ကိုယ်ဝန်ဆောင်မိခင်များ၏ အချင်းအတွင်း မိုက္ကရိုစကုပ်ဖြင့်သာ မြင်ရသည့် ပလတ်စတစ်မှုန်မွှားစများကို အံ့သြတုန်လှုပ်ဖွယ် တွေ့ရှိ။ လူ့ဆဲလ်သက်သက် မဟုတ်တော့ဘဲ ဇီဝဖြစ်တည်မှုနှင့် အင်အော်ဂဲနစ်ပစ္စည်းများ ရောနှောတည်ဆောက်ထားသည့် “ ဆိုင်ဘော့” ကလေးငယ်နှင့် ပမာတူ

..  
ကိုယ်ဝန်ဆောင်အမျိုးသမီးများ၏ အချင်းအတွင်း မိုက္ကရိုစကုပ်ဖြင့်သာ မြင်နိုင်သည့် ပလတ်စတစ်မှုန်မွှားစများကို ပထမဆုံးအကြိမ် တွေ့ရှိခဲ့ရခြင်းမှာ အလွန်စိုးရိမ်စရာဖြစ်ကြောင်း သုတေသနပြုသူများက ပြောဆိုသည်ဟု The Independent က ယနေ့ရေးသားသည်။ 

..
အီတလီနိုင်ငံတွင် ပြုလုပ်သည့် သုတေသန၌ ပါဝင်သူ အမျိုးသမီးများသည် သားသမီးမွေးဖွားရာ၌ ရှုတ်ထွေးမှု တစ်စုံတစ်ရာ မရှိသော်လည်း ၎င်းတို့၏ အချင်းအတွင်း သေးငယ်သည့်တစ်ရှူးနမူနာများမှာ သဘာဝအလျောက် မဟုတ်သော လူလုပ်ဒြပ်ပစ္စည်းများဖြစ်သည်ကို ဖော်ထုတ်တွေ့ရှိရကြောင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ နိုင်ငံတကာဂျာနယ်က ဖော်ပြထားကြောင်း သိရှိရသည်။

..   
အလွန်အမင်းသေးငယ်သော ပလတ်စတစ်အမှုန်များ၏ ကျန်းမာရေးဆိုင်ရာ အကျိုးသက်ရောက်မှုကို အတိအကျ မသိရှိရသေးသော်လည်း ပလတ်စတစ်တွင် ပါဝင်သည့် ဓါတုပစ္စည်းများသည် ဖွံ့ဖြိုးဆဲသန္ဓေသား၏ ကိုယ်ခံစွမ်းအားစံနစ်ကို ပျက်စီးစေနိုင်လိမ့်မည်ဟု ကျွမ်းကျင်သူများက ယူဆသည်။ 

..   
ရောမမြို့ရှိ “ ဖီဘင်နီဖရာတီလီ “ ဆေးရုံမှ ကလေးအထူးကု သုတေသီများနှင့် “ ပိုလီတက္ကနီကားဒီလေမာကင် “တက္ကသိုလ်မှ သုတေသီများက အဆိုအရ ကိုယ်ခန္ဓာအတွင်း ပလပ်စတစ်များရှိနေခြင်းမှာ အဆိုပါအရာဝတ္ထုမှာ အော်ဂဲနစ်ပစ္စည်း မဟုတ်သည့်တိုင် မိမိခန္ဓာကိုယ်က အသိအမှတ်ပြုသည့် ကိုယ်ခံစွမ်းအားစနစ်အား အနှောက်အယှက်ပေးလေ့ရှိကြောင်း၊ ယခုဖြစ်စဉ်မှာ လူသားဆဲလ်သက်သက် ပေါင်းစပ်ထားခြင်း မဟုတ်တော့ဘဲ ဇီဝဖြစ်တည်မှုနှင့် သက်ရှိမဟုတ်သော အင်အော်ဂဲနစ်ပစ္စည်းများ ရောနှောတည်ဆောက်ထားသည့် ( အသိဉာဏ်ရှိ စက်ရုပ်တစ်ပိုင်း ) “ ဆိုင်ဘော့ “ ကလေးငယ် မွေးသည်နှင့် တူနေကြောင်း မှတ်ချက်ပြုသည်။ 

