ကိုရိုနာဗိုင်းရပ်စ်စွဲ ကူးစက်ကပ်ရောဂါနှင့် ပတ်သက်၍ နိုင်ငံတကာ ထူးခြားသတင်း ကောက်နှုတ်ချက်အကျဉ်း

အီတလီတွင် ဗိုင်းရပ်စ်ပိုးပျံ့နှံ့လျှက်ရှိကြောင်း စတင်သိရှိပြီး ၁၀-ရက်မပြည့်မီ ဖေဖော်ဝါရီလ ၂၇-ရက်နေ့၌ Covid-19 ရောဂါပိုးကူးစက်ခံရသူ ၅,၈၈၃-ဦး၊ သေဆုံး ၂၃၃-ဦးသာရှိခဲ့သည်။ သို့သော် လွန်ခဲ့သည့် စနေနေ့ ၁-ရက်တည်း၌ သေဆုံးသူ ၇၉၃-ဦးအထိ မြင့်တက်လာခဲ့သည်။ ယနေ့အထိ ဗိုင်းရပ်စ်ပိုးစွဲကပ်ခြင်းကြောင့် လူပေါင်း ၄,၈၀၀ ကျော်သေဆုံး၍ ကူးစက်ခံရသူ ၅-သောင်း ၃-ထောင်ကျော်ရှိနေရာ နိုင်ငံတကာတွင် အများဆုံးအရေအတွက်ဖြစ်သည်။

မြို့ကြီးများနှင့် လူစည်ကားရာ နေရာတို့ကို တားဆီးပိတ်ဆို့ထားခဲ့ရပြီး လူအများအပြားသေဆုံး-ဖျားနာလျှက်ရှိခြင်းမှာ ဒုတိယကမ္ဘာစစ်ကာလထက်ပင် ပိုမိုဆိုးရွားကြောင်း အီတလီသမ္မတက ဝန်ခံပြောကြားရသည့်အထိ ဖြစ်လာသည်။

အထူးသဖြင့် အီတလီမြောက်ပိုင်း လွန်ဘာဒီဒေသသည် ဗိုင်းရပ်စ်စွဲရောဂါဖြင့် သေဆုံးသူအများဆုံးဖြစ်ရာ ကွယ်လွန်သူတို့ ရုပ်အလောင်းကို အခြားဒေသသုဿန်များ၌ သြင်္ဂိုလ်ရန် အီတလီတပ်မတော် စစ်ကားများဖြင့် သယ်ယူနေရသည်။ ထို့ပြင် ရောဂါဖြစ်ပွားမှုနည်းပါးရာဒေသများမှ ဆေးဘက်ဆိုင်ရာဝန်ထမ်းများကို လွန်ဘာဒီသို့ ပို့ဆောင်ပေးလျှက်ရှိသည်။ အီတလီတွင် စက်ရုံပေါင်း ၈၀၀ ကျော် ရပ်တန့်သွားပြီး လိုအပ်သည့်နေရာ အနည်းငယ်မှအပ တစ်နိုင်ငံလုံးရှိ သွားလာမှုအားလုံးကို တားဆီးပိတ်ဆို့လိုက်ရပြီဖြစ်သည်။

https://www.rt.com/news/483746-italy-coronavirus-coffins-military-trucks/

=====

ခရိုအေးရှားနိုင်ငံသည် ဗိုင်းရပ်စ်ပိုးကူးစက်ခံရသူ ၂၀၆-ဦးရှိနေပြီး ၁-ဦး သေဆုံးသဖြင့် ကူးစက်ကပ်ရောဂါအား ဟန့်တားရေး Social Distancing ခေါ် လူအချင်းချင်းထိတွေ့မှုလျှော့ချရန် သတ်မှတ်ကြေညာခဲ့ရသည်။

