ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးကို မည်သူတို့ ပထမဆုံး ရသင့်သနည်း၊ စဉ်းစားမိကြသည်ထက် ပရိယာယ်များလွန်း။ ကာကွယ်ဆေး ခွဲဝေရာတွင် သတင်းအချက်အလက် အမှားတို့ များပြားခြင်းနှင့် နိုင်ငံရေးအရ ဝင်ရောက်စွက်ဖက်ခြင်းတို့ကို ကြောက်ရွံ့နေရ

ဆေးဝါးကုမ္ပဏီများစွာတို့သည် ကိုရိုနာဗိုင်းရပ်စ်ရောဂါကာကွယ်ဆေး ရှာဖွေရန် စမ်းသပ်မှုများ အားသွန်ခွန်စိုက် ကြိုးစားနေကြရာ ထွက်ပေါ်လာသော ကာကွယ်ဆေးအား မည်သူက ပထမဆုံး ရသင့်သည်ကို ဆုံးဖြတ်ရန် လျှင်မြန်စွာ နီးကပ်လာသည်။ ထိုကိစ္စနှင့်ပတ်သက်၍ အမေရိကန် ကျန်းမာရေးအာဏာပိုင်များအနေဖြင့် လာမည့်လ နှောင်းပိုင်းတွင် လမ်းညွှန် မူကြမ်း ချမှတ်ပေးရန် မျှော်လင့်ရသည်။ သို့သော် ယခု ဆုံးဖြတ်ချက်ပေးရန် ဆိုသည်မှာ ယခင် ကူးစက်ရောဂါ ဖြစ်ပွားမှုထက် ပိုမိုရှုတ်ထွေးသည်။ 

  
လူတိုင်း နှစ်သက်မည်မဟုတ်သော်လည်း ပုံမှန်အားဖြင့် ကာကွယ်တိုက်ဖျက်ကုသရေး ရှေ့တန်းစည်းတွင် တာဝန်ထမ်းဆောင်နေသော ကျန်းမာရေးလုပ်သားများနှင့် ရောဂါကူးစက်ခံရရန် အားနည်းချက်ရှိနေသူများအား ကာကွယ်ဆေးအသစ်ဖြန့်ဝေရာတွင် ဦးစားပေးရမည်ဖြစ်ကြောင်း အမေရိကန်အစိုးရ၏ အကြံပေး၊ အမျိုးသားကျန်းမာရေးအင်စတီကျုမှ ဒါရိုက်တာဖြစ်သူ ဒေါက်တာ ဖရန်စစ်ကောလင်းက ပြောဆိုသည်။ ဒေါက်တာ ကောလင်းက ကာကွယ်ဆေးသုတေသနပြုရာတွင် စွမ်းရည်အမှန်သိစေရန်  “ ပလေဘို “ ခေါ် အာနိသင်မရှိသော ဆေးများ ဆန္ဒအလျှောက် ထိုးနှံခံခဲ့ရသည့် ကျန်းမာရေးဝန်ထမ်းတို့ကို ဦးစားပေးသင့်သည်ဟု အကြံြ့ပုသည်။ 


လွန်ခဲ့သည့် ရက်သတ္တပတ်၌ Moderna Inc နှင့် Pfizer Inc ကဲ့သို့ ဇီဝနည်းပညာနှင့် ဆေးဝါးကုမ္ပဏီကြီးတို့က စမ်းသပ်မှုများစတင်ခဲ့ပြီး နောက်ဆုံးအဆင့်တွင်စေတနာ့ဝန်ထမ်း ၃၀,၀၀၀ စီပါဝင်မည်ဖြစ်သည်။ နောက်ထပ် လအနည်းငယ်ကြာလျှင် AstraZeneca, Johnson & Johnson နှင့် Novavax ကုမ္ပဏီတို့ကလည်း ကာကွယ်ဆေးစမ်းသပ်မှုများအတွက် ဆန္ဒအလျှောက် စမ်းသပ်မှုခံယူလိုသူ အမြောက်အများကို ခေါ်ဆိုရန် ရှိနေသည်။ တရုတ်လုပ်ကာကွယ်ဆေးအချို့မှာမူ နောက်ပိုင်းအဆင့် စမ်းသပ်မှုများတွင် ပမာဏ သေးငယ်သည်။ 