..   
သုတေသနစာတမ်းအား ဦးဆောင်ရေးသားသူ သားဖွားမီးယပ်အထူးကုဌာနအကြီးအကဲ အန်တိုနီယိုရာဂူဆာကဆိုလျှင် အချင်းအတွင်း ပလတ်စတစ်မှုန်မွှားများကို ပထမဆုံးအကြိမ်တွေ့ရသည့်အခါ အလွန်အံ့သြမိကြောင်း“ ကလေးအမေတွေခမျာလဲ အတော်တုန်လှုပ်သွားတယ်” ဟု ပြောဆိုသည်။ 

..  
သုတေသနစာတမ်းတွင် ဖော်ပြထားသည့် ပလတ်စတစ်အားလုံးမှာ ရောင်ချယ်ပြီးပစ္စည်းများ ဖြစ်နေကြသည်ဆို၏။ ၃-ခုမှာ သာမိုပလတ်စတစ် ပေါ်လီမာဖြစ်စဉ်မှ ပေါ်လီပရိုပိုင်လင်းများဖြစ်ပြီး၊ အခြား ၉-ခုမှာ နံရံကုတ်တင်ဆေး၊ သုတ်ဆေး၊ ကော်၊ ပလာစတာသရွတ်၊ လက်ချောင်းအလှချယ်ဆေး၊ တစ်ကိုယ်ရည်သုံး ပေါ်လီမာနှင့် အလှကုန်များတွင် အသုံးများသည့် လူလုပ် ရောင်ချယ်ပစ္စည်းများဖြစ်ပုံရကြောင်း ရေးသားထားသည်။ 

..  
သုတေသီများအဆိုအရ လွန်ခဲ့သည့် ရာစုနှစ်တစ်လျှောက်၌ ကမ္ဘာတစ်ဝှန်းလုံး၏ ပလတ်စတစ်ထုတ်လုပ်မှုမှာ နှစ်စဉ် တန်ချိန် သန်း ၃၂၀ အထိ ရောက်ရှိခဲ့ပြီး ၎င်းတို့အနက် ၄၀ ရာခိုင်နှုန်းကျော်ကို ပလတ်စတစ်စွန့် ပစ္စည်းအစုအပုံများဖြစ်စေသည့် တစ်ခါသုံး ထုပ်ပိုးကြရာ၌ အသုံးပြုသည်။ 

..
လူ့ဆဲလ်များအတွင်း၌ ပလတ်စတစ်မှုန်မွှားများမှာ လက်ခံဇီဝရုပ်အတွက် ပြင်ပမှ ဝင်ရောက်လာသည့် ပစ္စည်းများသာဖြစ်ကြပြီး ရောက်ရှိရာနေရာအလိုက် ကိုယ်ခံစွမ်းအား တုံ့ပြန်မှုကိုဖြစ်ပေါ်စေသည်။ 

..
( ယေဘူယျအားဖြင့် ) ပလတ်စတစ်မှုန်မွှားများမှာ သဘာဝပတ်ဝန်းကျင်ညစ်ညမ်းစေသည့်ပစ္စည်းများအဖြစ် လူသိများကြပြီး ဆိုးကျိုးများထုတ်လွှတ်နိုင်သည့် ပလတ်စတစ်အဖြည့်ပစ္စည်းများကိုလည်း သယ်ဆောင်ပေးသည်။ 

..
..
(( ယခုအခါတွင် Covid-19 ရောဂါနှင့် ပတ်သက်၍ DNA ဆိုသည့် ဝေါဟာရကို လူအများ နားရည်ဝနေပြီး ဖြစ်လောက်ပါသည်။ DNA (ဒီအန်အေ) ဆိုသည်မှာ deoxyribonucleic acid ( #ဒီအောက်စီရိုင်ဗိုနျူကလစ်အက်ဆစ်) ၏ အတိုကောက် စာလုံးဖြစ်သည်။ ဒီအန်အေကို သက်ရှိများ၏ ကလာပ်စည်းတိုင်းတွင် တွေ့ရှိရပြီး တွန့်လိမ်နေသည့် ကြိုးလှေကားပုံသဏ္ဍာန်ရှိသည်။ ဒီအန်အေသည် သတ္တဝါ၊ အပင်နှင့် ဗက်တီးရီးယား အပါအဝင် သက်ရှိအားလုံး၏ မျိုးဗီဇသင်္ကေတ (genetic code) ဖန်တီးသည့် မော်လီကျူးဖြစ်ပြီး အီလက်ထရွန်မိုက္ကရိုစကုပ်ဖြင့်သာ မြင်တွေ့နိုင်သည်။

