ကာကွယ်ဆေးပြတ်လပ်နေသော ဘင်္ဂလားဒေ့ရှ်က နိုင်ငံတကာမီဒီယာများတွင် ရှာပုံတော်ဖွင့်။ ဒုက္ခသည်ဘင်္ဂါလီများကို ထိုးနှံပေးရန် ဆန္ဒပြင်းပြနေဟု ဆို။ ကူးစက်သေဆုံး တရှိန်ထိုးမြင့်တက်မှုကို တားဆီးရန် သီရိလင်္ကာနှင့်နီပေါတို့ ကာကွယ်ဆေး ပြတ်လပ်လုနီးဖြစ်။ ရုရှားနှင့်တရုတ်ဆေးများ ရရှိရန် မျှော်လင့်


ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် Covid-19 ကာကွယ်ဆေးကို အသည်းအသန် ရှာဖွေလျှက်ရှိပြီး အမေရိကန်အပါအဝင် မည်သည့်နိုင်ငံမှ တင်ပို့မှုကိုမဆို လက်ခံရန် အဆင်သင့်ဖြစ်နေကြောင်း၊ အစိုးရအနေဖြင့် ဒုက္ခသည်ဘင်္ဂါလီ (မူရင်း ရိုဟင်ဂျာဟုဖော်ပြ) များအား ထိုးနှံပေးရန် ဆန္ဒရှိနေကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးက နိုင်ငံတကာ မီဒီယာများနှင့် ဆက်သွယ်ပြောဆိုသည်ဟု Dhaka Tribune က ယမန်နေ့ ရေးသားသည်။

…   
Oxford-AstraZeneca ကာကွယ်ဆေးကို ပထမအကြိမ်အဖြစ် ထိုးနှံခဲ့သူအတွက် ဒုတိအကြိမ် ထိုးနှံရန် ဆေး မရှိခြင်းက ပြဿနာဖြစ်နေကြောင်း ယခုပေးလျှင် ယခုယူရန် အသင့်ရှိကြောင်း နိုင်ငံခြားရေးဝန်ကြီး အေကေအဗ္ဗဒူမိုမန်က CNN နှင့် တွေ့ဆုံရာ၌ ရှင်းပြသည်။

…   
ဘင်္ဂလားဒေ့ရှ်သို့ ကာကွယ်ဆေး ပေးပို့ရန် ဂျိုးဘိုင်ဒင်အစိုးရက သဘောတူသော်လည်း အမေရိကန် အစားအစာနှင့်ဆေးဝါးကွပ်ကဲရေးဌာန (FDA) အရ ၎င်းနိုင်ငံပြည်ပသို့ တင်ပို့ရာတွင် အချိန်များစွာ ကြာမြင့်မည်ဖြစ်ကြောင်း၊ ဘင်္ဂလားဒေ့ရ်ှ၏ အရေးတကြီး လိုအပ်ချက်များကို ဖြည့်ဆည်းရေးအတွက် အိန္ဒိယသို့ ဆက်လက်တောင်းဆိုခြင်းအပြင် အမေရိကန်၊ တရုတ်၊ ကနေဒါ၊ ရုရှားနှင့် ဗြိတိန်နိုင်ငံများသို့လည်း ဆက်သွယ်ခဲ့ကြောင်း၊ 


တရုတ်နှင့် ဆွေးနွေးမှုမှာ နောက်ဆုံးအဆင့်တွင် ရောက်ရှိနေပြီး ကာကွယ်ဆေးကိစ္စနှင့်ပတ်သက်၍ အမေရိကန်ထံမှ အပြုသဘောဆောင်သည့် တုန့်ပြန်မှုကို စောင့်ဆိုင်းလျှက်ရှိကြောင်း၊ သို့သော် ဘင်္ဂလားဒေ့ရှ်သည် သေဆုံးသူအရေအတွက် နည်းပါးသည့်အတွက် အမေရိကန်၏ ဦးစားပေး စာရင်းတွင် မပါဝင်ကြောင်း၊ အိန္ဒိယတွင်လည်း ကာကွယ်ဆေး ပြတ်လပ်လျှက်ရှိခြင်းကြောင့် ၎င်းနိုင်ငံထုတ် Oxford-AstraZeneca ကို ဘင်္ဂလားဒေ့ရှ်၌ ဒုတိယအကြိမ် ထိုးနှံပေးနိုင်ခြင်း မရှိကြောင်း၊ ရုရှားနိုင်ငံနှင့် ဆွေးနွေးလျှက်ရှိပြီး ရက်သတ္တပတ်အတွင်း အဖြေသိရှိရမည်ဖြစ်ကြောင်း၊

