ကိုဗစ်-နိုင်တင်းကိစ္စ ဘင်္ဂလားဒက်ရှ်အစိုးရအရေးပေါ်အစည်းအဝေး ခေါ်ယူ၊ ကိုရိုနာ ဗိုင်းရပ်စ်အား ဗြိတိန်-ဘင်္ဂလားဒက်ရှ်တို့ ပူးပေါင်းစစ်ခင်းမည်။ ရုရှားစစ်ဖက်ဆေးတပ်ဖွဲ့များနှင့် ဇီဝပိုးမွှားကာ ကွယ်ရေးတပ်ဖွဲ့ဝင်တို့ အီတလီမြောက်ပိုင်း ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရေးအဆောက်အအုံများအား စစ်ဆေး ကူညီ

ဘင်္ဂလားဒက်ရှ်အစိုးရသည် နိုင်ငံအတွင်း လက်ရှိ ကူးစက်ပျံ့ပွားလျှက်ရှိသည့် ကိုဗစ်-နိုင်တင်းရောဂါကာကွယ် တိုက်ဖျက်ရေးနှင့် ပတ်သက်၍ မဟာဗျူဟာချမှတ်ရေး ဆွေးနွေးကြရန် အရေးပေါ်အထူးအစည်း တစ်ရပ်ခေါ် ယူမည်ဖြစ်ကြောင်း၊ အဆိုပါအစည်းအဝေးကို တနင်္လာနေ့ ဝန်ကြီးချုပ်ရုံးအိမ်တော်၌ ကျင်းပရန် စီစဉ်ထားသည်ဟု Dhaka Tribune က ယနေ့ရေးသားသည်။ 


ဘင်္ဂလားဒက်ရှ်ပြန်ကြားရေးဌာန ( PID ) သတင်းထုတ်ပြန်ချက်၌ အဆိုပါ အစည်းအဝေးသည် လက်ရှိ ကိုဗစ်-နိုင်တင်းဖြစ်ပွားမှုနှင့် ပတ်သက်၍ နိုင်ငံ၏စီးပွားရေး၌ ဆုံးရှုံးနိုင်ခြေ ပမာဏကို အကဲဖြတ်မည်ဖြစ်ပြီး အခြေအနေကိုကျော်လွှားရန် မဟာဗျူဟာတစ်ရပ်ကိုလည်း ရေးဆွဲမည်ဖြစ်ကြောင်းပါရှိသည်။ 


ဘင်္ဂလားဒက်ရှ်အစိုးရသည် မတ်လ ၂၄-ရက်နေ့မှကတည်းက ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံံ့နှံ့မှု့မှ ကာကွယ်ရန် နိုင်ငံတစ်ဝှမ်းလုံး၌ social distancing လူအချင်းချင်း ထိတွေမှုလျှော့ချရေး ပြဋ္ဌာန်းခဲ့ပြီးဖြစ်သည်။ ရောဂါပိုးအား ထိရောက်စွာဟန့်တားနိုင်ရန်အတွက် မတ်လ – ၂၆ ရက်နေ့မှစတင်သည့် ( ၁၀ ) ရက်ကြာ တားဆီးပိတ်ဆို့ရေးအစီအစဉ်များကိုလည်း ကြေညာခဲ့သည်။ 

  
ဘင်္ဂလားဒက်ရှ်တွင် ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်လျှက်ရှိကြောင်း အတည်ပြုခံရသူ ၄၈-ဦးရှိနေပြီး၊ လူ ၅-ဦး အသက်ဆုံးရှုံးခဲ့ရပြီးဖြစ်သည်။ ကိုဗစ်-နိုင်တင်း ကူးစက်ကပ်ရောဂါပျံ့ပွားမှုနှင့် ၎င်း၏စိန်ခေါ်မှုများအား ကိုင်တွယ်ရန် ဘင်္ဂလားဒက်ရှ်နိုင်ငံတွင် အဆင်မြင့် အမျိုးသားကော်မတီတစ်ရပ်ကို ဖွဲ့စည်းပြီးဖြစ်ကြောင်းနှင့် ၎င်းအတွက် ဗြိတိန်အစိုးရနှင့် အစဉ်အမြဲ ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိကြောင်း ဝန်ကြီးချုပ်ရှိတ်ဟာစီနာက ပြောဆိုသည်ဟု Dhaka Tribune က ယမန်နေ့ရေးသားသည်။ 


