ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခဲ့သော ဘာသာရေးစုရုံးပွဲတက်ရောက်ခဲ့မှုနှင့် ဆက်နွယ်လျှက် မြန်မာနိုင်ငံသား ၂၂-ဦးကို ဂါယာလေဆိပ်၌ အိန္ဒိယထိန်းသိမ်း။ မတ်လ နယူးဒေလီ “ တဗ်လိုက်ဂျာမာ့သ် “ ဘာသာရေးစုရုံးပွဲသို့ တက်ရောက်ခဲ့သူများအား ကူးစက်ရောဂါတားဆီးကာကွယ်ရေး အသွားအလာဆိုင်းငံ့ထားခြင်းကို ချိုးဖောက်သူများအဖြစ် စွပ်စွဲခြင်းခံရ

ဗုဒ္ဓဟူးနေ့ အိန္ဒိယနိုင်ငံ ဂါယာအပြည်ပြည်ဆိုင်ရာလေဆိပ်၌ ရန်ကုန်မြို့သို့ ထွက်ခွာမည့် ခရီးသည်များအနက် မြန်မာနိုင်ငံသား ၂၂-ဦးတို့ကို အိန္ဒိယလူဝင်မှုကြီးကြပ်ရေးအာဏာပိုင်များကဖမ်းဆီးထိန်းသိမ်းခဲ့ရာ ၎င်းတို့မှာ လွန်ခဲ့သည့် မတ်လ နယူးဒေလီမြို့ရှိ နီဇာမတ်ဒင်တွင် ကျင်းပသော “ တဗ်လိုက်ဂျာမာ့သ် “ ဘာသာရေးစုရုံးပွဲသို့ တက်ရောက်ခဲ့ကြောင်း စွပ်စွဲခြင်းခံရသူများဖြစ်သည်ဟု အိန္ဒိယအခြေစိုက် Hindustan Times က ယနေ့ရေးသားသည်။

အဆိုပါ မြန်မာနိုင်ငံသားများသည် ( ကိုရိုနာဗိုင်းရပ်စ်ကာကွယ်တားဆီးရေး ) ဒေလီရဲတပ်ဖွဲ့၏ LOC ခေါ် “ စောင့်ကြည့်ဧရိယာ “ အတွင်း အသွားအလာဆိုင်းငံ့ထားခြင်းကို ချိုးဖောက်သဖြင့် ယခုကဲ့သို့ ဖမ်းဆီးရခြင်းဖြစ်ကြောင်း၊ ဒေလီရဲတပ်ဖွဲ့ထံသို့ အကြောင်းကြားထားပြီး လိုအပ်သလို ဆက်လက်အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ၎င်းတို့သည် ကြိုတင်ဘွတ်ကင်လုပ်ထားသော မြန်မာအမျိုးသားလေကြောင်းလိုင်းပိုင် ကယ်ဆယ်ကူညီရေး လေယာဉ်ပေါ်သို့ တက်ရောက်မည့်ဆဲဆဲတွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း သိရှိရသည်။

လူဝင်မှုကြီးကြပ်ရေးဌာနမှ သတင်းရင်းမြစ်များအရ ၎င်းလေယာဉ်ဖြင့် လိုက်ပါမည့် မြန်မာနိုင်ငံသားအားလုံးတို့သည် ခိုးလ်ကတ္တားမှ ဂါယာသို့ရောက်ရှိလာခဲ့သူများဖြစ်ကြောင်း၊ ခရီးသည် ၁၀၄ ဦး လိုက်ပါလျှက် ဂါယာမှ ရန်ကုန်သို့ အထူးခရီးစဉ်အဖြစ် ပျံသန်းရန် စီစဉ်ထားကြောင်း၊ မထွက်ခွာမီ ခြောက်နာရီအလိုတွင် ဂါယာလူဝင်မှု ကြီးကြပ်ရေးဌာနက ရရှိသည့် ခရီးသည်အားလုံး၏ အသေးစိတ်အချက်အလက်များအရ ၂၂–ဦးမှာ ဒေလီရဲတပ်ဖွဲ့၏ LOCs နှင့် သက်ဆိုင်နေသူများဖြစ်သည်ကို တွေ့ရှိရကြောင်း၊ ၎င်းတို့အား ဖမ်းဆီးစစ်ဆေးနေစဉ် အထူးလေယာဉ်မှာ ကျန်ခရီးသည် ၈၂ ဦးနှင့် ထွက်ခွာပျံသန်းသွားခဲ့ကြောင်း သိရှိရသည်။

