ကမ္ဘာကြီး ပူနွေးလာမှုမှာ ဗိုင်းရပ်စ်များကို သုတ်သင်ရာ၌ ခက်ခဲစေနိုင်ကြောင်း လေ့လာတွေ့ရှိ။ ကလိုရင်းကဲ့သို့ ပိုးသတ်ဆေးများကို ပိုမိုခံနိုင်ရည်ရှိလာ။ ရာသီဥတု အလွန်အမင်း ပြင်းထန်လာခြင်းနှင့်အတူ အထူးသဖြင့် အပူပိုင်းဒေသနိုင်ငံများတွင် ရောဂါများကို ပိုမိုဆိုးရွားစေနိုင်

ကမ္ဘာကြီး ပူနွေးလာမှုသည် အပူပိုင်းဒေသများတွင် သောက်ရေသုံးရေတို့၏ အဏုဇီဝရုပ်များ ပါဝင်မှု အရည်အသွေးကို ပိုမိုဆိုးရွားလာစေကြောင်း၊ လူအများအား သေစေနိုင်သည့် ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်သောရောဂါများကို အားပေးကူညီလျှက်ရှိခြင်းဖြင့် လူသားများအား ခြိမ်းခြောက်လျှက်ရှိကြောင်း ဆွစ်ဇာလန်သိပ္ပံပညာရှင်များက ယခုနောက်ဆုံး လေ့လာတွေ့ရှိသည်ဟု Independent ( Sep.3, 2020 ) က ရေးသားသည်။ 


ရေတွင် ကျင်လည်ကျက်စားသည့် ဗိုင်းရပ်စ်ပိုးမွှားများသည် ပူနွေးသော ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေ ဖြစ်စေရန် ၎င်းတို့ဖာသာ ဖန်တီးနိုင်သဖြင့် ကူးစက်မှု တာရှည်စေနိုင်ကြောင်း၊ ကလိုရင်းကဲ့သို့သော ပိုးသတ်ဆေးများကို ပိုမိုခံနိုင်ရည်ရှိလာကြောင်း လေ့လာတွေ့ရှိရသည်ဆို၏။ 

  
သာမန်အားဖြင့် ရေမျက်နှာပြင်ပေါ်တွင် ဗိုင်းရပ်စ်တို့အနေဖြင့် နေရောင်ခြည်၊ အပူချိန်မြင့်မားခြင်းနှင့် အခြားအဏုဇီဝရုပ်များကြောင့် စွမ်းရည်မဲ့ ဖြစ်သွားစေနိုင်ပြီး၊ ရောဂါကူးစက်ပျံ့နှံ့နိုင်မှုတွင်လည်း လျှော့နည်းသွားလေ့ရှိသည်။ သို့သော်လည်း ဗိုင်းရပ်စ်တို့သည် ရောက်ရှိရာ ရာသီဥတုပြောင်းလဲမှုတွင် ရှင်သန်ကျန်ရစ်အောင် တဖြည်းဖြည်း တုန့်ပြန်ပြောင်းလဲလာနိုင်လိမ့်မည်ဟု သိပ္ပံပညာရှင်များက မှတ်ယူလျှက်ရှိသည်။ 


အအေးမိ၊ ပိုလီယို၊ ခြေထောက်နှင့် ပါးစပ်ရောဂါများအပါအဝင် ကူးစက်မှုအမျိုးမျိုးကို ဖြစ်စေနိုင်သည့် Enteroviruses “ အူဗိုင်းရပ်စ် “ မျိုးရင်းများ၏ အခြေအနေနှင့် လိုက်လျောညီထွေပြောင်းလဲနိုင်မှုတို့ကို ဆွစ်သိပ္ပံပညာရှင်များက လေ့လာခဲ့ကြရာမှ ယခုကဲ့သို့ တွေ့ရှိရခြင်းဖြစ်ကြောင်း သိရှိရသည်။ 

  
“ အူဗိုင်းရပ်စ် “ များသည် ပုံမှန်အားဖြင့် မစင်များမှတစ်ဆင့် ကူးစက်လေ့ရှိပြီး၊ မိလ္လာ၊ ရေဆိုး၊ စွန့်ပစ်ရေနှင့် သန့်ရှင်းမှု ညံဖျင်းသည့် နေရာတို့၌ အများဆုံး တွေ့ရှိရသည်။ 