ကာကွယ်ဆေးများကို မည်သို့ ဦးစားပေးမည်ဆိုခြင်းနှင့် ပတ်သက်၍ အမေရိကန်တွင် ဘောင်ကျယ်လွန်းလှသည်။ ချမ်းသာသောနိုင်ငံများက ပထမဆုံးဆေးပမာဏအတွက် ဈေးကွက်ကို ထိုးဖောက်နေပြီး ဆင်းရဲသောနိုင်ငံများက ကာကွယ်ဆေးများ မျှမျှတတ ရရှိရန်ကြိုးပမ်းသည့်အချိန်အခါတွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးWHOမှာလည်း အလားတူအကျပ်အတည်းနှင့် ကြုံတွေ့ရဖွယ်ရှိသည်။

  
အမေရိကန်ပြည်ထောင်စုတွင် ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာများမှ တည်ထောင်ထားသော အကြံပေးကော်မတီက မည်သူ-မည်သည့်အချိန်တွင် ကာကွယ်ဆေးထိုးနှံမည်ကို အကြံပြုရမည်ဖြစ်သည်။ သို့သော် ယခုအချိန်တွင် ဆုံးဖြတ်ရန်မှာ ခက်ခဲလွန်းလှသည့်အတွက် အစိုးရအား အကြံပေးရန် ကွန်ဂရက်က ငှားရမ်းထားသော အမျိုးသားဆေးပညာအကယ်ဒမီမှ ဆေးဘက်ဆိုင်ရာကျင့်ဝတ်ပညာရှင်များနှင့် ကာကွယ်ဆေးကျွမ်းကျင်သူများထံမှ အကူအညီရယူရန် တောင်းခံထားရသည်။ 


ဦးစားပေးအစီအစဉ်များချမှတ်ရန် ဆွေးနွေးညှိနှိုင်းကြရာတွင် ” ဉာဏ်လည်းကွန့်၊ ကျင့်ဝတ်နှင့်လည်း ညီ “ နှစ်မျိုးလုံးပေါင်းစပ်မှသာလျှင် ယခုဝန်ထုပ်ဝန်ပိုးကို ဖြေရှင်းနိုင်လိမ့်မည်ဟု ကျောက်ရောဂါအတွက် အပြည်ပြည်ဆိုင်ရာ ကာကွယ်ဆေးထိုးနည်းဗျူဟာကို တီထွင်ခဲ့သူ ဘီလ်ဖိုဂေးက ပြောကြားသည်။ 

  
ကာကွယ်ဆေးဆိုင်ရာ သတင်းအချက်အလက်အမှားတို့ များပြားလာခြင်းနှင့် နိုင်ငံရေးအရ ဝင်ရောက်စွက်ဖက်ခြင်းတို့ကို ကြောက်ရွံ့ရခြင်းကြောင့် ကာကွယ်ဆေးခွဲဝေရာတွင် ပြည်သူလူထုတို့အနေဖြင့် သာတူညီမျှ၊ ဆီလျော် ပွင့်လင်းမြင်သာမှု ရှိကြောင်း မြင်တွေ့ခွင့် ရသင့်သည်ဟု အမေရိကန် ရောဂါထိန်းချုပ်ရေးဗဟို CDC မှ ဒါရိုက်တာ ရောဘတ်ရက်ဖီးလ်ဒ်က ထောက်ပြသည်။ 


CDC ၏ ကနဦး အကြံပြုချက်အရ ပထမဦးဆုံး ကာကွယ်ဆေးကို ကျန်းမာရေး၊ အမျိုးသား လုံခြုံရေးနှင့် အခြား မရှိမဖြစ်လိုအပ်သော လုပ်သားများ စုစုပေါင်း ၁၂-သန်းတို့အား ထိုးနှံပေးရန်ဖြစ်သည်။ နောက်ထပ် သန်း (၁၁၀) မှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်မည့်အန္တရာယ်ရှိသူများ၊ အသက် ၆၅ နှစ်ကျော်သူများ သို့မဟုတ် ကျန်းမာရေးမကောင်းသူများဖြစ်သည်။

  
ဤတွင် နောက်ထပ်ဖြစ်လာသည့် ပြဿနာမှာ ရောဂါကူးစက်ပျံ့နှံ့မှု ကြာမြင့်လာခဲ့လျှင် ကျန်းမာရေးလုပ်သားများအတွက် အန္တရာယ်ကျရောက်ပုံ အဆင့်ဆင့်ပြောင်းလဲလာနိုင်ခြင်းဖြစ်သည်။ ကိုရိုနာဗိုင်းရပ်စ်ရောဂါကုသရေးပိုင်းတွင် လုပ်ကိုင်နေသော ကျန်းမာရေးဝန်ထမ်းများသည် အကာအကွယ်အရဆုံး ဝန်ထမ်းများ ဖြစ်နှင့် ကြပြီး အခြားဝန်ထမ်းများမှာမူ ကာကွယ်ဆေးကို ပိုမိုလိုအပ်ကောင်း လိုအပ်နေနိုင်လိမ့်မည်ဟု အမေရိကန်အစိုးရ အကြံပေးကော်မတီအဖွဲ့ဝင်များက ပြောခဲ့ကြောင်း AP သတင်းဌာနက ဆိုသည်။

