ကိုဗစ်-နိုင်တင်းသည် ကျောင်းတွင်လုံး၍ အိမ်တွင် ပြားခြင်း

ကိုဗစ်-နိုင်တင်းနှင့် ပတ်သက်၍ နေ့စဉ်သတင်းများတွင် မီဒီယာတစ်ခုက ရေးသည်ကို တဆင့်ဖောက်သည်ချရန် ရေးပြီးကာစရှိသေး အဆိုပါသတင်းနှင့် ပြောင်းပြန်ဆန့်ကျင်သတင်းကို အခြားမီဒီယာတစ်ခု၌ တွေ့နေရပါသည်။ သတင်းအတုဟု ပြောရအောင်လည်း တရားဝင်မီဒီယာ အထင်ကရ မီဒီယာများ ဖြစ်ကြပြီး ပြောဆိုသူများမှာလည်း ကမ္ဘာကျော် လူပုဂ္ဂိုလ်- အဖွဲ့အစည်းများဖြစ်နေသည်။

SARS-CoV-2 ဗိုင်းရပ်စ်ပိုးသည် Airborne ဟုတ်-မဟုတ်။ လေတွင် ဘယ်နှစ်ပေ အကွာအဝေးထိ သွား- မသွား၊ Mask သုံးသင့်-မသင့်နှင့် သုံးပုံ သုံးနည်း၊ ငှက်ဖျားကုဆေး ဟိုက်ဒရောက်ဆီကလိုရိုကွင်းဖြင့် ကိုဗစ်-နိုင်တင်း ဝေဒနာအား ကုသပေးနိုင်ခြင်းရှိ-မရှိဆိုသည်မှာ ယနေ့ အွန်လိုင်းတစ်ခွင် နေ့စဉ် အကျယ်လောင်ဆုံး အကြောင်း အရာဖြစ်နေသည်။

WHO သည် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံအများစုနိုင်ငံများနှင့် ဖွဲ့စည်းထားသော UN လက်အောက်ခံဖြစ်သည်။ အမေရိကန် CDC သည် နိုင်ငံတကာတွင် Center ခွဲများ ရှိသော်လည်း UN လက်အောက်ခံ မဟုတ်ပါ။

အမေရိကန်-ဗြိတိန်- စပိန်- ပြင်သစ်၊ ဂျာမနီ- အီတလီတို့မှာ နိုင်ငံတကာ ယုံကြည်စိတ်ချစွာ အသုံးပြုသည့် ဆေးဝါး- ဆေးပစ္စည်းကိရိယာတို့ တွင်ကျယ်စွာ ထုတ်လုပ်ရာနိုင်ငံများဖြစ်သည်။ အမေရိကန်- ဗြိတိန်ဆိုလျှင် ကမ္ဘာအရပ်ရပ်မှ ဆေးသိပ္ပံပညာရှင်များကို မွေးထုတ်ပေးရာ ဘူမိနက်သန်ဆိုလျှင် မမှားပါ။ တရုတ်ဆေးသိပ္ပံပညာရှင်များမှာ ယခု ကိုဗစ်-နိုင်တင်းနှင့် အကြိတ်အနယ် စစ်ခင်းရာ၌ လက်တွေ့ အတွေ့အကြုံ အများဆုံး ပုဂ္ဂိုလ်များ ဖြစ်နေသည်။

ထို့အတူ ………… ကိုဗစ်-နိုင်တင်းရောဂါကိုဖြစ်စေသည့် SARS-CoV-2 ဗိုင်းရပ်စ်အကြောင်း သိပ္ပံပညာက စတင်တွေ့ရှိသည်မှာ ၃-လမျှသာ ရှိသေးသည်။ သူ့အကြောင်း အသေးစိတ် တိတိကျကျ ပြောဆိုရန် စောနေသေးသည်။ ကာကွယ်ဆေး- ကုသဆေးကို အကြိတ်အနည် တီထွင်နေကြတုန်းဖြစ်သည်။

ထို့အပြင် ရောဂါကူးစက်ခံနေရပုံခြင်း တူညီမည်ဖြစ်သော်လည်း တစ်နိုင်ငံနှင့် တစ်နိုင် လူမျိုးမတူ-အများစု ကိုယ်ခံအားမတူ- မြေမျက်နှာသွင်ပြင်မတူကြပါ။ ယခင် တရုတ်ကိုရိုနာဗိုင်းရပ်စ်နှင့် ယခုဥရောပ- အမေရိကန်တို့တွင် ကြုံတွေ့နေရသော ဗိုင်းရပ်စ်သည်ပင်လျှင် တစ်ထေရာတည်းတူပုံ မရပါ။

သိပ္ပံပညာသည် ဖြစ်စဉ်တစ်ခုကို ရာခိုင်နှုန်းနှင့် ပြောတတ်သည်။ ရာခိုင်နှုန်း အများစု ထောက်ခံလျှင် အတော် စိတ်ချရမည်ဖြစ်သည်။ ခက်ထာက ဒါတွေကို ရာခိုင်နှုန်းနှင့် ပြောနေကြကြောင်း လူအများစုကြီး မေ့လျော့ထားသည်။

သည်ကြားထဲ ကျွန်တော်တို့အတွက် ငရုတ်ကောင်းစေ့ ၇-စေ့၊ ကြက်သွန်နီ ၊ တမာရွက်နှင့် ဝါးရုံရွက်တို့လည်း လာချေသေးသည်။

ထို့ကြောင့် ကိုဗစ်-နိုင်တင်းသည် ကျောင်းတွင်လုံး၍ အိမ်တွင် ပြားလေ၏။

အစဉ်လေးစားစွာဖြင့် #HtayOung, #OungMarine

0

Leave a Reply

Your email address will not be published.