ပညာရှင်အဖွဲ့သည် လူသားတို့၏ “ အူဗိုင်းရပ်စ် “ နမူနာများကို ကွဲပြားခြားနားသော အိုင်ရေ ၄-မျိုးတွင် ထည့် သွင်းလျှက် နေရောင်ခြည်နှင့်ထိတွေ့မှုမရှိ- အပူချိန် ၁၀ ဒီဂရီနှင့် ၃၀ ဒီဂရီစင်တီဂရိတ်အကြား တည်ရှိနေရန် အသီးသီးဖန်တီးခဲ့သည်။ ထို့နောက် ၎င်းနမူနာများကို အပူ-ပိုးသတ်ဆေးများနှင့် ထိတွေ့စေခဲ့သည်။ ပူနွေးမှု့နှင့် လိုက်လျှောညီထွေဖြစ်အောင် ပြောင်းလဲနိုင်သည့် ဗိုင်းရပ်စ်တို့သည် ရေအေးတွင် ထည့်သွင်းထားသည့် ဗိုင်းရပ်စ်တို့ထက် အပူကြောင့် စွမ်းရည်မဲ့ဖြစ်ရခြင်းကို ကြာမြင့်စွာ ခုခံနိုင်ယုံမက ကလိုရင်းကဲ့သို့ ပိုးသတ်ဆေး ကိုလည်း ကောင်းစွာ ခံရည်ရှိကြသည်ဆို၏။ အဆိုပါ တွေ့ရှိချက်ကို အမေရိကန်ဓါတုဗေဒအသင်း၏ ပတ်ဝန်း ကျင်ဆိုင်ရာ သိပ္ပံနှင့်နည်းပညာဂျာနယ်၌ ထည့်သွင်းဖော်ပြခဲ့သည်။ 

  
ဗိုင်းရပ်စ်များသည် ပူနွေးသောရေ-ပတ်ဝန်းကျင်အခြေအနေတွင် ကူးစက်နိုင်စွမ်း ပိုမိုကြာရှည်နိုင်ပြီး ပိုးသတ်ဆေးများကိုလည်း ပိုမိုခံနိုင်ရည်ရှိကြောင်း၊ ဆိုလိုသည်မှာ ကမ္ဘာကြီးပူနွေးလာမှုသည် ရောဂါပိုးပါဝင်နေသည့် ရေကူးကန်ရေနှင့် ချက်ပြုတ်ရေတို့မှတဆင့် လူသားတို့အား ရောဂါကူးစက်မည့်အန္တရာယ်ကို ပိုမိုစေနိုင်ကြောင်း၊ ရာသီဥတုဆိုင်ရာသိပ္ပံပညာရှင်များက ကြိုတင်ဟောကိန်းထုတ်လျှက်ရှိသည့် ယခုရာစုနှစ်အကုန်တွင် မြင့်တက်လာမည့် ကမ္ဘာ့ကြီး၏ အပူချိန် ၃ ဒီဂရီစင်တီဂရိတ်ဖြစ်သည်။ ထိုအပူအချိန်မှာ ဗိုင်းရပ်စ်တည်ငြိမ်မှု အပေါ် လုံလောက်သည့် သက်ရောက်မှု မရှိနိုင်သော်လည်း ရာသီဥတု အလွန်အမင်း ပြင်းထန်လာခြင်းနှင့်အတူ အထူးသဖြင့် အပူပိုင်းဒေသနိုင်ငံများတွင် ရောဂါများကို ပိုမိုဆိုးရွားစေနိုင်ကြောင်း ဆက်လက်ဖော်ပြထားသည်။ 


(( Covid-19 ရောဂါကို ဖြစ်ပွားစေသည့် ကိုရိုနာဗိုင်းရပ်စ်သည် လူတို့၏ ပါးစပ်နှင့် နှာခေါင်းမှ အများဆုံးထွက်သော အရည်မှုန်မွှားများ၊ ၎င်းတို့ စွန်းထင်းလျှက်ရှိသော တံခါးလက်ကိုင်၊ လှေကားလက်ရမ်း၊ ဓါတ်လှေကား ခလုပ်တို့မှတဆင့် ကူးစက်ကြောင်း အများသိကြပါသည်။ 
ပန်းများ ဝတ်မှုန်ကူးသကဲ့သို့ ပျား-ပိတုန်း- ပိုးမွှားတို့ကြောင့် ကူးစက်ခြင်း မရှိသလို အချို့သော သစ်သီး-သစ်စေ့ များကဲ့သို့ လေတွင် လွင့်မျော၍ အတော်ကြီး ဝေးသည်အထိလည်း မရောက်နိုင်ဟု ဆိုကြပါသည်။ သို့သော် တရုတ်ပြည်တွင် စတင်တွေ့ရှိရသော ဗိုင်းရပ်စ်သည် မိုင်ပေါင်းထောင်ချီဝေးသည့် အရပ်ဒေသသို့တိုင် ရောက်ရှိ သွားရခြင်းတွင် အဓိက သယ်ဆောင်သည်မှာ “ လူ “ ဖြစ်ပါသည်။ တရုတ်ပြည်တွင် D အုပ်စုဖြစ်နေသော ကိုရိုနာဗိုင်းရပ်စ်သည် ဂျာမနီ၌ ကူးစက်သည့်အခါ G အုပ်စု ဖြစ်သွားခြင်းမှာ ထူးခြားသည်။ 