  
ထို့အပြင် မည်သူသည် မရှိမဖြစ်လုပ်သားအဖြစ် အထူးအရည်အချင်းပြည့်မီကြောင်း ဆုံးဖြတ်ရန် သတ်မှတ်ချက် လိုအပ်မည်ဖြစ်သည်။ အသက်အရွယ်အသီးသီးရှိနေသော အုပ်စုတို့အပေါ် ထိရောက်သော ကာကွယ်ဆေးကို အကျိုးရှိရှိ ဖြန့်ဝေရန်မှာလည်း ဆုံးဖြတ်ရန် ကျန်ရှိနေသေးသည်။ 

(( Covid-19 နှင့်ပတ်သက်၍ ယခုဖြစ်နေသော ပြဿနာမှာ ကာကွယ်ဆေးက အပီအပြင်မထွက်လာသေး၊ ဘယ်သူတွေ အရင်ဆုံး ရသင့်သည် ဆိုသည့် ကိစ္စဖြစ်သည်။ သို့သော် လာမည့် လအနည်းငယ်အတွင်း ကာကွယ်ဆေးကောင်းများ ပေါ်ထွက်လာတော့မည်မှာ အမှန်ဖြစ်သည်။ ကိုရိုနာဗိုင်းရပ်စ်ရောဂါကို တရုတ်က/အမေရိကန်က ဖန်တီးသည်၊ ဇီဝလက်နက်ဖြစ်သည် စသည့်ကောလဟလသတင်းများမှာ ကာကွယ်ဆေးအပေါ် ယုံထင်ကြောင်ထင်ဖြစ်စေမည် မလွဲချေ။ 


ထို့ပြင် ကိုယ့်နိုင်ငံက ထွက်သည့် ကာကွယ်ဆေးကို ကိုယ်ချည့်သုံးခြင်းဖြင့် ပြည်သူတို့ကို ဦးစားပေးမည်ဟု မဲဆွယ်မည့် နိုင်ငံရေးသမားများ ရှိနေနိုင်သည်။ 


ကိုရိုနာဗိုင်းရပ် ကပ်ရောဂါကို မတွန်းလှန်နိုင်မချင်း မည်သည့်နိုင်ငံ- မည်သူမဆို အလုပ်လည်းပျက်၊ အသက်ဆုံးရှုံးသည်အထိလည်း ဖြစ်နိုင်ပါသည်။လောလောဆယ် Covid-19 အဖြစ်အများဆုံးမှာ ချမ်းသာ၍ ဖွံ့ဖြိုးသော နိုင်ငံကြီးအတော်များများ ပါဝင်သည်။ သူတို့နိုင်ငံတွေက များများထုတ်- ဈေးချိုချိုနှင့် ရောင်းပါမှ ဆင်းရဲပြီး စက်မှုဖွံ့ဖြိုးမှု့နိမ့်ကျသော နိုင်ငံငယ်များ အသက်ရှူချောင်ပါမည်။ ထိုနိုင်ငံများမှာလည်း အလုပ်လက်မဲ့ ဒလကြမ်းနှင့် ယခင်ထက် ပို မွဲနေကြသည်။


သို့သော် သူတို့ချည့် ကျန်းမာ-ဘေးကင်းနေ၍မပြီး တစ်ခြားသော ပြင်ပကမ္ဘာနှင့် ကုန်သွယ်ရ- ကူးလူးသွားလာရမည်ဖြစ်ရာ ဆင်းရဲသောနိုင်ငံများသို့ ကာကွယ်ဆေးအချို့ အချိန်မီ မျှဝေကောင်းပါသည်။      ။သတင်းဘာသာပြန်သူ ))

  
#ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးကိုမည်သူတို့အရင်ဆုံးရသင့် 


((( CNBC., 01, August 2020, “Who should get the Covid-19 vaccine first? It’s way trickier than you might think.By: Christina Farr” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ ))) 


https://www.cnbc.com/2020/08/01/who-should-get-the-coronavirus-vaccine-first-its-a-tricky-question.html 

https://www.dhakatribune.com/health/coronavirus/2020/08/02/covid-19-who-should-be-vaccinated-first 


https://www.voanews.com/covid-19-pandemic/debate-begins-whos-first-line-covid-19-vaccine 

0

Leave a Reply

Your email address will not be published.