ကာကွယ်ဆေးတစ်မျိုးမျိုး ပထမအကြိမ် ထိုးနှံပြီးနောက် Covid-19 ရောဂါကူးစက်-သေဆုံးနှုန်း ကျဆင်းကြောင်း အီးယူနိုင်ငံလေ့လာတွေ့ရှိ။ ပထမအကြိမ်ထိုးနှံပြီး ၂-ပတ်အကြာ ကူးစက်-ဆေးရုံတင်- သေဆုံးနိုင်ခြေ တဖြည်းဖြည်းကျဆင်း။ များများ-မြန်မြန် အရေးပေါ် ထိုးနှံပေးရန် လိုအပ်။


စနေနေ့ အီတလီနိုင်ငံတွင် ထုတ်ဝေသော စာတမ်းတစ်စောင်အရ အသက်အရွယ် အသီးသီးရှိ အရွယ်ရောက်သူများတွင် Pfizer, Moderna သို့မဟုတ် AstraZeneca ကာကွယ်ဆေး တစ်မျိုးမျိုးကို ပထမအကြိမ် ထိုးနှံပြီးနောက် ရက်သတ္တ ၅-ပတ်အကြာတွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါကူးစက်ခံရမှု ၈၀ % ကျဆင်းသွားသည်ကို လေ့လာတွေ့ရှိရကြောင်း ဖော်ပြထားသည်ဟု Reuters က ယနေ့ ရေးသားသည်။

…   
ကိုရိုနာဗိုင်းရပ်စ်ရောဂါကာကွယ်ဆေးများ၏ ကိုယ်ခံအားအပေါ် အမှန်တကယ် အကျိုးသက်ရောက်မှုကို ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံ၏ ပထမဆုံးအကြိမ် လေ့လာမှုအဖြစ် အီတလီအမျိုးသားကျန်းမာရေးအင်စတီကျု (ISS) နှင့် ကျန်းမာရေးဝန်ကြီးဌာနတို့က နိုင်ငံတစ်ဝှန်း ကာကွယ်ဆေး ထိုးနှံပြီးစီးသူ ၁၃.၇ သန်းတို့အား သုတေသနပြု လုပ်ခဲ့ကြသည် ဆို၏။

…  
အဆိုပါ လေ့လာမှုကို အီတလီနိုင်ငံတွင် ကာကွယ်ဆေးထိုးနှံရေးအစီအစဉ် စတင်သည့် ၂၀၂၀-ခုနှစ် ဒီဇင်ဘာ ၂၇ ရက်မှ ၂၀၂၁-ခုနှစ် မေလ ၃-ရက်နေ့အထိ သိပ္ပံပညာရှင်များက အချက်အလက်များ ကောက်ယူခဲ့ကြခြင်း ဖြစ်သည်။

…  
ဆန်းစစ်ချက်များအရ SARS-CoV-2 ဗိုင်းရပ်စ်ပိုး ကူးစက်-ဆေးရုံတင်ရခြင်းနှင့် သေဆုံးနိုင်ခြေမှာ ပထမအကြိမ် ကာကွယ်ဆေးထိုးနှံပြီးနောက် ပထမ ရက်သတ္တ ၂-ပတ်အကြာတွင် တဖြည်းဖြည်းကျဆင်းလာကြောင်း တွေ့ရှိရသည်။

…  
ပထမအကြိမ် ကာကွယ်ဆေးထိုးနှံ၍ ၃၅ ရက်ကြာပြီးနောက် ကူးစက်ခံရမှု ၈၀%၊ ဆေးရုံတင်ရမှု ၉၀ % နှင့် သေဆုံးမှု ၉၅% လျှော့ကျသွားကြောင်း၊ အသက်အရွယ် မရွေး ကျား-မ အားလုံးတွင် ပုံစံတူတွေ့ရှိရကြောင်း၊ အချက်အလက်များအရ ကူးစက်ကပ်ရောဂါ အမြန်ဆုံး အဆုံးသတ်စေရေးအတွက် ထိရောက်သော ကာကွယ်မှုနှင့် အများလူထုအကြား ဆေးထိုးနှံပေးရန် လိုအပ်သည်ကို အတည်ပြုလျှက်ရှိသည်ဟု ISS ဥက္ကဋ္ဌဖြစ်သူ၏ အစီရင်ခံစာ၌ ဖော်ပြထားသည်။

…   
အီတလီနိုင်ငံက လေ့လာခဲ့သူ လူ ၁၄ သန်းနီးပါးအနက် ၉၅% ဖြစ်သည့် Pfizer နှင့် Moderna ကာကွယ်ဆေး ထိုးနှံသူများသည် အစီအစဉ်ပြည့် ထိုးနှံခဲ့ကြပြီး AstraZeneca သမားများကမူ ဒုတိယအကြိမ် ထိုးနှံခြင်း မရှိကြချေ။

