ကာဆင်စူလမန်နီအား အီရန်တွင် လုပ်ကြံသည်နှင့် တစ်ရက်တည်း ယီမင်၌ အခြားအီရန်အထူးတိုက်ခိုက်ရေးတပ်မှူးတစ်ဦးကို အမေရိကန်၏လုပ်ကြံရန် ကြိုးစားမှု့ မအောင်မြင်ခဲ့

အီရတ်နိုင်ငံ ဘဂ္ဂဒက်လေဆိပ်အနီးတွင် ကာဆင်စူလမန်နီအား လုပ်ကြံသတ်ဖြတ်ခဲ့သော အမေရိကန်လေတပ်သည် တစ်ရက်တည်း ယီမင်၌ အခြားအီရန်အထူးတိုက်ခိုက်ရေးတပ်မှူးတစ်ဦးကို လုပ်ကြံရန် ကြိုးစားခဲ့သော်လည်း အောင်မြင်ခြင်း မရှိခဲ့ကြောင်း Washington Post နှင့် အခြားအမေရိကန်မီဒီယာများက ယနေ့ ရေးသားသည်။

အီရန် “ အယ်လ်ခတ် အထူးတပ် “ ၏ တပ်မှုူးတစ်ဦးဖြစ်သူ အဗ္ဗဒူရီဇာရှားလိုင်သည် ဒေသတွင်း ရှီယိုက်ပြည်သူ့စစ်များအား ငွေကြေးနှင့် အခြားထောက်ပံ့ရေးများတွင် အဓိကတာဝန်ရှိသူတစ်ဦးဖြစ်ပြီး လောလောဆယ်ပြည်တွင်းစစ် ဖြစ်ပွားနေသာ ယီမင်၌ လှုပ်ရှားလျှက်ရှိသည်ဆို၏။ အီရတ်တွင် ကာဆင်စူလမန်နီနည်းတူ တစ်ရက်တည်း၌ အဗ္ဗဒူရီဇာရှားလိုင်းအား လုပ်ကြံသတ်ဖြတ်ရန် အားထုတ်ခဲ့ကြောင်း အမေရိကန်အရာရှိများအဆိုအရ သိရှိရသည်။

သတင်း လုံခြုံရေးအဆင့် မြှင့်တင်ထားသည့်အတွက် လုပ်ကြံမှု့ မအောင်မြင်ကြောင်းမှတစ်ပါး အသေးစိတ်ပြောဆိုရန် အဆိုပါအရာရှိများက ငြင်းဆိုသည်။ ယခုဖြစ်ရပ်များအရဆိုလျှင် အမေရိကန်အနေဖြင့် အီရန်အစ္စလာမ်မစ်တော်လှန်ရေးတပ်မတော် သို့မဟုတ် အခြားသော ဆိုးရွားသည့်တိုက်ခိုက်မှု့များရန်မှ ကာကွယ်ရန် ပင်လယ်ရပ်ခြားစစ်ဆင်ရေးများ ရေးဆွဲထားကြောင်း ပြသလျှက်ရှိသည်။

အမေရိကန်နိုင်ငံခြားရေးဋ္ဌာန၏ ဆုငွေဒေါ်လာ ၁၅-သန်းထုတ်ပြန်ထားခြင်းခံရသော အဗ္ဗဒူရီဇာရှားလိုင်းအား ကာဆင်စူလမန်နှင့်အတူ အောင်မြင်စွာ သုတ်သင်နိုင်ခဲ့သည်ဟု ကြွားလုံးထုတ်ရန် မူလကစီစဉ်ထားခဲ့ကြောင်း၊ ကာဆင်သေဆုံးပြီးနောက် အီရန်နှင့် အမေရိကန် နှစ်ဖက်စလုံးကပါ စစ်ရေးထိပ်တိုက်တင်းမာမှု့များ လျှော့ချနေသော်လည်း အဗ္ဗဒူရီဇာရှားလိုင်းအား လုပ်ကြံမည့်အစီအစဉ်မှာ အနာဂါတ်၌ အကောင်အထည်ဖော်ဖွယ်ရှိကြောင်း အဆိုပါစစ်ဆင်ရေးကို ကိုင်တွယ်ခဲ့ရသူ ပင်တာဂွန်အရာရှိများက ပြောဆိုသည်။

