ကိုရိုနာကူးစက်ကပ်ရောဂါကို အယုံအကြည်မရှိသူ တန်ဇန်နီးယားသမ္မတ ၆၁-နှစ်အရွယ် ၌ သေဆုံး၊ နိုင်ငံရေးလောက၌ ဘူလ်ဒိုဇာလူသန်ကြီးအဖြစ် နာမည်ရသူ ကာကွယ်ဆေးကို ရှုတ်ချ၍ Mask ဝတ်ဆင်ခြင်း Social Distancing ကို ဆန့်ကျင်သူ သမ္မတသေဆုံးခြင်းမှာ Covid-19 ရောဂါဟု သတင်းဖြစ်ပေါ်။


အာဖရိကတိုက်၌ ကိုရိုနာဗိုင်းရပ်စ်ရောဂါဖြစ်ပွားလျှက်ရှိသည်ဆိုခြင်းကို မယုံကြည်ရာတွင် အထင်ရှားဆုံးဖြစ်သော #တန်ဇန်းနီးယားသမ္မတ_ဂျွန်မက်ဂူဖူလီသည် အသက် ၆၁ နှစ်အရွယ်တွင်ကွယ်လွန်သွားပြီဖြစ်ကြောင်း ဒုတိယသမ္မတ #ဆမ်မီယာဆူလူဟာဟတ်စိန်က ဗုဒ္ဓဟူးနေ့၌ သတင်းထုတ်ပြန်သည်။ သို့ရာတွင် သမ္မတဖြစ်သူ၏ လူမြင်ကွင်းမှ ရက်သတ္တ ၂-ပတ်ကျော် ပျောက်ကွယ်နေခဲ့ခြင်းမှာ ၎င်း၏ကျန်းမာရေးနှင့်ပတ်သက်၍ အမျိုးမျိုး တွေးထင်လျှက်ရှိကြကြောင်း Reuters က ယနေ့ရေးသားသည်။..    
အမျိုးသမီးတစ်ဦးဖြစ်သူ ဒုတိယသမ္မတ၏ သတင်းထုတ်ပြန်ချက်၌မူ သမ္မတဂျွန်မာဂူဖူလီသည် ဆယ်စုနှစ်ကြာ ခံစားခဲ့ရသော နှလုံးရောဂါဖြင့် ကွယ်လွန်ခြင်းဖြစ်ကြောင်းနှင့် ဝမ်းနည်းခြင်း အထိန်းအမှတ်အဖြစ် ၁၄-ရက်ကြာ အလံတိုင်တစ်ဝက် လွှင့်ထူကြရန် ဖော်ပြထားသည်။..   
မက်ဂူဖူလီသည် ဖေဖော်ဝါရီ ၂၇ ရက်နေ့တည်းက လူအများမြင်တွေ့ရခြင်း မရှိတော့ပဲ COVID-19 ရောဂါ ဖြစ်ပွားလျှက်ရှိကြောင်း ကောလဟလသတင်းများ ထွက်ပေါ်ခဲ့သည်။ သမ္မတဖြစ်သူ ဖျားနာလျှက်ရှိသည်ဆိုခြင်းကို တန်ဇန်နီးယားအာဏာပိုင်များက မတ်လ ၁၂ ၌ တရားဝင် ငြင်းဆိုသည်။ လူသာမန်တိုင်းဖြစ်ပွားလေ့ရှိသည့် တုတ်ကွေး သို့မဟုတ် ရိုးရိုးဖျားနာခြင်းဖြစ်သည်ကို စစ်ဆေးမည်ဖြစ်ကြောင်း၊ တန်ဇန်နီးယားပြည်သူတို့အနေဖြင့် ပြည်ပနိုင်ငံများမှ ထုတ်လွှင့်သော ကောလဟလများကို မယုံကြည်ကြရန် ဒုတိယသမ္မတက တနင်္လာ နေ့၌ ကြေညာခဲ့ဖူးသည်။..   
#တန်ဇန်နီးယားဝန်ကြီးချုပ်_ကာဆင်မာဂျာလီဝါကလည်း သူ့အနေဖြင့် သမ္မတမက်ဂူဖူလီနှင့် တွေ့ဆုံစကား ပြောဆိုခဲ့ကြောင်း၊ သမ္မတ၏ကျန်းမာရေးနှင့်ပတ်သက်၍ ပြည်ပရောက်တန်ဇန်းနီးယားလူမျိုးများအား သမ္မတအပေါ် မလိုလားသူများအဖြစ် ပြစ်တင်စကား ဆိုခဲ့သည်။..    
ထို့နောက် ဒါရက်ဆလမ်မြို့ မက်ဇီနာဆေးရုံ၌ ဆေးဝါးကုသနေခိုက် မတ် ၁၇-ရက်နေ့တွင် နှလုံးရောဂါဖြင့် ကွယ်လွန်ကြောင်း နိုင်ငံပိုင်ရုပ်သံ TBC က သတင်းထုတ်ပြန်ခြင်းဖြစ်သည်။ထို့ကြောင့် မာဂူဖူလီသည် တာဝန်ထမ်းဆောင်စဉ် ကွယ်လွန်သော ပထမဆုံး တန်ဇန်းနီးယားသမ္မတဖြစ်ဖွယ်ရှိသည်။..  
မက်ဂူဖူလီအနိုင်ရခဲ့သော အောက်တိုဘာရွေးကောက်ပွဲတွင် အဓိကပြိုင်ဘက်ဖြစ်ခဲ့သည့် တန်ဒူလစ်ဆူက ပြောဆိုရာ၌မူ သမ္မတသည် စောစောပိုင်းတွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါကုသရန် ကင်ညနိုင်ငံသို့ သွားရောက်ခဲ့ကြောင်း၊ ထို့နောက် သတိလစ် မေ့မျောသွားသဖြင့် အိန္ဒိယနိုင်ငံသို့ ရွှေ့ပြောင်း ဆေးကုသခဲ့သည်ဟု ကြားသိရကြောင်း ရှင်းပြသည်။..  