…  
ယခုအချိန်အထိ အီတလီသည် ဆေးဝါး ထုတ်လုပ်သူများ၏ အကြံပြုချက်များအတိုင်း လိုက်နာသည့် အနေဖြင့်
= Pfizer ကို ပထမအကြိမ် ထိုးနှံပြီး ရက်သတ္တ ၃-ပတ်အကြာတွင် ဒုတိယအကြိမ်ကို၎င်း
= Moderna ကို ပထမအကြိမ်အပြီး ဒုတိယအကြိမ်အဖြစ် ရက်သတ္တ ၄-ပတ်အကြာတွင်
= AstraZeneca ကို ပထမအကြိမ်နှင့် ဒုတိယအကြိမ်အကြား ရက်သတ္တ ၁၂-ပတ်ခြား၍၎င်း ထိုးနှံပေးခဲ့ကြောင်း သိရှိရသည်။

…    
ယမန်နေ့ (စနေ) နံနက်အထိ အီတလီနိုင်ငံသား ၈.၃ သန်း သို့မဟုတ်လူဦးရေ၏ ၁၄% သည် နှစ်ကြိမ် ကာကွယ်ဆေး ထိုးနှံပြီးစီးသူများဖြစ်၍ ပထမအကြိမ် ထိုးနှံပြီးစီးသူ ၁၀ သန်းခန့် ရှိသည်။

(( ကျွန်တော်မျာဒ၏ အိမ်နီးချင်း အိန္ဒိယနိုင်ငံတွင်  နေ့စဉ် လူ ၃-သိန်းကျော် Covid-19 ရောဂါပိုးကူးစက်၍ လူ ၄,၀၀၀ ကျော် သေဆုံးလျှက်ရှိနေဆဲဖြစ်သည်။ ယခင်ရက်များတွင် ကူးစက်ခံရသူ နေ့စဉ် ၄-သိန်းခန့်ရှိနေရာမှ ယနေ့နံနက်ပိုင်းတွင် ၃-သိန်းကျော်သို့ ကျဆင်းလာခြင်းဖြစ်သော်လည်း သေဆုံးအရေအတွက်မှာ သိသိသာသာ ကျဆင်းခြင်း မရှိသေးချေ။

…  
ဤတွင် AstraZeneca တစ်ဖြစ်လဲ အိန္ဒိယထုတ် Covishield မေတ္တာလက်ဆောင်ကာကွယ်ဆေးကို ထိုးနှံမှု ခံယူထားသူများသည် ဆေးစွမ်းပြပါ့မလားဟု သံသယဝင်ကြမည်ထင်ပါသည်။

…  
လူဦးရေ သန်းပေါင်း ၁၄၀၀ နီးပါးရှိသည့် အိန္ဒိယတွင် အနည်းဆုံး တစ်ကြိမ် ကာကွယ်ဆေးထိုးနှံပြီးသူမှာ ယမန်နေ့အထိ သန်းပေါင်း ၁၄၀ ခန့်မျှ ရှိရာ နိုင်ငံ့လူဦးရေ၏ ၁၀.၂၃% သာရှိပါသည်။ ၂-ကြိမ်ထိုးနှံ ပြီးသူမှာလည်း သန်း ၄၀ မျှသာ ရှိပါသည်။

…  
မြန်မာသည် လွန်ခဲ့သော ၂-ရက်အထိ အနည်းဆုံး ကာကွယ်ဆေးထိုးနှံပြီးသူ ၂.၂ သန်း ရှိနေပြီး ၂-ကြိမ်ထိုးနှံ ပြီးသူ ၃-သိန်း ရှိ၍ နိုင်ငံလူဦးရေ၏ ဝ.၆% ကို အပြည့်အ၀ ကာကွယ်ပေးထားပြီးဖြစ်ကြောင်း Our world in data အရ သိရှိရပါသည်။    ။ သတင်းဘာသာပြန်သူ))

#ကာကွယ်ဆေးထိုးပါ #Mask ဝတ်ဆင်ပါ #လက်ဆေးပါ #လူချင်းဝေးကွာအောင်နေပါ #သက်ဆိုင်ရာ ကျန်းမာရေးဋ္ဌာန၏ညွှန်ကြားချက်များကိုလိုက်နာပါ

(((Reuters., May 16th, 2021,” Study: Covid-19 infections, deaths plummeting after jabs.” ကို #HtayOung, #HtayOungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။))

https://www.dhakatribune.com/health/coronavirus/2021/05/16/study-covid-19-infections-deaths-plummeting-after-jabs
https://www.dhakatribune.com/world/south-asia/2021/05/16/india-adds-311-170-daily-covid-19-infections-to-nearly-24-7-million
https://ourworldindata.org/covid-vaccinations 

+1

Leave a Reply

Your email address will not be published.