၁၉၅၇ – ခုနှစ်၌ မွေးဖွားသည့် အဗ္ဗဒူရီဇာရှားလိုင်းသည် ၂၀၀၇-ခုနှစ် အီရတ်နိုင်ငံ ကာဘာလာမြို့၌ အမေရိကန်တပ်ဖွဲ့ဝင် ၅-ဦးကို ပြန်ပေးဆွဲသတ်ဖြတ်သည့် အီရန်ကျောထောက်နောက်ခံ ပြည်သူ့စစ်များနှင့် ချိတ်ဆက်ရှိခြင်း၊ ၂၀၁၁-ခုနှစ် အမေရိကန်ဝါရှင်တန်မြို့တွင် ဆော်ဒီအာရေးဗီးယားသံအမတ်ကြီးအား အီတာလျံစားသောက်ဆိုင်၌ လုပ်ကြံရန်အားထုတ်မှု့၌ ပါဝင်ခြင်း၊ အီရတ်တွင် တပ်စွဲထားသည့် အမေရိကန်တပ်ဖွဲ့ဝင်များအား တိုက်ခိုက်ရာ၌ ပတ်သက်မှု့ရှိခြင်း စသည်တို့ဖြင့် အမေရိကန်နှင့် အမေရိကန်၏မဟာမိတ်တို့အပေါ် ကာလကြာရှည်စွာ ရန်လို-ဖျက်ဆီးခဲ့၍ လွန်ခဲ့သောလတွင် အမေရိကန်နိုင်ငံခြားရေးဋ္ဌာနက ဆုငွေထုတ်ပြန်ခဲ့ရသူဖြစ်သည်။

အဗ္ဗဒူရီဇာရှားလိုင်းအား လုပ်ကြံသတ်ဖြတ်ရာတွင် လူ ၁၂-ဦးခန့် သေဆုံးနိုင်ဖွယ်ရှိသော်လည်း နောင် လူရာချီသေဆုံးရမည့်အရေးကိစ္စတို့အား တားဆီးနိုင်လိမ့်မည်ဟု ဒေါ်နယ်ထရမ့်အစိုးရက ရှု့မြင်သည်။ ကာဆင်စူလမန်နီ သေဆုံးခြင်းမှာ ဒုတိယကမ္ဘ္ဘာစစ်နောက်ပိုင်း အမေရိကန်၏ ပြည်ပထိပ်တန်း စစ်ခေါင်းဆောင်အား လုပ်ကြံခြင်း ပထမဆုံး အကြိမ်ဖြစ်လာသည်။

၂၀၀၃ အီရတ်အားကျူးကျော်စွက်ဖက်ရာတွင် အမေရိကန်တပ်ဖွဲ့ဝင် ၅၀၀ ကျော် အသက်ဆုံးရှုံးရသည်တို့ကို ထောက်ပြလျှက် အီရန်စစ်ခေါင်းဆောင်အား လုပ်ကြံရန် ဒေါ်နယ်ထရမ့်၏ ဆုံးဖြတ်ချက်ကို ကွန်ဂရက် ရီပတ်ဘလစ်ကင်ခေါင်းဆောင်တို့က ထောက်ခံသည်။

သို့သော် ဆော်ဒီဦးဆောင်ညွန့်ပေါင်းအဖွဲ့၏ ဟူသီသူပုန်တို့အပေါ် လေကြောင်းတိုက်ခိုက်မှု့ကြောင့် ကမ္ဘ္ဘာ့အဆိုးရွားဆုံး လူသားချင်း စာနာမှု့ဆိုင်ရာအကြပ်အတည်းဖြစ်ပေါ်လျှက်ရှိသည့် ယီမင်ပြည်တွင်းစစ်၌ အမေရိကန်က ၎င်း၏ တိုက်ရိုက်ပါဝင်မှု့ကို လျှော့ချလျှက်ရှိသည်။ အာရေဗျကျွန်းဆွယ်တွင် အစ္စလာမ်မစ် နိုင်ငံတော်ထူထောင်ရေး ပတ်သက်လျှက်ရှိသူ ယီမင်အယ်လ်ကိုင်ဒါတို့အား အမေရိကန်က လေကြောင်းမှ တိုက်ခိုက်လျှက်ရှိရာ ၂၀၁၉-ခုနှစ်၌ ၉-ကြိမ်ရှိခဲ့ပြီး ၂၀၁၇-ခုနှစ် ၁၂၅-ကြိမ်ထက်စာလျှင် များစွာ လျော့ကျသွားသည်။

