် သက်ရှိများအတွက် အလွန်အရေးကြီးသည်။

ကမ္ဘာ့သံလိုက်စက်ကွင်းနှင့် ပတ်သက်၍ ကျွန်ုပ်တို့၏ ယခင်အသေးစိတ်သိရှိထားသည်များတွင် မှားယွင်းချက်များ ပါဝင်နေကြောင်း၊ သံလိုက်စက်ကွင်းပြောင်းလဲမှုမှာ ယခင်မှတ်တမ်းတင်ခဲ့သည့် အမြန်နှုန်းထက် ၁၀ ဆ ပိုမြန်ဆန်ကြောင်း သုတေသီများက Nature Communication တွင် ရေးသားသည်။

လွန်ခဲ့သည့် နှစ်ပေါင်း ၁ သိန်းခန့်က ကမ္ဘာမြေသံလိုက်စက်ကွင်းတည်ရှိနေပုံကို ကွန်ပျူတာပုံစံတူများ အကူအညီဖြင့် အသေးစိတ်လေ့လာရာမှ အဆိုပါ ပြောင်းလဲမှုကို တွေ့ရှိရခြင်းဖြစ်ကြောင်း၊ ကမ္ဘာ့သံလိုက်စက်ကွင်းပြောင်းလဲမှုမှာ လွန်ခဲ့သည့် ၃၉၀,၀၀၀ နှစ်ခန့်တွင် သိသာလာခဲ့ကြောင်း၊ နှစ်စဉ် ၂.၅ ဒီဂရီနှုန်းခန့် ပြောင်းလဲနေရာမှ ပိုမိုမြန်ဆန်လာခြင်းဖြစ်ကြောင်း၊

လွန်ခဲ့သည့် နှစ်ပေါင်း ၄၁,၀၀၀ ခန့်တွင် ကမ္ဘာ့တောင်နှင့်မြောက် သံလိုက်ဝင်ရိုးစွန်း ပြောင်းပြန်ဖြစ်မှုကို ကာလတို ကြုံတွေ့ခဲ့ရကြောင်း၊ လွန်ခဲ့သည့် နှစ်ပေါင်း ၄.၅ ဘီလျှံခန့်က စတင်ဖြစ်ပေါ်ခဲ့သည့် ကျွန်ုပ်တို့ ကမ္ဘာကြီး၏ သက်တမ်းတစ်လျှောက်၌ တောင်နှင့်မြောက် သံလိုက်ဝင်ရိုးစွန်း ပြောင်းပြန်ဖြစ်မှုများ အကြိမ်ကြိမ် ကြုံတွေ့ခဲ့ရဖူးပြီး ကမ္ဘာ့အတွင်းပိုင်းရှိ အလွန်ရှေးကျသော အရည်ပျော် ကျောက်နှင့် သတ္ထုတို့၏ မတူညီသော အစွန်းနှစ်ဖက်ကွဲခြင်းကြောင့် ဖြစ်ကြောင်း သိရှိရသည်။

ထိုကဲ့သို့သော တောင်နှင့်မြောက် သံလိုက်ဝင်ရိုးစွန်း ပြောင်းပြန်ဖြစ်မှုနှင့် လူသားများအပေါ် အကျိုးသက်ရောက်မှုကို အသေးစိတ်မသိရှိရသေးချေ။ ယေဘုယျအားဖြင့် လက်ရှိရေကြောင်းသုံး သံလိုက်အိမ်မြှောင်တို့တွင် မြောက်ဝင်ရိုးစွန်းအဖြစ် ညွှန့်ပြရာအရပ်မှာ တောင်ဝင်ရိုးစွန်း ဖြစ်နေလိမ့်မည်ဆို၏။ ယခုကဲ့သို့သော လျင်မြန်သောပြောင်းလဲမှုများသည် ဒေသဆိုင်ရာသံလိုက်စက်ကွင်းနှင့် ဆက်စပ်နေသဖြင့် ထိုအချိန်နှင့် နေရာများအတွင်း အာကာသမှ ရေဒီယိုသတ္တိကြွဒြပ်စင်အမှုန်များကို တားဆီးရာတွင် ပိုမိုအားနည်းသွားစေနိုင်သည်။

လွန်ခဲ့သောရာစုနှစ်အတွင်းကမ္ဘာမြေ၏သံလိုက်စက်ကွင်းပြင်းအားသည် ၁၀ ရာခိုင်နှုန်း လျော့ကျသွားခဲ့သည်။ အထူးသဖြင့်အာဖရိကနှင့်တောင်အမေရိကတို့အကြား အတ္တလန္တိတ်သမုဒ္ဒရာအတွင်း၌ အားနည်းချက်သိသာခဲ့သည်။

” တောင်အတ္တလန္တိတ်မူမမှန်မှု “ ဟု လူသိများသောဧရိယာသည ် ကမ္ဘာပတ်လမ်းကြောင်းတွင် လွှတ်တင်ထားသည့် ဂြိုလ်တုများအတွက် နည်းပညာဆိုင်ရာ အခက်အခဲဖြစ်စေကြောင်း သိရှိခဲ့ကြပြီး ဘူမိသံလိုက်စက်ကွင်း ပြောင်းပြန်ဖြစ်မှု လက္ခဏာဖြစ်ကြောင်း သိပ္ပံပညာရှင်အချို့က မှတ်ယူခဲ့ကြသည်။

