ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှု့ သန်း-၂၀ ဖြစ်လာသည့်အတွက် စိတ်မပျက်ကြရန် WHO ပြောဆို။ ၆-လခန့်အတွင်း လူ ၁၀ သန်းကူးစက်ခံရ။ အရေအတွက် ၂-ဆတိုးရန် ၄၃-ရက်သာ ကြာမြင့်၊ ရုရှားနိုင်ငံက ပထမဆုံးကိုဗစ်ရောဂါကာကွယ်ဆေး အမြောက်အများထုတ်လုပ်ရန် ကြေညာ

ကိုရိုနာဗိုင်းရပ်စ်ရောဂါသည် နိုင်ငံတကာတွင် ကပ်ဘေးတစ်ခုအသွင် ဖြစ်ပွားလျှက်ရှိရာ ( အင်္ဂါ ) ယနေ့တွင် ကမ္ဘာအနှံ့အပြား၌ ကူးစက်ခံရသူ အရေအတွက် သန်း ၂၀ အထိ ကြောက်မက်ဖွယ် သမိုင်းမှတ်တိုင်တစ်ခုသို့ ရောက်ရှိလာခဲ့ပြီး နောက်ထပ်လည်း တိုးပွားလျှက်ရှိနေကြောင်း South China Morning Post က ယနေ့ရေးသားသည်။ 

  
ဇန်နဝါရီလအစောပိုင်းကတရုတ်နိုင်ငံ ဝူဟန်မြို့တွင် ပထမဆုံး ကိုရိုနာဗိုင်းရပ်စ် ရောဂါကူးစက်မှုအကြောင်း သတင်းထွက်ပေါ်ပြီးနောက် နိုင်ငံတကာ၌ ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ ၁၀ သန်းအထိရောက်ရန် ၆-လနီးပါးမျှသာကြာခဲ့သည်။ ထို့ပြင် ၄၃-ရက်အတွင်း ၂-ဆတိုးလျှက် သန်းပေါင်း ၂၀ အရေအတွက် တိုးမြင့်သွားခဲ့သည်။ အမေရိကန်၊ ဘရာဇီးနှင့်အိန္ဒိယနိုင်ငံတို့တွင် ကိုရိုနာဗိုင်းရပ်ကူးစက်မှုအရေအတွက်မှာ တစ်ကမ္ဘာလုံး၏ ထက်ဝက်ကျော်မျှ ရှိနေသည်။ 

ကိုဗစ်ရောဂါကြောင့် ယနေ့နံနက်ပိုင်းအထိ နိုင်ငံတကာတွင် အသက်ဆုံးရှုံးရသူ ၇-သိန်း ၄-သောင်းရှိနေပြီး၊ ရက်ပိုင်း အတွင်း ၇-သိန်းခွဲသို့ မြင့်တက်သွားဖွယ်ရှိနေသည်။ 

ကမ္ဘာလှည့်ခရီးသွားများလာရောက်လေ့ရှိသည့် ပါရီမြို့အထင်ကရ နေရာများတွင် လာရောက်သူအားလုံး မျက်နှာဖုံးများ မဖြစ်မနေ ဝတ်ဆင်ကြရန် သို့မဟုတ် စည်ကားသော အပန်းဖြေစခန်းများတွင် သဲသောင်ပြင် ရှိနေသူအားလုံး Social Distancing လူချင်းနီးကပ်မှုဝေးကွာစေခြင်း စည်းကမ်းသတ်မှတ်ခြင်းစသည့် တစ်ချိန်က ယောင်၍ပင် မစဉ်းစားခဲ့သည့် ကန့်သတ်ချက်များ ပြဋ္ဌာန်းလာခဲ့ရသည်။ ထိုအတွက် စိတ်မပျက်ကြပါရန် ကုလသမဂ္ဂ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO တိုက်တွန်းလိုက်သည်ဆို၏။ 