ရုရှားနိုင်ငံ ဇီဝပိုးမွှားကာကွယ်ရေးယူနစ်မှကျွမ်းကျင်သူများသည် အီတလီအစိုးရအစီအစဉ်ဖြင့် ၎င်းနိုင်ငံရှိ ကိုဗစ် -နိုင်တင်းရောဂါဖြစ်ပွားမှု၏ဗဟိုပြုရာဒေသတွင် နေရာယူ ဖြန့်ချထားသည်။ ကူးစက်ရောဂါကြောင့် လူနာသေဆုံးမှုအများဆုံးဖြစ်ပွားရာဆေးရုံတွင် တာဝန်ထမ်းဆောင်လျှက်ရှိသူ သူနာပြုတို့နေထိုင်ရာ အဆောက်အအုံများအား ပိုးမွှားသန့်စင်ခြင်းကို ကူညီဆောင်ရွက်ကြသည်ဟု Russia Today က ယမန်နေ့ ရေးသားသည်။

  
သောကြာနေ့၌ ရုရှားစစ်ဘက်ဆိုင်ရာဇီဝနှင့်ဓာတုကာကွယ်ရေး ကျွမ်းကျင်သူများသည် အီတလီမြောက်ပိုင်း လွန်ဘာဒီဒေသ၊ ဘာဂါမိုမြို့ရှိ သူနာပြုအဆောက်အအုံများတွင် အိပ်ယာ၊ မွေ့ယာများအပါအဝင် ပရိဘောဂများ၊ ကြမ်းပြင်၊ နံရံနှင့် မျက်နှာကျက်များပါမကျန် ပိုးမွှားသန့်စင်ရေး ဆောင်ရွက်ခဲ့ကြသည်ဆို၏။ 

  
ကိုဗစ်-နိုင်တင်း ဗိုင်းရပ်စ်ရောဂါကပ်ကျရောက်လျှက်ရှိသော အီတလီတွင် ရုရှားနိုင်ငံ၏ အကူအညီကို အထူးလိုအပ်ကြောင်း လွန်ဘာဒီဒေသဝန်ကြီးချုပ်က ပြောဆိုသည်။ကူးစက်ကပ်ရောဂါသည် တစ်ကမ္ဘာလုံး၏ ပြဿ နာဖြစ်လာနေပြီး သက်ဆိုင်ရာတိုင်းပြည်များတွင် ဖြစ်ပွားလျှက်ရှိသော အခြေအနေအရ မိမိတို့၏ ကြိုးပမ်းအားထုတ်မှုများကို ပေါင်းစပ်လိုကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာန သတင်းထုတ်ပြန်ချက်၌ ဖော်ပြသည်။

  
ကူးစက်ရောဂါတိုက်ဖျက်ရေးတွင် ရုရှားနိုင်ငံက လျှိ့ဝှက်ရည်ရွယ်ချက်များဖြင့် ကူညီရန်ရောက်ရှိလာသည်ဟု မှန်းဆချက်များကို အီတလီနိုင်ငံခြားရေးဝန်ကြီးက ပယ်ချလိုက်ပြီး၊ အီတလီအနေဖြင့် ရုရှား၏အကူအညီများ မှာ ကြောက်ရွံ့စရာမရှိကြောင်း ပြောဆိုသည်။ ရောဂါတိုက်ဖျက်ရေးအတွက် ရုရှားအစိုးရက အကူအညီပေးပါရန် မေတ္တာရပ်ခံပြီးနောက် အရာရှိ ၁-ဦး ခေါင်းဆောင်သည့် ရုရှားစစ်ဘက်ကျွမ်းကျင်ပညာရှင် ၁၀၀- ဦးတို့သည် ပိုးမွှားကာမျက်နှာဖုံးများ၊ လေပေးစက်များနှင့်အတူ တနင်္ဂနွေနေ့တွင် အီတလီသို့ ရောက်ရှိလာခဲ့ကြောင်း၊ ဘာဂါ မိုဒေသမြို့ကြီးများ၌ အီတလီညူကလီးယား, ဇီဝနှင့်ဓာတု ကာကွယ်ရေး(NBC)တပ်ဖွဲ့ဝင်များနှင့်အတူ ရောဂါကာ ကွယ် တိုက်ဖျက်ရေး ကူညီဆောင်ရွက်လျှက်ရှိကြောင်း နိုင်ငံခြားရေးဝန်ကြီးက ပြောဆိုသည်။ 