မည်သို့ပင်ဖြစ်စေ ဘူမိဗေဒအားဖြင့်ကမ္ဘာမြေ၏သံလိုက်စက်ကွင်းကို နားလည်ရန်မှာအလွန်ရှုပ်ထွေးပါသည်။ ကမ္ဘာ့သံလိုက်စက်ကွင်းနှင့်ပတ်သက်၍ လွန်ခဲ့သည့် အနှစ် ၄၀၀ မတိုင်မီက အပြည့်အစုံမသိရှိခဲ့ကြချေ။ ယခုကဲ့သို့ အလျင်အမြန်ပြောင်းလဲမှုများအတွက် ကမ္ဘာ့အတွင်းပိုင်း အရည်ပျော်ဗဟို၏ သဘာဝနှင့်ပတ်သက်၍ အရေးတကြီး လေ့လာရန် အချက်အလက်များစွာ လိုအပ်လျှက်ရှိနေသေးသည်။


(( သံလိုက်အိမ်မြှောင်အား ရေကြောင်း- လေကြောင်း လမ်းညွှန်အဖြစ် အသုံးပြုကြသည့် ကျွန်ုပ်တို့ကမ္ဘာကြီးတွင် “ ပကတိဘူမိမြောက်အရပ်” နှင့် “ သံလိုက်မြောက်အရပ်မှာ “ မှာ တစ်ထပ်တည်း မတူကြပါ။

ပကတိမြောက်အရပ်မှာ အကြမ်းအားဖြင့် ဓူဝံကြယ်တည့်တည့်ရှိရာ အရပ်ဖြစ်သည်။ သံလိုက်အိမ်မြှောင်အသုံးပြု၍ ကမ္ဘာ့မြောက်ဝင်စွန်း တည့်တည့်သို့ သွားခဲ့လျှင် အတိအကျရောက်ရှိမည်မဟုတ်ပဲ မြောက်ဝင်စွန်းမှ ရေမိုင် ၂၁၂-မိုင်ခန့် ( ၂၀၁၉-ခုနှစ် ) အကွာ ကနေဒါနိုင်ငံ အရှေ့ဖက်သို့ ရောက်ရှိသွားမည်ဖြစ်သည်။

လွန်ခဲ့သော နှစ်အနည်းငယ်ခန့်တွင် “ Gyroscope ဂျိုင်ရိုစကုပ် “ ကို တီထွင်၍ ပကတိမြောက်အရပ်ကို အတိအကျ သိရှိနိုင်ပြီဖြစ်သည်။ ဂျိုင်ရိုစကုပ်သဘောတရားကို ၁၈-ရာစုနှစ်ကတည်းက နားလည်ခဲ့ကြ သော်လည်း ၂၀-ရာစု အလယ်ပိုင်းအထိ စစ်ရေးသုံး လျှို့ဝှက်ကိရိယာဖြစ်ခဲ့သည်။ ၁၉၈၂-ခုနှစ်ရောက်မှသာ လက်ရှိအမြောက်အများ အသုံးပြုနေသော ဂျိုင်ရိုစကုပ်ကို စိတ်ချလက်ချ အတည်ပြုနိုင်ခဲ့သည်။

ထိုစဉ်အတောအတွင်း စမ်းသပ်စ ဂျိုင်ရိုစကုတ်အသုံးပြု၍ ရာသီဥတုပြင်းထန်ပြီး လူသူအရောက်အပေါက်မရှိသော ရေခဲကန္တာရကြီးအလယ် ကမ္ဘာ့မြောက်အရပ်တည့်တည့်သို့ အရောက်သွားရန်မှာ အခြားဂြိုဟ်ကမ္ဘာသို့ သွားရသည့်အလား အလွန်အန္တရာယ်များသည့် စွန့်စားမှုများ ဖြစ်ခဲ့ရသည်။ ။ သတင်းဘာသာပြန်သူ )))


((( Russia Today., 6 Jul, 2020, “Are the poles reversing? Earth’s magnetic field 10 times more volatile than expected.” ကို #HtayOung, #OungMarine ဆီလျော်အာင် ကောက်နှုတ်ဘာသာ ပြန်ဆိုသည်။ )))

#ကမ္ဘာ့တောင်နှင့်မြောက်ဝင်ရိုးစွန်းတို့_ပြောင်းပြန်ဖြစ်တော့မည်လား။ #ကမ္ဘာ့သံလိုက်စက်ကွင်းများ_ မတည်ငြိမ်မှု_မျှော်လင့်သည်ထက်_၁၀-ဆယ်ပိုမြန်နေ။

https://www.rt.com/news/493951-earth-magnetic-poles-reverse/

https://www.rt.com/news/489746-earths-magnetic-field-weakening-splitting/

https://www.rt.com/news/478913-earths-oldest-asteroid-crater-discovered/

https://www.scientificamerican.com/article/is-it-true-that-the-stren/

http://www.theairlinepilots.com/forum/viewtopic.php?t=677

1+

One Reply to “ကမ္ဘာ့ တောင်နှင့်မြောက်ဝင်ရိုးစွန်းတို့ ပြောင်းပြန်ဖြစ်တော့မည်လား။ ကမ္ဘာ့သံလိုက်စက်ကွင်းများ မတည်ငြိမ်မှု မျှော်လင့်သည်ထက် ၁၀-ဆယ်ပိုမြန်နေ။ သက်ရှိများအပေါ် အကျိုးသက်ရောက်မှု အတိအကျမသိရသေးဟု ဆို”

Leave a Reply

Your email address will not be published.