အသက်ဆုံးရှုံးရသူအရေအတွက် ကိန်းဂဏန်း၏ နောက်ကွယ်တွင် နာကျင် ခါးသီးမှုဝေဒနာများ ရှိနေသည်ကို သိရှိပါကြောင်း၊ သို့သော် မျှော်လင့်ချက်လည်းရှိနေသေးပြီး၊ ကပ်ရောဂါအား တွန်းလှန်ရန် မည်သည့်အခါမျှ နောက်ကျမည် မဟုတ်ကြောင်း ၊ ကူးစက်ရောဂါအား အောင်မြင်စွာ အနိုင်ယူခဲ့သည့် နယူးဇီလန်နှင့် ရဝမ်ဒါ နိုင်ငံနှင့် မကြာမီစတင်တော့မည့် ကွတ်ကျွန်းစု ဗိုင်းရပ်စ်ကင်းစင် ခရီးသွားလုပ်ငန်းတို့အား ဥပမာအဖြစ် ရည်ညွှန်းလျှက် WHO အကြီးအကဲ တက်ဒရိုအက်ဒ်ဟာမွန်ဂေးဘရီးယပ်စ်က တနင်္လာနေ့၌ ပြောဆိုသည်။

  
ရောဂါမပျံ့ပွားစေရန် Lockdowns တားဆီးပိတ်ဆို့ရခြင်းနှင့် စီးပွားရေးလုပ်ငန်းများ ပြိုကွဲရခြင်းတို့ စိတ်ပျက်ဖွယ် အပြန်အလှန် လုံးခြာလိုက်နေစဉ် တစ်ကမ္ဘာလုံးက စိတ်ပါဝင်စားလျှက်ရှိသည်မှာ ကာကွယ်ဆေးရရှိရေး အပြိုင်အဆိုင် ကြိုးစားနေမှုများဖြစ်သည်။ 

  
WHO ၏ခြုံငုံသုံးသပ်ချက်အရ ကမ္ဘာတစ်ဝှမ်းလုံးတွင် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးပေါင်း ၁၆၅-ခုတို့ကို စမ်းသပ်လျှက်ရှိပြီး ၎င်းတို့အနက် ၆-ခုမှာ လက်တွေ့ထိုးနှံရန် စမ်းသပ်မှု တတိယအဆင့်သို့ပင် တိုးတက် ရောက်ရှိနေပြီဖြစ်သည်။ 


သို့သော် WHO ၏ အရေးပေါ်ဆေးပညာဆိုင်ရာ ညွှန်ကြားရေးမှူး မိုက်ကယ်ရိုင်ယန်ကမူ ကာ ကွယ်ဆေးသည် ကိုရိုနာဗိုင်းရပ်စ်ရောဂါတိုက်ဖျက်ရေးတွင် အဖြေတစ်စိတ်တစ်ပိုင်းသာဖြစ်ကြောင်း၊ ယနေ့တိုင် အပြည့်အဝတိုက်ဖျက်နိုင်ခြင်းမရှိသေးသော ပိုလီယိုနှင့်ဝက်သက်ရောဂါတို့ကို ညွှန်ပြသတိပေးခဲ့သည်။ ထို့ပြင် ကာကွယ်ဆေးထိုးနှံရန် အရေးတကြီးလိုအပ်နေသူ လူဦးရေများစွာတို့ကို ကျော်လွန်ပြီးမှသာ ရနိုင်ဖွယ်ရှိကြောင်းကိုလည်း ဆက်လက်ပြောဆိုသည်။ 


ထိုစဉ်အတောအတွင်း ကမ္ဘာ့ပထမဆုံးဟု ဆိုရမည့် ကိုရိုနာဗိုင်းရပ်စ်ရောဂါကာကွယ်ဆေးကို ဂါမယ်လီယာသုတေသနအင်စတီကျု့ဒ်နှင့် ကာကွယ်ဝန်ကြီးဋ္ဌာနတို့က တီထွင်နိုင်ပြီဖြစ်ရာကအရေအတွက် အမြောက်အများ ထုတ်လုပ်နိုင်ရန် လာမည့် သြဂုတ် ၁၂-ရက် ( နံနက်ဖန် ) တွင် မှတ်ပုံတင်မည်ဖြစ်ကြောင်း ရုရှား ကျန်းမာရေးဝန်ကြီးဋ္ဌာန ဒုတိယဝန်ကြီးက သောကြာနေ့၌ ကြေညာသည်ဟု အိန္ဒိယအခြေစိုက် Live mint မီဒီယာက ယနေ့ရေးသားသည်။ 