ညနေ ၁ နာရီ ၃၀ ဝန်းကျင်တွင် ဂါယာလေဆိပ်၌ ကြားဖြတ် ဖမ်းဆီးခံရသူ ၂၂ ယောက်တို့အား ဗဟိုရဲလက်နက်ကိုင်တပ်ဖွဲ့ CISF သို့ လွှဲပြောင်းပေးခဲ့ပြီးဖြစ်ကြောင်း၊ ဒေလီရဲတပ်ဖွ့ဲကလည်း ၎င်း ၂၂-ဦးတို့ကို ရှာဖွေနေသည်ဟု သိရှိရကြောင်း၊ ဂါယာယူနီယံ ပြည်ထဲရေးဝန်ကြီးဌာနမှ သတင်းရင်းမြစ်များအရ မြန်မာနိုင်ငံသား (၂၂) ဦးတို့သည် မြန်မာ အစိုးရစီစဉ်သော အကူအညီပေးရေး အထူးလေယာဉ်ဖြင့်ထွက်ခွာရန် ကြိုးစားခဲ့ခြင်းဖြစ်ကြောင်း၊ ယခုကဲ့သို့ ဗီဇာစည်းကမ်းချိုးဖောက် သည့် နိုင်ငံခြားသားများအား အရေးယူမည်ကို ဝန်ကြီးဋ္ဌာန၏ သတင်းထုတ်ပြန်ချက်၌ ဖော်ပြထားပြီးဖြစ်ကြောင်း၊ နိုင်ငံခြားသားအက်ဥပဒေအပြင် Covid-19 ရောဂါ ကူးစက်မှုနှင့်ပတ်သက်၍ အစိုးရညွှန်ကြားချက်များအား ချိုးဖောက်သည့်အတွက် သဘာဝ ဘေးအန္တရာယ် စီမံခန့်ခွဲမှုအက်ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတင်း၌ ဆက်လက်ဖော်ပြသည်။

(( အာရှနိုင်ငံတို့တွင် ကျင်းပခဲ့သည့် “ တဗ်လိုက်ဂျမားသ် “ အစ္စလာမ်သာသာရေးစုရုံးမှုမှ လူအမြောက်အများသို့ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခဲ့ရာ မလေးရှားနှင့် အိန္ဒိယတို့တွင် တစ်ရက်အတွင်း ရောဂါကူးစက်သူ အရေအတွက် ရာနှင့်ချီလျှက် ရုတ်ချည်း မြင့်တက်ခဲ့ရသည်။

ဖေဖော်ဝါရီ – ၂၇ မှ မတ်လ ၁-ရက်နေ့ထိ မလေးရှားနိုင်ငံတွင် ကျင်းပသည့် “ ဂျိုရ် “ ခေါ် ဘာသာရေးစုဝေးမှု တွင် စင်္ကာပူနှင့် ဘရူးနိုင်းနိုင်ငံသားများအပါအဝင် “ ဂျမာသ်သား ” ၁၆,၀၀၀ – ဦးကျော် တက်ရောက်ခဲ့သည်။ မတ်- ၁၅ ရက်နေ့ အထိ မလေးရှားနိုင်ငံတွင်တွေ့ရှိရသည့် ကိုရိုနာဗိုင်းရပ်စ်စွဲကပ်လျှက်ရှိသူ စုစုပေါင်း ၄၂၈-ဦးတွင် ၂၄၃-ဦးမှာ အဆိုပါစုဝေးမှုနှင့်ဆက်နွယ်လျှက်ရှိသည်ကို တွေ့ရှိရကြောင်း မလေးရှားအခြေစိုက် Economic Times က ( မတ်-၁၅၊ ၂၀၂၀ နေ့ ) ရေးသားသည်။

ထိုနောက် မတ် ၁၈-ရက်နေ့ မလေးရှားတွင် သွားလာလှုပ်ရှားမှု့ကန့်သတ်ခြင်းအမိန့် ( MCO ) ထုတ်ပြန်ခဲ့သည်။ ၎င်းရက်တွင် ရောဂါပိုးကူးစက်ခံရသူ ၆၇၃-ဦး ရှိခဲ့ရာမှာ ယမန်နေ့ ၃,၀၀၀ အရေအတွက်အထိ ၅-ဆကျော် တိုးလာခြင်းဟု ဆိုရပါမည်။

