ကာလကြာမြင့်စွာ သတင်းကြီးခဲ့သည့် ပန်းကန်ပြားပျံဆိုသည်မှာ ဂြိုလ်သားများဟု အမေရိကန်ထောက်လှမ်းရေး ဖော်ပြနိုင်ခြင်း မရှိ။အာရုံခံစံနစ် မှားယွင်းခြင်း၊ အပြောင်အပျက်လှည့်ဖျားခြင်း၊ တရုတ်၊ ရုရှား သို့မဟုတ် အခြားဆန့်ကျင်ဘက်အလားအလာရှိ နိုင်ငံတစ်ခုခုမှ တီထွင်နည်းပညာမြင့်ပစ္စည်းများ ဖြစ်နိုင်


အမေရိကန် ထောက်လှမ်းရေးအသိုင်းအဝိုင်း၏ “ ရှင်းလင်းမပြနိုင်သော ဝေဟင်ဖြစ်စဉ်များ (UAP) ” နှင့် ပတ်သက်၍ “ ယခု နောက်ဆုံးထုတ်ပြန်လိုက်သည့် အစီရင်ခံစာမှာ ဖြေရှင်းထားသည်ထက် မေးခွန်းထုတ်စရာ ပိုမိုပေါ်ပေါက်ခဲ့ကြောင်း၊ UAP ဖြစ်ရပ်များမှာ ဂြိုလ်သားများဟု ဖော်ပြခြင်း မရှိပဲ အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်မှု ဖြစ်နိုင်သည်ဟု ကောက်ချက်ချကာ ဘတ်ဂျက်ငွေ ပိုမိုတောင်းခံခြင်းဖြစ်နေသည်ဟု Russia Today က ယမန်နေ့ ရေးသားသည်။

…    
သောကြာနေ့မွန်းလွဲပိုင်းတွင် အမေရိကန်အမျိုးသားထောက်လှမ်းရေးညွှန်ကြားရေးမှူးရုံး (ODNI) ၏ လျှို့ဝှက်အဆင့်အတန်း သတ်မှတ်ခြင်းမရှိပဲ ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာတစ်ခုလုံးမှာ ဝေါဟာရများ အဓိပ္ပာယ်ဖွင့်ဆိုချက် ၂-မျက်နှာအပါအဝင် စာမျက်နှာ ၉ မျက်နှာသာ ပါရှိသည်ဆို၏။

…  
၂၀၀၄ ခုနှစ် နိုဝင်ဘာလမှ ၂၀၂၁ ခုနှစ် မတ်လအကြား ဖြစ်ရပ်များနှင့်ပတ်သက်၍ အမေရိကန် အစိုးရ၏ အစီရင်ခံစာများ အပေါ်အခြေခံကာ သတင်းအချက်အလက် စုဆောင်းထားခြင်းဖြစ်သည်။ ၎င်းဖြစ်ရပ်များမှာ အမေရိကန် ရေတပ်မတော်၏ ၂၀၁၉-ခုနှစ်နှင့် လေတပ်မတော်၏ ၂၀၁၈-ခုနှစ်တွင် စံသတ်မှတ်ခြင်းယန္တယား၌ ပါဝင်ခြင်းမရှိသည့် အချက်အလက်များ ဖြစ်သည်။

…   
ရှင်းလင်းမပြနိုင်သော ဝေဟင်ဖြစ်စဉ်များနှင့် ပတ်သက်၍ ယုံကြည်စွာ ဖော်ထုတ်နိုင်ခဲ့သည့် ဖြစ်ရပ်တစ်ခုတွင်မှာ လေထုတ်ထားသော ဧရာမ မိုးပျံဖောင်းကြီးတစ်ခုဖြစ်ကြောင်း အတည်ပြုခဲ့ရသည်ဟု ဖော်ပြထားသည်။ ထိုမှတစ်ပါး အခြားအချက်အလက်များကိုမူ ပြတ်သားသည့် ရှင်းလင်းချက် မပါရှိချေ။