သမ္မတဗလာဒီမာပူတင်ကမူ ရုရှားနိုင်ငံသား ၆၀ ရာခိုင်နှုန်းအထိ ရာသီတုတ်ကွေး ကာကွယ်ဆေးထိုးနှံသင့်ကြောင်း မှတ်ချက်ပြုလိုက်ပြီး မှတ်ပုံတင်ပြီး တုတ်ကွေးနှင့် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးတို့အတွက် ဘဏ္ဍာငွေထောက်ပံ့ရန် အစိုးရအဖွဲ့အစည်းတစ်ရပ်ကို ဖွဲ့စည်းတာဝန်ပေးအပ်မည်ဖြစ်ကြောင်း ပြောဆိုသည်။ 

  
ကမ္ဘာတစ်လွှား ကူးစက်သေဆုံးမှုများ ဖြစ်ပွားလျှက်ရှိစဉ်  ရုရှား၌လည်း ကူးစက်ခံရသူ ၉-သိန်းနီးပါးနှင့် သေဆုံးသူ ၁-သောင်း ၅-ထောင်ကျော်လာခဲ့ခြင်းမှာ ကာကွယ်ဆေးရှာဖွေရန် တွန်းအားတစ်ခုဖြစ်ခဲ့သည်။ 

  
(( ကူးစက်ကပ်ရောဂါကြောင့် Lockdowns တားဆီးပိတ်ပိတ်ဆို့ခြင်း၊ Restriction အသွားအလာ ကန့်သတ်ခြင်းများ ပြုလုပ်ခဲ့ရာ နောက်ဆက်တွဲဆိုးကျိုးအဖြစ် စီးပွားရေး-ပညာရေးသာမက- လူမှုဆက်ဆံရေးတို့တွင် ဆိုးရွားစွာ ထိခိုက်ခဲ့ရသည်။ 


ထိုအတွက် တားဆီးပိတ်ဆို့ကန့်သတ်ခြင်းများကို သတိကြီးစွာဖြင့် အဆင့်လိုက် ပြန်လည်ဖွင့် လှစ်တော့မည် ဖြစ်သည်။ သို့သော် ရောဂါဖြစ်ပွားမှု အဆိုးရွားဆုံး ခံစားနေရသည့် အမေရိကန်အပါအဝင် နိုင်ငံအချို့တွင် စာသင်ကျောင်းများ ပြန်ဖွင့်ခြင်းကို သဘောတူ-မတူ ကွဲပြားလျှက်ရှိနေသည်။ 


ကာကွယ်ဆေးတီထွင်ထုတ်လုပ်မှုများသည် မူလမျှော်မှန်းသည်ထက် လအနည်းငယ်စောကာ ပေါ်ထွက်လာကြမည်ဖြစ်သည်။ သို့သော် ယခု Covid-19 ရောဂါသည် ကျွန်တော်များ၏ ကမ္ဘာမှ အပြီးတိုင်ပျောက်ကွယ်သွားရန် နှစ်ချီ အချိန်ယူရမည်ဖြစ်ပြီး တီဘီ၊ ခုခံအားကျဆင်းရောဂါစု တို့ကဲ့သို့ ရောဂါနှင့်အသိဉာဏ်ရှိရှိ အတူယှဉ်တွဲနေထိုင်ရန် ကြိုးစားကြရမည်သာဖြစ်သည်။       ။ သတင်းဘာသာပြန်သူ ))

  
#ကိုရိုနာဗိုင်းရပ်စ်ရုရှားကာကွယ်ဆေး


https://www.scmp.com/news/world/united-states-canada/article/3096831/worldwide-coronavirus-cases-hit-20-million 


https://www.livemint.com/news/world/russia-getting-ready-for-mass-vaccination-against-coronavirus-report-11597063108765.html 

https://www.bbc.com/news/world-europe-53706735

https://www.euronews.com/2020/08/10/coronavirus-face-masks-mandatory-in-busy-paris-outdoor-areas-as-new-cases-rise


https://www.worldometers.info/coronavirus/ 

0

Leave a Reply

Your email address will not be published.