သို့သော်လည်း အဗ္ဗဒူရီဇာရှားလိုင်းအား လုပ်ကြံသတ်ဖြတ်ရန်အားထုတ်ရာတွင် ယီမင်ပဋိပက္ခ၌ အမေရိကန်က တိုက်ရိုက်ပါဝင်ပတ်သက်ရာမရောက်အောင် နည်းလမ်းရှာဖွေခဲ့ရကြောင်း Washington Post က ဆက်လက်ရေးသားသည်။

(( ကာဆင်စူလမန်နီအား လုပ်ကြံသတ်ဖြတ်မှု့သည် ဒုတိယကမ္ဘ္ဘာစစ်နောက်ပိုင်း ပြည်ပထိပ်တန်း စစ်ခေါင်းဆောင်အား အမေရိကန်၏ လုပ်ကြံခြင်း ပထမဆုံး အကြိမ်ဖြစ်သည်။ ၂၀၁၁-ခုနှစ်၊ ပါကစ္စတန် အဘော့တဘက်တွင် အယ်လ်ကိုင်ဒါခေါင်းဆောင် အိုစမာဘင်လာဒင်အား အမေရိကန် နေဗီဆီးလ်တို့က သတ်ဖြတ်ခဲ့သည်။

အီရန်အစ္စလာမ်မစ်တော်လှန်ရေးအစောင့်တပ်မတော်သည် ပြဋ္ဌာန်းဥပဒေဖြင့် ဖွဲ့စည်းထားသော တရားဝင် တပ်မတော်ဖြစ်သည်။ အမေရိကန်သည် အီရန်တပ်မတော်အား အကြမ်းဖက်အားပေးအဖြစ် ကြေညာထားသော်လည်း အိုစမာဘင်လာဒင်၏ အယ်လ်ကိုင်ဒါမှာ ထိုထက်ပို၍ အဆင့်များစွာ နိမ့်ကျသည်။

အယ်လ်ကိုင်ဒါသည် အမေရိကန်ကိုယ်တိုင်နှင့် ကမ္ဘ္ဘာ့ကုလသမဂ္ဂတို့ကပါ အကြမ်းဖက်အဖွဲ့အစည်း သတ်မှတ်ခြင်းခံထားရသည်။ အကြမ်းဖက်သမား- ဥပဒေမဲ့ တရားလက်လွတ်လုပ်ရပ်များကြောင့် ” အကြမ်းဖက်အဖွဲ့အစည်း” အဖြစ် သတ်မှတ်ခြင်းခံရလျှင် ဂျီနီဗာကွန်ဗင်းအရ စစ်ပွဲစည်းမျဉ်းများ ပြင်ပသို့ ရောက်ရှိသွားသည်။ ကမ္ဘ္ဘာ့နိုင်ငံများသည် အကြမ်းဖက်သမား-အကြမ်းဖက်အဖွဲ့အစည်းတို့နှင့် ဆွေးနွေးခြင်း၊ အပေးအယူလုပ်ခြင်းလည်း မပြုကြချေ။ ။ သတင်းဘာသာပြန်သူ ))

((( Washingto Post., Jan. 11, 2020, “On the day U.S. forces killed Soleimani, they targeted a senior Iranian official in Yemen.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ် ဘာသာပြန်ဆိုသည်။ )))

https://www.washingtonpost.com/world/national-security/on-the-day-us-forces-killed-soleimani-they-launched-another-secret-operation-targeting-a-senior-iranian-official-in-yemen/2020/01/10/60f86dbc-3245-11ea-898f-eb846b7e9feb_story.html?fbclid=IwAR1b0Z7I3Cb7s0_ZLpNZOlrlT62zu9UrpBG2VgRH8yTLh6J0yL-KEKsqJIQ

https://www.abc.net.au/news/2020-01-11/us-tried-to-kill-iranian-leader-abdul-reza-shahlai/11860146

#ယီမင်၌အီရန်အထူးတိုက်ခိုက်ရေးတပ်မှူးတစ်ဦးကို အမေရိကန်၏လုပ်ကြံရန်ကြိုးစားမှု့

0

Leave a Reply

Your email address will not be published.