…  
အစီရင်ခံစာတွင် ဖြစ်စဉ်ပေါင်း ၁၄၄-ခု ပါရှိသည့်အနက် UAP ဖြစ်စဉ် ၈၀-ခုမှာ ရေဒါ၊ အနီအောက်ရောင်ခြည်၊ လျှပ်စစ်အလင်းနည်းပညာ၊ လက်နက်ထောက်လှမ်းရေးနှင့် မျက်မြင်ရှာဖွေခြင်းအပါအဝင် အာရုံခံကိရိယာအမျိုးမျိုးတို့ဖြင့် ရုပ်ဝတ္တုတစ်ခုအား ဖမ်းယူရာတွင် ကိရိယာ၏ ကွဲလွဲစွာ ပုံဖော်ခြင်းကြောင့်ဖြစ်ဟန်တူကြောင်း အစီရင်ခံစာ၌ ဖော်ပြသည်။

…  
အမေရိကန်ထောက်လှမ်းရေးအသိုင်းအဝိုင်းက ဖြစ်စဉ်များကို အဖြေရှာရာတွင် ဖြစ်နိုင်ချေရှိသော အမျိုးအစား ၅-မျိုးအဖြစ် ခွဲခြားထားသည်။ ၎င်းတို့မှာ…
= ငှက်များ၊ မိုးပျံပူဖောင်းများ၊ ဒရုန်း သို့မဟုတ် လေမျော ပလပ်စတစ်အိတ်များ၊
= ရေခဲ ပုံဆောင်ခဲမှုန်ကဲ့သို့ သဘာဝအလျောက် လေထုဖြစ်စဉ်၊
= အမေရိကန်အစိုးရ သို့မဟုတ် စက်မှုလုပ်ငန်းတို့၏ သုတေသနဆိုင်ရာ စီမံကိန်းများ၊
= ဆန့်ကျင်ဘက်ပြည်ပနိုင်ငံတို့မှ လွှတ်တင်သည့်စနစ်များနှင့်
= အခြားအကြောင်းအရာများဟူ၍ ဝေဟင်ရှုတ်ထွေးနိုင်သည့် အရာဝတ္ထုများကို ခွဲခြားထားသည်။

…  
စုဆောင်းရရှိသည့် UAP ဖြစ်စဉ်များတွင် အမေရိကန်အစိုးရ သို့မဟုတ် စက်မှုလုပ်ငန်းများမှ သုတေသနနှင့်ဖွံ့ ဖြိုးရေးဆိုင်ရာ ပရိုဂရမ်များ ပါဝင်ကြောင်း ODNI က အတည်မပြုနိုင်ခြင်း မရှိချေ။ အချို့သော UAP ဖြစ်စဉ်များ တရုတ်၊ ရုရှား သို့မဟုတ် အခြားဆန့်ကျင်ဘက်အလားအလာရှိသည့် နိုင်ငံတစ်ခုခုမှ တီထွင်သည့် နည်းပညာမြင့် ပစ္စည်းများ ဖြစ်နိုင်သည်။

…  
ရှင်းလင်းမပြနိုင်သော ဝေဟင်ဖြစ်စဉ်များ (UAP) သည် လေယာဉ်များ ဘေးအန္တရာယ်ကင်းရှင်းစွာ ပျံသန်းရေးကဲ့သို့ “အမျိုးသားလုံခြုံရေးဆိုင်ရာ စိန်ခေါ်မှု” ဖြစ်သည်ဟု အမေရိကန်ထောက်လှမ်းရေးက ဖော်ပြသည်။ သို့သော်လည်း UAP ဖြစ်စဉ်များမှာ ပြည်ပနိုင်ငံတစ်ခုခု၏ အချက်အလက်စုဆောင်းခြင်း အစီအစဉ် သို့မဟုတ် ဆန့်ကျင်ဘက်အလားအလာရှိသော နိုင်ငံတစ်ခုခု နည်းပညာမြင့် အဓိကပစ္စည်းဖြစ်သည်ကို ညွှန်ပြသည့် အချက်အလက်များ လောလောဆယ် မရရှိသေးကြောင်း ပြောဆိုသည်။