  
ကိုဗစ်-နိုင်တင်း ကူးစက်ရောဂါ ပထမဆုံးဖြစ်ပွားရာ တရုတ်နိုင်ငံ ဟူဘေးပြည်နယ်တွင် ရောဂါခြေချုပ်ကန့်သတ်ချက်များကို ပယ်ဖျက်လိုက်ပြီး ဝူဟန်မြို့မှတစ်ပါး ပြည်နယ်တွင်း အခြားမြို့ကြီးများသို့ ပြည်တွင်းခရီးသည်တင်လေကြောင်းပျံသန်းမှု့ကို စနေနေ့ည သန်းခေါင်အချိန်မှ စတင်ခွင့်ပြုလိုက်ကြောင်း တရုတ်ဒေသန္တရ သတင်းစာများက ဖော်ပြသည်။

  
မြို့တော်ဧရိယာအတွင်း မြေအောက်မီးရထားပြေးဆွဲလျှက်ရှိပြီဖြစ်သော ဝူဟန်မြို့ကိုမူ ဧပြီလ ၈-ရက်နေ့ ညသန်းခေါင်အချိန်တွင် လေကြောင်းပြေးဆွဲမှုပြန်လည်စတင်မည်ဖြစ်ကြောင်း သိရှိရပြီး ရောဂါခြေချုပ်သတ်မှတ်ထားခြင်းကိုလည်း ထိုအချိန်၌ှ စတင်ရုတ်သိမ်းလိမ့်မည်ဟု မျှော်လင့်ရသည်။ 


ထိုစဉ်အတောအတွင်း တရုတ်နိုင်ငံမှ ကူးစက်ကပ်ရောဂါကျရောက်လျှက်ရှိသည့် ဂျာမနီနိုင်ငံသို့ လွှဲပြောင်းပေးအပ်မည့် ဆေးဝါးအကူအညီပစ္စည်းများတင်ဆောင်ထားသည့် ပထမဆုံး ကုန်တင်အထူးမီးရထားသည် သက်ဆိုင်ရာ ရောဂါခြေချုပ်လုပ်ငန်းစဉ်များအတိုင်း ဆောင်ရွက်ပြီးနောက် တရုတ်-ဥရောပမီးရထားလမ်းအတိုင်း ထွက်ခွာသွားပြီဖြစ်သည်။ ဆေးဝါးနှင့် ဆောက်လုပ်ရေးဆိုင်ရာပစ္စည်းများတင်ဆောင်ထားသည့် အဆိုပါရထားသည် ဟူဘေး ပြည်နယ် ဝူဟန်မြို့မှ ထွက်ခွာသွားခြင်းဖြစ်ပြီး ခရီးဆုံး ဂျာမနီနိုင်ငံအနောက် မြောက်ဖျားပိုင်း နယ်သာလန် နယ်စပ်အနီး Duisburg ဒူးစ်ဘတ်ခ်မြို့အရောက် ရက်သတ္တ ၂-ပတ်ကြာမြင့်မည် ဖြစ်ကြောင်း စနေနေ့ တရုတ်အစိုးရ၏ သတင်းထုတ်ပြန် ချက်ကို Global Times က ဖော်ပြသည်။ 