တန်ဇန်းနီးယားနိုင်ငံ၏ဖွဲ့စည်းပုံဥပဒေအရ ဒုတိယသမ္မတ ဆမ်မီယာဆူလူဟာဟတ်စိန် (၆၁ နှစ်) သည် မာဂူဖူလီ၏ ကျန်ရစ်သော ငါးနှစ်သက်တမ်းအတွက် သမ္မတအဖြစ် တာဝန်ထမ်းဆောင်ရန်ရှိနေသည်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဇမ်ဇီဘာကျွန်းတွင် မွေးဖွားခဲ့သူ ဆမ်မီယာဆူလူဟာဟတ်စိန်သည် ဗြိတိန်နိုင်ငံ၌ စီးပွားရေး ပညာဘာသာရပ်ကို လေ့လာဆည်းပူးခဲ့သူဖြစ်ပြီး၊ ကုလသမဂ္ဂစားနပ်ရိက္ခာအစီအစဉ် (WFP) တွင် တာဝန်ထမ်းဆောင်ခဲ့သည်။ မာဂူဖူလီလက်ထက်တွင် တန်ဇန်နီးယားအစိုးရအဖွဲ့၌ တာဝန်အမျိုးမျိုးတွင် ထမ်းဆောင်ခဲ့သည်။..    
ဆမ်မီယာဆူလူဟာဟတ်စိန်အနေဖြင့် အာဖရိကအရှေ့ပိုင်း၌ တည်ရှိသော တန်ဇန်းနီးယားနိုင်ငံ၏ ပထမဆုံး အမျိုးသမီးသမ္မတဖြစ်လာရန် ရှိနေသည်။..  
ကွယ်လွန်သူ သမ္မတဂျွန်မက်ဂူဖူလီသည် အတိုက်အခံများ ကန့်ကွက်နေသည့်ကြားမှ သူ၏ ပေါ်လစီများကို မဖြစ်မနေ ဆောင်ရွက်လေ့ရှိခြင်းကြောင့် နိုင်ငံရေးလောကတွင် #ဘူလ်ဒိုဇာ_လူသန်ကြီး အဖြစ် နာမည်ထွက်ခဲ့သူဖြစ်သည်။ ၁၉၉၀-ခုနှစ်တွင် ပါလီမန်အမတ်ဖြစ်လာခဲ့သူ မက်ဂူဖူလီသည် တန်ဇန်နီးယားအစိုးရအဆက်ဆက်တွင် ဒု-ဝန်ကြီးနှင့် ဝန်ကြီးအဖြစ် တာဝန်ယူခဲ့ဖူးသူ အတွေ့အကြုံရင့် #လစ်ဘရယ်အမျိုးသားရေးဝါဒီ တစ်ဦးဖြစ်သည်။..  
မက်ဂူဖူလီသေဆုံးခြင်းအတွက် တန်ဇန်းနီယားပြည်သူလူထုအတွင်း နှမြောတသ ဝမ်းနည်းသူများ ရှိနေသည်။ သို့သော်လည်း နိုင်ငံတကာ၌ ကူးစက်ကပ်ရောဂါခြိမ်းခြောက်လျှက်ရှိစဉ် ဘုရားသခင်နှင့် ရေနွေးငွေ့ရှူခြင်းတို့ဖြင့် ကိုရိုနာဗိုင်းရပ်စ်ပိုးကို ကာကွယ်နိုင်သည်ဟု တန်ဇန်နီးယား ပြည်သူလူထုတို့အား ဟောပြောခြင်းကြောင့် ကုလသမဂ္ဂကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး WHO အား စိတ်ပျက်စေခဲ့သည်။..   
သင်္ချာ၊ ဓါတုဗေဒဘာသာရပ်တို့ဖြင့် ပညာရေးဘွဲ့ ရရှိခဲ့သူ မက်ဂူဖူလီသည် ဒါရက်ဆလမ်တက္ကသိုလ်၌ ဓါတုဗေဒဘာသာရပ်ကို ပို့ချခဲ့ဖူးသည်။ သို့သော် ကိုရိုနာဗိုင်းရပ်စ်ရောဂါဆိုသည်မှာ အာဖရိက၏ စည်းစိမ်ဥစ္စာများကို ကဲ့ယူရန် အနောက်နိုင်ငံတို့၏ ပူးပေါင်းကြံစည်မှု အစိတ်အပိုင်းတစ်ခုအဖြစ်သာ မှတ်ယူသည်။ ကာကွယ်ဆေးများကို ရှုတ်ချခဲ့ပြီး Mask ဝတ်ဆင်ခြင်း၊ #လူချင်းနီးကပ်မှု_ကန့်သတ်ခြင်း Social distancing ကို ဆန့်ကျင်သူဖြစ်သည်။
..
(((Rruters., 18 Mar 2021 ,” Tanzania’s President John Magufuli dead at 61.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ )))
..
#တန်ဇန်းနီးယားသမ္မတသေဆုံးခြင်းမှာ_ကိုရိုနာဗိုင်းရပ်စ်ရောဂါကြောင့်ဟု_ကောလဟလဖြစ်..  
https://www.reuters.com/article/us-tanzania-president/tanzanias-vice-president-announces-death-of-president-magufuli-on-state-tv-idUSKBN2B92R0?il=0
https://bdnews24.com/world/africa/2021/03/18/tanzania-s-president-john-magufuli-dead-at-61 

Leave a Reply

Your email address will not be published.