ကိုဗစ်-နိုင်တင်းရောဂါနှင့် ပတ်သက်၍ အိန္ဒိယအတွေ့ကြုံများမှ ဘာတွေ သင်ခန်းစာရမည်နည်း။ နံနက်ဖန် တနင်္ဂနွေသည် ဗိုင်းရပ်စ်၏ ရောဂါပျိုးချိန် ဒုတိယကာလ၏ နောက်ဆုံးရက် ဖြစ်သောကြောင့် အတိမ်းအစောင်း မခံဟု ပညာရှင်များ သတိပေး။ ဘာတွေ မျှော်လင့်ထားရမည်နည်း

(( ကိုဗစ်-နိုင်တင်းသည် နိုင်ငံတကာကူးစက်ကပ်ရောဂါဖြစ်၍ လူမျိုး-ဘာသာ-နယ်နိမိတ် မရှိပါ။ ဘင်္ဂလားဒက်ရှ်သည် မြန်မာကဲ့သို့ ဖွံံ့ဖြိုးမှုအနည်းပါးဆုံး LDC တိုင်းပြည်တစ်ခုဖြစ်သည်။ ယခုဆောင်းပါးမှာ မြန်မာနှင့် ရေမြေသဘာဝ-ရာသီဥတုတူညီသော အိမ်နီးချင်းနိုင်ငံများ၏ ကူးစက်ကပ်ရောဂါအခြေအနေနှင့် အလားအလာတို့ကို ဘင်္ဂလားဒက်ရှ်သတင်းစာက ဝေဖန်ခန့်မှန်းထားခြင်းဖြစ်သည်။ ဖတ်ကောင်းစေရန် မူရင်းဆောင်းပါးရှင်၏ လေသံကို အတတ်နိုင်ဆုံး ကြိုးစားအမိဖမ်းရသော်လည်း ကျွန်ုပ်တို့နည်းတူ ရောဂါပိုးနှိပ်စက် ခြောက်လှန့်ခံနေရသော အိမ်နီးချင်းနိုင်ငံအား လှောင်ပြောင် သရော်ရန် မရှိပါ။ “ ဘုရားလက်ထက်တည်းက ရှိတဲ့ အဆုပ်ရောဂါကို ခုမှ ကိုဗစ်လေးဘာလေး ကွာရန်တင်းချင်တာနဲ့ ကိုယ်ပူတိုင်းချင်တာနဲ့ .. ဒီး မှတောင် မခံပု..” ဟုဆိုသူများ ကျွန် တော်တို့ထံတွင် အမှန်ရှိကြောင်း ဖဘရုပ်သံများအရ သိရသောကြောင့်ဖြစ်သည်။ “၊ ။ သတင်းဘာသာပြန်သူ ))

နိုင်ငံများစွာတို့သည် WHO ၏ အကြံဉာဏ်ပေးချက်ကို လိုက်နာသဖြင့် အကျိုးများခဲ့သော်လည်း မလိုက်နာသည့်နိုင်ငံများမှာမူ တန်ဖိုးကြီးစွာ ပေးဆပ်ရလျှက်ရှိသည်။ ဤတွင် အိန္ဒိယ၏အတွေ့အကြုံများက အိမ်နီးချင်းဘင်္ဂလားဒက်ရှ်အတွက် လာမည့် သီတင်းပတ်နှင့် လများအတွင်း ဗိုင်းရပ်စ်စွဲရောဂါ မည်ကဲ့သို့ဖြစ်လာနိုင်သည်ကို သဲလွန်စပေးပါလိမ့်မည်။ ရောဂါနှင့်ပတ်သက်၍ မည်သည့်နေရာတွင် မည်ကဲ့သို့ ပျံ့နှံ့၍ မည်သို့ တားဆီးနှိမ်နင်းရမည်ကို ညွှန်ပြနေလိမ့်မည်ဟု ဘင်္ဂလားးအခြေစိုက် Dhaka Tribune က ယနေ့ရေးသားသည်။

