ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး စမ်းသပ်မှုအချက်အလက်များကို ရုရှားဟက်ကာများက ခိုးယူရန်ကြိုးစားခဲ့ဟု အမေရိကန်၊ ဗြိတိန်နှင့် ကနေဒါတို့က စွပ်စွဲ။ မကြာသေးမီက တရုတ်အား အလားတူ စွပ်စွဲခဲ့

ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး စမ်းသပ်မှုဆိုင်ရာ အချက်အလက်များကို ရုရှားဟက်ကာများက ခိုးယူရန်ကြိုးစားခဲ့ကြောင်း အမေရိကန်၊ ဗြိတိန်နှင့် ကနေဒါတို့က စွပ်စွဲလိုက်ပြီး သိပ္ပံပညာရှင်များနှင့် ဆေးဝါးကုမ္ပဏီတို့အနေဖြင့် သံသယဖြစ်ဖွယ် လုပ်ဆောင်မှုများအား သတိပြုကြရန် ပြောဆိုသည်ဟု AP က ယနေ့ရေးသားသည်။

ရုရှားထောက်လှမ်းရေးအဖွဲ့၏အစိတ်အပိုင်းတစ်ခုဖြစ်သော “ ကိုဇီဝက်ဝံ “ ဟု လူသိများသည့် ” APT29 ဟက်ကာအဖွဲ့” သည် COVID-19 ရောဂါကာကွယ်ဆေး စမ်းသပ်ထုတ်လုပ်မှုတွင်ပါဝင်သည့် ဆေးသိပ္ပံနှင့်ဆေးဝါးသုတေသနဌာနများအား တိုက်ခိုက်လျှက်ရှိကြောင်း အဆိုပါ ၃-နိုင်ငံ၏ ထောက်လှမ်းရေးအေဂျင်စီများက ယမန်နေ့တွင် စွပ်စွဲလိုက်သည်ဟု သိရှိရသည်။

မည်သည့် အသုံးဝင်အချက်အလက်များ ခိုးယူခံရကြောင်း ရှင်းလင်းစွာ မသိရှိရချေ။ သို့သော် ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဋ္ဌာနက သတင်းထုတ်ပြန်ကြေညာရာ၌ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ကပ်ရောဂါမှ ကာကွယ်ရန် လုပ်ဆောင်နေသူများအား ရုရှားထောက်လှမ်းရေး တာဝန်ရှိသူတို့က ယခုကဲ့သို့ ပစ်မှတ်ထားတိုက်ခိုက်ခြင်းမှာ လုံးဝလက်ခံနိုင်စရာ မရှိကြောင်း၊ ရုရှားအစိုးရအနေဖြင့် တစ်ကိုယ်ကောင်းဆန်စွာ မဆင်မခြင်ပြုမူလျှက်ရှိ ကြောင်း စွပ်စွဲသည်။

အမေရိကန်၊ ကနေဒါတို့နှင့် ပူးတွဲလျှက် ဗြိတိန်နိုင်ငံ အမျိုးသားဆိုက်ဘာလုံခြုံရေးစင်တာမှ ထုတ်ပြန်သော ကြေညာချက်တွင်မူ ရုရှားထောက်လှမ်းရေးတာဝန်ရှိသူများ၏ ဇွဲမလျှော့တမ်း ဆက်လက်တိုက်ခိုက်နေပုံအရ သုတေသနလုပ်ငန်း ကို နှောင့်ယှက်ခြင်းထက် အသိဉာဏ်ပညာပိုင်းဆိုင်ရာ အချက်အလက်များကို ခိုးယူရန် ကြိုးစားနေသည်ဟု မှတ်ယူရကြောင်း၊ လတ်တလောကြုံတွေ့နေရသော မလိုမုန်းထား တိုက်ခိုက်မှုတွင် အထူးသဖြင့် အစိုးရအဖွဲ့၊ သံတမန်များ၊ ဝေဖန်သုံးသပ်သူပညာရှင်များ၊ ကျန်းမာရေးစောင့်ရှောက်မှုများအား အဓိကထားလျှက် ပါဝင်ကြောင်း ဖော်ပြသည်။

မျက်မှောက် ကူးစက်ရောဂါဖြစ်ပွားစဉ်အတွင်း အနောက်နိုင်ငံဆေးသုတေသနတွေ့ရှိချက်များအား ပြည်ပအစိုးရနှင့် ချိတ်ဆက်ရှိသည့် ဟက်ကာများက လျှို့ဝှက်စွာ ခိုးယူရန်ကြိုးစားနေသည်ဟူသောစွပ်စွဲချက်မှာ လုံးဝအသစ်အဆန်းတော့မဟုတ်ပါ။