(( ယခုအခါ ကမ္ဘာတစ်ဝှမ်းလုံး၌ ကိုဗစ်-နိုင်တင်းကူးစက်ရောဂါကပ် ကျရောက်လျှက်ရှိပါသည်။ ကူးစက် ရောဂါ အား ခုခံတိုက်ဖျက်ရန်မှာ ကျန်းမာရေးဆိုင်ရာ အဖွဲ့အစည်းတစ်ခုတည်း၏ တာဝန်သာမဟုတ်ပဲ ကျွန်တော်များ တစ်ဦးချင်းစီတွင် ပူးပေါင်းပါဝင်မှုအလွဲမသွေ လိုအပ်ပါသည်။ ဥပမာအားဖြင့် မလိုအပ်ပဲ အိမ်ပြင်မထွက်ခြင်းနှင့် မိမိကိုယ်မိမိ သန့်ရှင်းကျန်းမာအောင်နေထိုင်ခြင်းသည်ပင်လျှင် အခြားသူများအား ရောဂါမကူးစက်အောင် ကူညီကာကွယ်ခြင်းဖြစ်ပါသည်။ 


နိုင်ငံတစ်နိုင်ငံအနေဖြင့်မူ ကူးစက်ရောဂါအား ခုခံရာ၌ မိမိတို့ဖာသာတိုက်ဖျက်မနေပဲ သင့်လျှော်ရာနိုင်ငံများ၏ အကူအညီကို ရယူကြောင်း တွေ့ရှိရပါသည်။ ဖွံ့ဖြိုးဆဲ LDC နိုင်ငံ ဘင်္ဂလားဒက်ရှ်သည် ဗြိတိန်နိုင်ငံ၏ ဆေးဘက်ဆိုင်ရာအကူအညီ ရယူမည်ဖြစ်သည်။ ဖွံ့ဖြိုးပြီးစက်မှု့နိုင်ငံကြီးဖြစ်သော အီတလီမှာ ကူးစက်ကပ်ရောဂါကြောင့် အထိနာလျှက်ရှိရာ ရုရှားနိုင်ငံက ပညာရှင်အင်အား၊ ဆေးဝါးကိရိယာအကူအညီ ရယူပါသည်။ ကူးစက်ကပ် ရောဂါအား အနိုင်ရလိုက်ပြီဖြစ်သော တရုတ်သည် ဥရောပနှင့် အခြားနိုင်ငံများသို့ ဆေးဝါးကိရိယာအကူအညီ များ ပေးအပ်လျှက်ရှိပါသည်။ 


ကျွန်တော်တို့နိုင်ငံသည်လည်း မိမိတို့ဖာသာရပ်တည်သည်ထက် ပြည်ပ မိတ်ဆွေနိုင်ငံနိုင်ငံများ၏ လူသားချင်း စာနာမှုဆိုင်ရာ အကူအညီကို ရရှိနိုင်ပါလျှင် ရောဂါကပ်ဆိုးအား ကောင်းစွာ ခုခံတိုက်ဖျက်နိုင်မည်ဟု ယုံကြည်ပါသည်။ ။ သတင်းဘာသာပြန်သူ )) 


((( Dhaka Tribune., March 29th, 2020,” Coronavirus: Govt calls emergency meeting on Monday.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ ဆက်စပ် သတင်းများမှာ ပေးထားပါ Link များအတိုင်းဖြစ်ပြီး လွှင့်တင်ရန်အခက် အခဲကြောင့် အတူမဖော်ပြနိုင်သည့် Links များကို https://m.vk.com/ounghtay နှင့် https://h2oupdatenews.com/ တွင်ရှ့ပါရန် ))) 


#ကိုရိုနာဗိုင်းရပ်စ်အီတလီနှင့်ရုရှားအကူအညီ#ကိုရိုနာဗိုင်းရပ်စ်ဗြိတိန်နှင့်ဘင်္ဂလားဒက်ရှ် 


https://www.dhakatribune.com/bangladesh/2020/03/29/coronavirus-govt-calls-emergency-meeting-on-monday 
https://www.dhakatribune.com/bangladesh/foreign-affairs/2020/03/28/pm-bangladesh-and-uk-ready-to-work-together-to-combat-coronavirus . 
https://www.rt.com/news/484343-italy-russia-covid19-response/ 
https://www.rt.com/news/484299-italy-russian-medics-bergamo-coronavirus/ 
https://www.rt.com/news/484337-italy-fm-russian-aid/ 
https://www.rt.com/news/484399-china-hubei-passanger-flights/ 
https://www.rt.com/news/484344-china-wuhan-first-train/ 

0

Leave a Reply

Your email address will not be published.