အိန္ဒိယသည် ဘင်္ဂလားဒက်ရှ်ထက် ရက်သတ္တ ၅-ပတ်မျှစော၍ ဇန်နဝါရီ ၃၀-ရက်နေ့ကတည်းက ရောဂါကူးစက်မှု စတင်တွေ့ရှိခဲ့သည်။ ဘင်္ဂလားဒက်ရှ်တွင်မူ မတ်လ ၈-ရက်နေ့ရောက်မှ ပထမဆုံးအကြိမ် စတင်တွေ့ရှိသည်။ ထိုမှ ၄-ပတ်အကြာတွင် ဘင်္ဂလားဒက်ရှ်၌ ကိုဗစ်-နိုင်တင်းဗိုင်းရပ်စ်ပိုးစွဲကပ်ခံရသူ ၇၀-ဦးဖြစ်လာပြီး ၈-ဦးသေဆုံးသည်။ သံသယရှိသဖြင့် စစ်ဆေးခဲ့ရသူချည့်ပင် ၂,၈၅၃- ယောက်ရှိခဲ့သည်။ အိန္ဒိယကမူ ကူးစက်ခံရသူ ပထမအကြိမ်တွေ့ရှိပြီး ရက်ပေါင်း ၂၈-ရက်အတွင်း ဗိုင်းရပ်စ်စွဲဝေဒနာခံရသူ ၃-ဦးသာရှိ၍ သေဆုံးသူ မရှိခဲ့ချေ။

ဗိုင်းရပ်စွဲကပ်ခံရမှု တွင် ဘင်္ဂလားဒက်ရှ်ထက် အရေအတွက်များစွာပိုမိုပြီး စမ်းသပ်နိုင်သဖြင့် ရောဂါပိုးကို စောစောတွေ့ စောစောတုံ့နှေးသွားအောင် ဆောင်ရွက်နိုင်သည်။ ရောဂါပိုးစတင်တွေ့ရှိပြီး ရက်သတ္တ ၆-ပတ် အကြာ မတ်- ၁၅ ရက်နေ့၌ အိန္ဒိယ၌ သေဆုံးသူ ၂-ဦးသာ ရှိသော်လည်း ကူးစက်ခံရသူ ၉၉-ဦးအထိမြင့်တက်ခဲ့သည်။

သို့သော် အိန္ဒိယသည် ရောဂါပိုးတွေ့ပြီး ၂-လတင်းတင်းပြည့်မြောက်သည့် ဧပြီလ ၄-ရက် ( ယနေ့တွင် ) မူ ကူးစက်ခံရမှုပေါင်း ၃,၀၈၂-ဦးနှင့် သေဆုံးသူ ၈၆-ဦးဖြစ်လာသည်။

#စမ်းသပ်စစ်ဆေးခြင်း ကိန်းဂဏန်းများဤမှ များပြားလာခြင်းမှာ ပြီးခဲ့သည့်လနှင့် ယှဉ်လျှင် စမ်းသပ်နည်း ပိုမိုကောင်းမွန်စွာသောကြောင့်ဖြစ်သည်။ မတ်လ-၂၉ ရက်နေ့အထိ စမ်းသပ်စစ်ဆေးမှု့ပေါင်း ၃၅,၀၀၀ ကျော် ပြုလုပ်နိုင်ခဲ့သော အိန္ဒိယသည် ( တစ်ပတ်မပြည့်မီ ) ယနေ့တွင် ၇၀,၀၀၀ ရှိသောဟူ၏။

ဆန့်ကျင်ဖက် ဆုတ်ပြန်-ဆန်ပြုတ်ပြသနေသည်က ဘင်္ဂလားဒက်ရှ်ဖြစ်သည်။ ( ယမန်နေ့ ) ဧပြီ ၃-ရက်အထိ စမ်းသပ်စစ်ဆေးနိုင်သည်မှာ ၂,၁၁၃-မှုဖြင့် တန်းလန်းကြီးဖြစ်နေသည်။ ဤတွင် ၅၁၃- မှုမှ သောကြာနေ့ ၁-ရက်တည်း၌ ဖြစ်ပြီး ယခုထိ ၂၄-နာရီအတွင်း အများဆုံး စံချိန်ဖြစ်သည်။ ဘင်္ဂလားဒက်ရှ်သည် စစ်ဆေးစမ်းသပ် မှု အနိမ့်ကျဆုံးတိုင်းပြည်များအနက် တစ်နိုင်ငံဖြစ်ပြီး လူဦးရေအချိုးနှင့်ကြည့်လျှင် ဘင်္ဂလားဒက်ရှ်သည် အိန္ဒိယ နောက် များစွာပြတ်ကျန်ခဲ့သည်။

လာမည့် တနင်္ဂနွေ ( နံနက်ဖန် ) သည် ဗိုင်းရပ်စ်၏ ရောဂါပျိုးချိန် ဒုတိယကာလ ၏ နောက်ဆုံးရက် ဖြစ်သောကြောင့် အတိမ်းအစောင်း မခံကြောင်း ဗိုင်းရပ်စ်ဗေဒပညာရှင်များက သတိပေးထားပါသည်။ ဤတွင် ဘင်္ဂလား ဒက်ရှ်အတွက် ပြောစရာအတော်များများ ကျန်ရှိနေသေးသည်။