ဆီရီပီတာလန်ဂျမာ့ခ်ဗလီတွင် ကျင်းပသည့် တဗ်လိုက် ဘာသာရေးစုရုံးပွဲသို့ တက်ရောက်ခဲ့သူ ၁၇,၀၁၂-ဦးလုံးကို မလေးရှားအစ္စလာမ် ရှရူရာကောင်စီအကူအညီဖြင့် ကောင်းစွာ ခြေရာခံတွေ့ရှိခဲ့ကြောင်း မလေးရှား ကျန်းမာရေးအာဏာပိုင်များက ဆိုပါသည်။

မလေးရှားကဲ့သို့ ၂၄-နာရီအတွင်း ကူးစက်-သေဆုံးဦးရေ ရုတ်တရက်မြင့်တက်ပြီး တစ်ရက်တည်း လူ ၉,၀၀၀ ခန့် ရောဂါခြေချုပ်ချရသည့် နိုင်ငံမှာ အိန္ဒိယဖြစ်၍ အလားတူပင် ဒေလီမြို့အနီးရှိ “တဗ်လိုက်ဂျမာ့ခ် ” ဋ္ဌာနချုပ်တွင်ကျင်းပသည့် ဘာသာရေးဆုတောင်းပွဲနှင့် ဟောပြောပွဲသို့ တက်ရောက်ခဲ့သူများးနှင့် ဆက်နွယ်ကြောင်း ဘင်္ဂလားအခြေစိုက် Dhaka Tribune က ( ဧပြီ- ၀၂၊ ၂၀၂၀ ) ရေးသားပါသည်။

အဆိုပါ ဘာသာရေးစုဝေးပွဲသို့ တက်ရောက်ခဲ့သူ ဂျမာသ်သား ” ၂,၀၀၀ – ကျော်ကို ဖော်ထုတ်နိုင်ခဲ့ပြီး ၎င်းတို့ နှင့် ဆက်နွယ်သူ ၉,၀၀၀ ခန့်ရှိမည်ဟု ထိုစဉ်က ခန့်မှန်းထားသည်။

ဒေလီရှိ တဗ်လိုက်အဆောင်ခန်းများတွင်တည်းခိုသော ဘင်္ဂလားဒက်ရှ်၊ အင်ဒိုနီးရှားနှင့်မလေးရှား အပါအဝင် လူပေါင်း ၂,၃၀ဝ ခန့်ကို ရက်အနည်းငယ်အတွင်း မြို့ရှိ ကွာရန်တင်း စင်တာများသို့ ပြောင်းရွှေ့ခဲ့ရကြောင်း ယခင်ဒေသတွင်း နိုင်ငံတကာသတင်းများ၌ တွေ့ရှိရသည်။ ။ သတင်းဘာသာပြန်သူ ))


=====

((( Hindustan Times., May 29, 2020.” 22 Myanmar nationals detained at Gaya airport, were under scanner for attending Tablighi Jamaat event. By: Avinash Kumar” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ ဖြည့်စွက်ချက်များမှာ ပေးထားပါ Links များအတိုင်းဖြစ်သည်။ )))

#ကိုရိုနာဗိုင်းရပ်စ်မြန်မာနိုင်ငံသား၂၂-ဦးအိန္ဒိယထိန်းသိမ်း
https://www.hindustantimes.com/india-news/22-myanmar-nationals-detained-at-gaya-airport-were-under-scanner-for-attending-tablighi-jamaat-event/story-NjCPK39cVxvYXw1SrjHJ2J.html

https://zeenews.india.com/india/delhi-high-court-disposes-off-two-petitions-filed-by-tablighi-jamaat-counsel-2286576.html

https://www.theedgemarkets.com/article/malaysias-covid19-curve-steepening-mco

https://www.dhakatribune.com/world/south-asia/2020/04/02/as-infection-rate-steepens-in-india-experts-daunted-by-prospect-of-south-asia-spread

https://www.straitstimes.com/asia/se-asia/coronavirus-malaysias-mosques-advised-to-close-as-confirmed-cases-rise

https://economictimes.indiatimes.com/news/international/world-news/most-malaysia-coronavirus-cases-linked-to-international-islamic-gathering/articleshow/74639543.cms

0

Leave a Reply

Your email address will not be published.