..   
မျိုးဆက်ရင်သွေးများသည် သက်ဆိုင်ရာ မိဘများထံမှ ဒီအန်အေကို ဆက်ခံကြသည်။ ထို့ကြောင့် ရင်သွေးများသည် မိဘများနှင့် အသားအရောင်၊ ဆံပင်အရောင်၊ မျက်လုံးအရောင်စသည့် ရုပ်အင်္ဂါအားဖြင့် ဆင်တူကြခြင်းဖြစ်သည်။ လူတဦး၏ ဒီအန်အေသည် မိခင်နှင့် ဖခင်တို့ဆီမှ တဝက်စီ ဆင်းသက်လာသည်။

..   
ကျွန်ုပ်တို့ ယခုအသုံးပြုနေသည့် လက်ကိုင်ဖုန်းနှင့် ကွန်ပျူတာတို့တွင် Micro-chip “ မိုက္ကရိုချစ်ပ်” ခေါ် အလွန်သေးငယ်သည့် လျှပ်စစ်ပစ္စည်းလေးများ ပါဝင်နေသည်။ #မိုက္ကရိုချစ်ပ် အချို့မှာ အလွန်သေးငယ်လွန်းသဖြင့် အပ်နဖားပေါက်အတွင်း လျိုသွင်းနိုင်သည်။

..  
လွန်ခဲ့သည့်နှစ်များတွင် လူတို့၏ ဒီအင်အေနှင့် မိုက္ကရိုချစ်ပ်အား ချိတ်ဆက်ခြင်းဖြင့်သဘာဝလွန်လူသားများ ဖန်တီးနိုင်ရန် ကြံဆသည့် သတင်းများ ထွက်ပေါ်ခဲ့သည်။ဖြစ်နိုင်-မဖြစ်နိုင် မပြောတတ်သော်လည်း အလွန်အလှမ်းဝေးလိမ့်ဦးမည်ဟု ကျွန်တော်ထင်ပါသည်။

..   
လူသိများနေသည့် Covid-19 ရောဂါဖြစ်စေရန် ဇီဝလက်နက်ဖန်တီးရာတွင် မိုက္ကရိုဆော့ဖ်တည်ထောင်သူ ဘီလ်ဂိတ်အား ယိုးစွပ်ကြခြင်းမှာ အဆိုပါ ကောလဟလများကြောင့် အများကြီး ပါဝင်ပုံရသည်။ 

..
မူရင်းသတင်းပါ #Cyborg ကို မြန်မာပြန်နေလျှင် အတော်ရှည်ဝေးပြီး ရှင်းလေ နားရှုတ်ဖွယ်သာရှိပါ၍ “ #ဆိုင်ဘော့ “ ဟု အသံလှယ်ကာ မြန်မာမှု့ ပြုလိုက်ရပါသည်။ မြန်မာရုပ်ရှင်ပရိဿတ်များ နှစ်သက်ကြသည့် ဟောလိဝုဒ် သိပ္ပံအက်ရှင် ဇာတ်ကား “ The Terminator “ တွင် အာနိုးနှင့် ဗီလိန်ဇာတ်ကောင်များမှာ “ ဆိုင်ဘော့ “ များဖြစ်ကြပါသည်။     ။ သတင်းဘာသာပြန်သူ )) 
..

#ကိုယ်ဝန်ဆောင်မိခင်၏အချင်းတွင်ပလတ်စတစ်မှုန်မွှားစများတွေ့ရှိ #ဆိုင်ဘော့ကလေးငယ် 
#ဒီအင်အေ_မိုက္ကရိုချစ်ပ်ချိတ်ဆက်ခြင်းနှင့်_ကိုရိုနာဗိုင်းရပ်စ်ရောဂါ 

..
((( Independent, December 23, 2020,” Microplastics found in placentas of pregnant women.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ ))) 

..  
https://www.independent.co.uk/news/science/microplastic-pregnant-women-placenta-b1777703.html 
..
https://www.dhakatribune.com/world/2020/12/23/microplastics-found-in-placentas-of-pregnant-women-for-first-time

0

Leave a Reply

Your email address will not be published.