ရောဂါပိုး ကူးစက်ခံရသည်ဟု တရားဝင်ကြေညာသောအရေအတွက်သည် ဘင်္ဂလားဒက်ရှ်နိုင်ငံ၏ လူဦးရေနှင့်ယှဉ်လျှင် အလွန်နည်းပါးလွန်းသည်။ သို့သော် တိုင်းပြည်တွင်း၌ ရောဂါကူးစက်မှုပိုမိုများပြားလာနိုင်သည်ဟု အမှန်အတိုင်း အကောင်းမြင်စိတ်ထားရှိသူများကပါ စစ်ဆေးခံရန် သဘောတူကြသည့်တိုင် #စစ်ဆေးစမ်းသပ်မှုနည်းပါးခြင်း ကြောင့် ရောဂါအား ခြေရာခံနိုင်ခြင်း မရှိသေးပါ။

#ဘာတွေမျှော်လင့်ထားရမလဲ အိန္ဒိယ၏ ဖြစ်ရပ်နမူနာများအား နယ်စပ်ကိုဖြတ်၍ ကြည့်မည်ဆိုပါလျှင် အိန္ဒိယ စမ်းသပ်မှုအရေအတွက်နှင့် လုပ်ထုံးလုပ်နည်းများသည် ဘင်္ဂလားဒက်ရှ်နှင့် ပိန်မသာ လိမ်မသာ တူညီသည် ဆိုကြပါစို့ .. မကြာသေးမီ အိန္ဒိယအစိုးရက အကျိုးရှိတန်ကောင်းသည်ဟု မျှော်လင့်ကာ Lock-down တားဆီး ပိတ်ဆို့ခြင်းများ ပြင်းပြင်းထန်ထန် ပြုလုပ်ခဲ့သော်လည်း ကူးစက်ခံရသူ ရုတ်တရက် တဟုန်ထိုး တိုးတက်လာခြင်းကို သတိပြုကြရပါမည်။ ထိုသို့ဆိုလျှင် ဘင်္ဂလားဒက်ရှ်အတွက် လာမည့်ရက်သတ္တပတ် အနည်းငယ်အတွင်း ကိုဗစ်လူနာ ရုတ်ချည်းတိုးလာမည်ကို ရင်ဆိုင်ရန် အားမွေးဖို့သာ ရှိတော့သည်။

ကူးစက်ခံရကြောင်း ပထမအကြိမ်တွေ့ရှိသည့် မတ်လ ၁၅-ရက်နေ့နောက်ပိုင်း ရက်သတ္တ ၄-ပတ်အတွင်း သေဆုံးသူ ၈-ဦးသာရှိခဲ့ခြင်းက အတော်အားတက်ဖွယ် လက္ခဏာဖြစ်သည်။ သို့သော်လည်း ဘင်္ဂလားဒက်ရှ်တွင် တကယ် မြင်နေရသည်က ကူးစက်ခံမှု လျှင်မြန်စွာ တိုးလေ ပို၍ သေဆုံးအရေအတွက် များလေဖြစ်ရာ ညဉ့်နက်ပိုင်း တောအုပ်အလယ် စမ်းတစ်ဝါးဝါး ခရီးသွားရသလိုရှိသည်။

အိမ်နီးချင်းအိန္ဒိယ၌ ဘာတွေဖြစ်လာသည်ကို သင်ခန်းစာယူလျှင် လာမည့် ရက်သတ္တ ၃-ပတ်မှာ အမှန်တကယ် လုံးဝအရေးကြီးသည်။

#ကိုဗစ်-နိုင်တင်းအိန္ဒိယအတွေ့အကြုံနှင့်ဘင်္ဂလားဒက်ရှ်

((( Dhaka Tribune., April 4th, 2020,” What can the India experience tell Bangladesh about Covid-19?” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။)))

https://www.dhakatribune.com/health/coronavirus/2020/04/04/what-can-the-india-experience-tell-bangladesh-about-covid-19

https://gisanddata.maps.arcgis.com/apps/opsdashboard/index.html?fbclid=IwAR0tOhUl59T4ql89uyu8fgwqjI3F4AOGGL5U8M_s5RQurA0mqtzgoGJlcVE#/bda7594740fd40299423467b48e9ecf6

0

Leave a Reply

Your email address will not be published.