လွန်ခဲ့သည့် ကြာသပတေးနေ့ကလည်း အမေရိကန်အရာရှိများသည် တရုတ် နိုင်ငံအပေါ် အလားတူ စွပ်စွဲခဲ့ဖူးသည်။ သို့သော် နောက်ဆုံးသတင်းအသေးစိတ်ထုတ်ပြန်ရာတွင် အခြားဟက်ကာအဖွဲ့တစ်ခု၏ လက်ချက်ဖြစ်နေပြီး ဆော့ဖ်ဝဲအားနည်းချက်များကို အခွင့်ကောင်းယူခြင်းဖြစ်နေရာ လူအများ အံ့အားသင့်စရာဖြစ်ရသည်။

ထို့ပြင် ၂၀၁၆-ခုနှစ် အမေရိကန်သမ္မတ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးတွင် ရုရှားနိုင်ငံက သြဇာလွှမ်းမိုးရန် ဆိုက်ဘာတိုက်ခိုက်ခြင်းဖြင့် ထိုးနှက်သည်ဟု ဖြစ်ပေါ်ခဲ့ဖူးသည်။

ရုရှားသမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်စ်ကော့ဗ်ကမူ အဆိုပါ စွပ်စွဲချက်များကို ပယ်ချလိုက်ပြီး ဗြိတိသျှသုတေသနစင်တာနှင့် ဆေးဝါးကုမ္ပဏီများကို ဟက်သည်ဆိုခြင်းနှင့်ပတ်သက်၍ မည်သည့်သတင်းမျှ မရရှိခဲ့ကြောင်း၊ သေချာသည်မှာ ရုရှားအနေဖြင့် ထိုကိစ္စနှင့် မည်သို့မျှ သက်ဆိုင်ခြင်းမရှိကြောင်း ပြောဆိုသည်ဟု ရုရှားမီဒီယာ Tass က ယနေ့ဖော်ပြသည်။

(( တရုတ်နှင့် ရုရှားတို့ အနောက်နိုင်ငံများမှ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး သုတေသနဆိုင်ရာ အချက်အလက်များ ခိုးယူခြင်း ရှိ- မရှိ ကျွန်တော်မသိပါ။

ကိုရိုနာဗိုင်းရပ်စ်ရောဂါနှင့် ပတ်သက်၍ ကာကွယ်ဆေး-ကုသဆေးရရှိရန် ကမ္ဘာ့ဖွံ့ဖြိုးပြီး နိုင်ငံကြီးများ အကြိတ်အနယ် ယှဉ်ပြိုင် ကြိုးစားလျှက်ရှိသည်။ စောစောတွေ့သူသည် နာမည်ကောင်းလည်းရ၊ ငွေပုံကြီးကို ခလုတ်တိုက်မိခြင်းဖြစ်ပေမည်။ မကြာသေးမီ သတင်းများရ ကိုရိုနာဗိုင်းရပ်စ်ရောဂါကာကွယ်ဆေးကို စောစီးစွာ အမြောက်အများ ထုတ်လုပ်မည့်နိုင်ငံမှာ ရုရှားဖြစ်လာဖွယ်ရှိသည်။

ယခုသတင်းကို ပြန်ရေးနေစဉ် အတိတ်ကာလ မြန်မာနိုင်ငံလွတ်လပ်ရေးအတွက် လန်ဒန်မြို့တွင် “ အောင် ဆန်း-အက်တလီစာချုပ် “ ချုပ်ဆိုစဉ် ဗိုလ်ချုပ်အောင်ဆန်းနှင့် မြန်မာခေါင်းဆောင်များ မှတ်သားလိုက်ရသော စကားကြီးတစ်ခွန်းကို ကျွန်တော်သတိရမိသည်။

ထိုစဉ်က ဗိုလ်ချုပ်တို့အဖွဲ့အား ဗြိတိသျှပါလီမန်အမတ်တစ်ဦးက သြဝါဒ ခြွေသည်ခဲ့သည်မှာ “ နိုင်ငံရေးဆိုတာ ညစ်ပတ်ထာ “ ဟူ၏။ ။ သတင်းဘာသာပြန်သူ )))

((( AP., 16 July 2020, “Russia is hacking virus vaccine trials, US, UK, Canada say. By ERIC TUCKER, JILL LAWLESS and DANICA KIRKA ” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ် ဘာသာပြန်ဆိုသည်။ )))

#ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးစမ်းသပ်မှုအချက်အလက်များကို #ရုရှားဟက်ကာများက_ခိုးယူရန်ကြိုးစားဟုစွပ်စွဲ

https://apnews.com/47797e89ddb470b3244fae3a799481c5

0

Leave a Reply

Your email address will not be published.