  
ဗိုင်းရပ်စ်တို့၏ မူလသဘာဝမှာ ကာလကြာမြင့်နှင့်အမျှ ဗီဇပြောင်းလဲသွားလေ့ရှိသည်။ ထိုအခါ ဗိုင်းရပ်စ်နှိပ် စက်နိုင်စွမ်း ပိုမိုထက်မြက်လာ၍ ခံစားရသည့် ရောဂါလက္ခဏာများ ပြောင်းလဲခြင်း၊ လက်ရှိကုသဆေး- ကာ ကွယ်ဆေးများနှင့် မလုံလောက်ခြင်းတ့ိုနှင့် ရင်ဆိုင်ရပြီး ထိခိုက်ဆုံးရှုံးမှု များပြားလာရသည်။ 


ကမ္ဘာကြီးအား လတ်တလော နှိပ်စက်လျှက်ရှိသည့် ကပ်ရောဂါသည် စက်မှုဖွံ့ဖြိုးသော နိုင်ငံကြီးများတွင် အများဆုံးဖြစ်ပွား၍ ကူးစက်ပျံနှံ့မှုလည်း အလွန်လျှင်မြန်ပါသည်။ သတိပြုမိသည်မှာ ကူးစက်မှုအများဆုံးဖြစ်ပွားရာ နိုင်ငံများသည် ကမ္ဘာကြီး ပူနွေးစေမှုကို ဖန်တီးသည် ဖန်လုံအိမ်ဓါတ်ငွေ့ အများဆုံး ထုတ်လွှတ်သည့် နိုင်ငံများ ဖြစ်နေသည်။ 


ကျွန်တော့်အနေဖြင့် ကိုရိုနာဗိုင်းရပ်ရောဂါနှင့် ပတ်သက်၍ တစ်ကမ္ဘာလုံးသတင်းဟူသရွေ့ အကုန် မဖတ်နိုင်ပါ။ ထို့ကြောင့် SARS-CoV-2 ဗိုင်းရပ်စ်လျှင်မြန်စွာ ပျံ့နှံ့လာခြင်းသည် ဖန်လုံအိမ်ဓါတ်ငွေ့ များပြားသော ပတ်ဝန်းကျင်နှင့် ပတ်သက်ကြောင်း ပြောဆိုခြင်း ရှိ-မရှိ မသိရပါ။

ကူးစက်ရောဂါပြင်းတန်လျှက်ရှိစဉ် ဝူဟန်သို့ ရောက်လာခဲ့သော သမ္မတရှီကျင့်ဖျင်က ပြည်နယ်အတွင်း ရေဆိုးစွန့်ပစ်မှုစံနစ်နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသမ်းမှုကို တိုးမြှင့်လုပ်ဆောင်မည်ဖြစ်ကြောင်း ပြောကြားချက်ကိုသာ အမှတ်ရပါသည်။

ကိုရိုနာဗိုင်းရပ်သည် အူဗိုင်းရပ်စ်နှင့် မတူသော်လည်း  ယခုသတင်းအရဆိုလျှင် အဆိုပါယူဆချက် ဟုတ်သယောင်ယောင်ရှိပါ၍ နောက်ဆက်တွဲ သတင်းများအား မျှော်လင့်လျှက်ရှိပါသည်။ ထူးခြားချက်များအား ဆက်လက်ဖော်ပြပါမည်။ ။ သတင်းဘာသာပြန်သူ )) 

#ကမ္ဘာကြီးပူနွေးလာမှုနှင့်ဗိုင်းရပ်စ်


((( Independent ., September 3rd, 2020,” Study: Global warming could make viruses harder to kill.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ ))) 

https://www.independent.co.uk/environment/global-warming-viruses-climate-change-infectious-diseases-study-a9704056.html 

https://www.dhakatribune.com/health/coronavirus/2020/09/06/study-global-warming-could-make-viruses-harder-to-kill

0

Leave a Reply

Your email address will not be published.