…   
ဒုက္ခသည်ဘင်္ဂါလီစခန်းများတွင်  ကြိုတင်ကာကွယ်ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုများကို ဘင်္ဂလားဒေ့ရှ်အစိုးရက တင်းကြပ်ခဲ့သည့်အတွက် သေဆုံးကူးစက်မှု အလွန်နည်းပါးကြောင်း၊ (ကော့ခ်ဘဇား) ဒုက္ခသည်စခန်းများတွင် လူပေါင်း ၁.၁ သန်းခန့် ရှိနေသည်မှာ အားလုံး အမြင်ပင်ဖြစ်ပြီး ၎င်းတို့အတွက် ကာကွယ်ဆေး မရှိဖြစ်နေကြောင်း၊ အစိုးရအနေဖြင့် ၎င်းတို့အားကာကွယ်ဆေးထိုးနှံပေးရန် ဆန္ဒပြင်းပြလျှက်ရှိသည်ဟု CNN ၏ မေးမြန်းချက်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးက ပြန်လည်ဖြေဆိုသည်။

လူဦးရေ ၁၆၈ သန်းနေထိုင်ရာ ဘင်္ဂလားဒေ့ရှ်တွင် ဗိုင်းရပ်စ်ပိုးကူးစက်ခံရသူ ၈-သိန်းခန့် ရှိနေပြီး လူပေါင်း ၁၂,၀၀၀ ကျော် အသက်ဆုံးရှုံးခဲ့ရပြီးဖြစ်သည်။ သို့သော် အမှန်တကယ်အရေအတွက်မှာ အခြားအာရှနိုင်ငံများနည်းတူ များစွာပိုမိုနိုင်ကြောင်း ကျွမ်းကျင်သူများက ခန့်မှန်းသည်။

…   
လူဦးရေ ၂၇-သန်းခန့်ရှိသော နီပေါနှင့်၊ လူပေါင်း သန်း ၂၀-ခန့်နေထိုင်ရာ သီရိလင်္ကာတို့တွင် Covid-19 ရောဂါကာကွယ်ဆေးများ ပြတ်လပ်လုနီးဖြစ်နေကြောင်း၊ အာရှနိုင်ငံအသီးသီးတို့၌ ကူးစက်သေဆုံးမှု တရှိန်ထိုးမြင့် တက်လျှက်ရှိသည်ကို အရေးပေါ် ကာကွယ်ဆေးထိုးနှံခြင်းဖြင့် တိုက်ဖျက်ရန်အတွက် တရုတ်နှင့် ရုရှားတို့က အားဖြည့်ပေးနိုင်လိမ့်မည်ဟု မျှော်လင့်ရကြောင်း Dhaka Tribune ၏ ယမန်နေ့ အခြားသတင်းတစ်ပုဒ်တွင် တွေ့ရှိရသည်။

#ဘင်္ဂလားဒေရှ့်-နီပေါ-သီရိလင်္ကာတို့_ကာကွယ်ဆေးပြတ်လပ် #ဒုက္ခသယ်ဘင်္ဂါလီ

(((Dhaka Tribune., May 21st, 2021,” Bangladesh reaches out to international media as it seeks vaccines desperately.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆို သည်။)))

https://www.dhakatribune.com/bangladesh/foreign-affairs/2021/05/21/bangladesh-reaches-out-to-international-media-as-it-seeks-vaccines-desperately
https://www.dhakatribune.com/world/south-asia/2021/05/21/bangladesh-nepal-and-sri-lanka-nearly-out-of-covid-vaccines
https://www.dhakatribune.com/bangladesh/2021/05/21/momen-health-ministry-causing-delay-in-covid-19-vaccine-procurement 

+1

Leave a Reply

Your email address will not be published.