…  
အစီရင်ခံစာပါ ဖြစ်စဉ် ၁၄၄ ခု တွင် ရည်ညွှန်းထားသည့် ၁၈ ခု အပါအဝင် ၂၁ ခုမှာ ထူးခြားသည်။ ပုံမှန်မဟုတ် ရှင်းလင်းမပြနိုင်သော ဝေဟင်ဖြစ်စဉ်များ သို့မဟုတ် လေယာဉ်ကဲ့သို့ ဝိသေသလက္ခဏာများ ပိုင်ဆိုင်သည်။ ဥပမာ – လေကိုဆန့်ကျင်၍ ရွေ့လျားခြင်း သို့မဟုတ် ရုတ်ချည်း ရွေ့လျားခြင်း၊ သိပ္ပံနည်းဖြင့် ရှင်းမပြနိုင်သော အမြန်နှုန်းဖြင့် ပျံသန်းခြင်းမျိုးဖြစ်ကြောင်း ဖော်ပြသည်။ ဖြစ်စဉ်များသည် အာရုံခံစံနစ် မှားယွင်းခြင်း၊ အပြောင်အပျက်လှည့်ဖျားခြင်း သို့မဟုတ် လေ့လာသူများ၏ မှားယွင်းစွာ အဓိပ္ပါယ်ကောက်ခြင်းတို့ကြောင့် ထွက်ပေါ်လာသည့် ရလဒ်ဖြစ်နိုင်သည်။ ထို့ကြောင့် ထပ်မံ၍ အသေးစိတ်ကျစွာ ဆန်းစစ်ရန်လိုအပ်သည်ဟု ODNI က မှတ်ချက်ပြု သည်။

…  
“ဂြိုလ်သား” သို့မဟုတ် “ပြင်ပကမ္ဘာမှ လာရောက်သည့် သက်ရှိ” ဟူသော စကားလုံးများကို အစီရင်ခံစာ၏ မည်သည့်နေရာတွင်မျှ မတွေ့ရပါ။ အစီရင်ခံစာများကို စုဆောင်းခြင်း၊ စံနှုန်းသတ်မှတ်ခြင်းနှင့့် UAP များ၏ ရှုပ်ထွေးမှုကို ခွဲခြမ်းစိတ်ဖြာခြင်းဖြင့် နားလည်မှုကို ပိုမိုထိရောက် အထောက်အကူဖြစ်စေမည့် လုပ်ငန်းစဉ်တွင် အမေရိကန် အစိုးရအနေဖြင့် “နောက်ထပ်ရင်းနှီးမြှုပ်နှံမှု”ပြုလုပ်သင့်ကြောင်း တိုက်တွန်းထားသည်။ 

…”
၂၀၂၀ ပြည့်နှစ် ဥပဒေကြမ်းအရ အမေရိကန်ထောက်လှမ်းရေးအသိုင်းအဝိုင်းအား ငွေကြေးထောက်ပံ့ရန် ပြဋ္ဌာန်းပြီးဖြစ်၍ ယခုအစီရင်ခံစာ ထွက်ပေါ်ရန် ကာလကြာမြင့်စွာ မျှော်လင့်ခဲ့ကြသည်။ စီအိုင်အေက စုဆောင်းရရှိသည့် အချက်အလက်အချိ့မှာမူ လွတ်လပ်စွာ သတင်းအချက်အလက်ရရှိလိုသည့် စိတ်အားထက်သန်သူများ၏ တောင်းဆိုမှုများကြောင့် ဇန်နဝါရီလလယ်တွင် ပုံနှိပ်ထုတ်ဝေခဲ့ပြီးဖြစ်သည်။

…   
ရှင်းလင်းမပြနိုင်သော ဖြစ်စဉ်များနှင့်ပတ်သက်၍ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်က သတင်းအချက်အလက်များကို စုဆောင်းသိမ်းဆည်းလျှက်ရှိရာ မကြာသေးမီနှစ်များအတွင်း ရရှိသည့် အစီရင်ခံစာများ၏ အရေအတွက်မှာ ယခင်ကထက် အဆများစွာကျော်လွန်ကြောင်း ၎င်းနိုင်ငံပိုင် သတင်းစာများက ဖော်ပြသည်။

#ရှင်းလင်းမပြနိုင်သော_ဝေဟင်ဖြစ်စဉ်များ #ပန်းကန်ပြားပျံ_ဂြိုလ်သား #အမေရိကန်ထောက်လှမ်းရေး

((( Russia Today., 25 Jun, 2021,” Long-awaited UFO report mentions no aliens, but asks for more money for US spies.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်သာသာ ပြန်ဆိုသည်။)))

https://www.rt.com/usa/527648-ufo-uap-intelligence-report/
https://www.wsj.com/articles/ufo-report-cites-unidentified-aerial-phenomena-that-defy-worldly-explanation-u-s-official-says-11624653953
https://www.usnews.com/news/national-news/articles/2021-06-24/the-us-is-about-to-change-the-way-the-world-thinks-about-ufos
https://www.rt.com/news/525739-chinese-military-ufo-tracking/  

Leave a Reply

Your email address will not be published.