ယနေ့ ဒေသစံတော်ချိန် ၁၁း၅၃ – နာရီတွင် ခရိုအေးရှားမြို့တော် ဇာဂရက်ကို ဗဟိုပြူလျှက် ၅.၄ မဂ္ဂနီကျု့ဒ်ရှိ အင်အားပြင်းထန် မြေငလျင်လှုပ်ခတ်ခဲ့သည်။ နှစ်ပေါင်း ၁၄၀ အတွင်း အပြင်းထန်ဆုံး မြေငလျှင်ကြောင့် လူ ၁-ဦး အနည်းဆုံးသေဆုံးပြီး ရှေးဟောင်း ကာသီဒယ်ဘုရားရှိခိုးကျောင်းအပါအဝင် နိုင်ငံ၏ သမိုင်းဝင်အဆောက်အအုံးများ ကွဲအက်ပြိုကျခဲ့ရသည်။ မြို့တော် လမ်းမများပေါ်မှ အပျက်အစီးအစိတ်အပိုင်းများကို ခရိုအေးရှား တပ်မတော်သားတို့က ရှင်းလင်းနေရဆဲဖြစ်သည်။

https://www.rt.com/news/483759-croatia-earthquake-zagreb-covid19/

https://www.rt.com/news/483748-magnitude-60-earthquake-hits-croatia/

=====

ဥရောပ၌ စပိန်နိုင်ငံသည် အီတလီပြီးလျှင် ဒုတိယမြောက် သေဆုံး-ဖျားနာဦးရေအများဆုံးဖြစ်သည်။ စနေနေ့ ၁-ရက်တည်းတွင် ၄၀၀-နီးပါး ထပ်မံသေဆုံးခြင်းဖြင့် စုစုပေါင်း သေဆုံးသူ ၁,၇၀၀ ကျော်နှင့် ဗိုင်းရပ်စ်ပိုးကူးစက်ခံရသူ ၂၈,၀၀၀ ကျော်ရှိနေသည်။

စပိန်တွင် သတ်မှတ်ချိန်အတွင်း အပြင်အထွက်ရအမိန့်ထုတ်ပြန်ထားပြီး သီရိလင်္ကာနှင့် အိန္ဒိယတို့ကလည်း ၎င်းတို့ နိုင်ငံအသီးသီးအတွင်း အလားတူ အမိန့်ထုတ်ပြန်လိုက်သည်။

ယခုထိ တကမ္ဘာလုံးတွင် Covid-19 ရောဂါပိုး စွဲကပ်လျှက်ရှိသူ ၃-သိန်း ၁-သောင်းကျော်ရှိနေပြီး လူပေါင်း ၁-သောင်း ၃-ထောင်ကျော် အသက်ဆုံးရှုံးခဲ့ရပြီးဖြစ်သည်။

https://www.rt.com/news/483761-spain-coronavirus-death-toll/

https://www.aljazeera.com/news/2020/03/italy-tightens-lockdown-coronavirus-deaths-mount-live-updates-200321233509033.html

=====

Covid-19 ရောဂါကာကွယ်ဆေးရရှိရန် ၁-နှစ်ခန့် စောင့်ဆိုင်းရမည့်အခြေအနေတွင် တားဆီးပိတ်ဆို့မှုများ ရုတ်သိမ်းသည်နှင့် ရောဂါဖြစ်ပွားမှုပြန်လည်စတင်လာသည်ကို တွေ့ရှိရကြောင်း WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အရေးပေါ်အစီအစဉ် အကြီးအကဲ ဒေါက်တာ မိုက်ယန်းက ယနေ့သတိပေးလိုက်သည်။

ထိရောက်စိတ်ချရသော လူထုကျန်းမာရေးစောင့်ရှောက်မှုမပေးအပ်နိုင်သေးပဲ ကူးလူးသွားလာမှု ကန့်သတ်ခြင်းနှင့် ပိတ်ဆို့တားဆီးမှုများ ရုတ်သိမ်းသည်နှင့် တပြိုင်နက် ကိုရိုနာဗိုင်းရပ်စ်စွဲရောဂါကူးစက်မှု ပြန်လည်ဖြစ်ပွားသည်ကို တွေ့ရှိရကြောင်း ဒေါက်တာ ယန်းက ပြောဆိုသည်။

ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံရခြင်း ရှိ-မရှိ လူအားလုံးကို လိုက်လံ စမ်းသပ်နေရန် မလိုအပ်ပဲ ရောဂါဖြစ်ပွားသည့်နေရာကို ထိထိရောက်ရောက်ရှာဖွေ၍ သံသယရှိသူတစ်ဦးချင်း တိကျစွာ စစ်ဆေးရန်လိုအပ်ကြောင်း ကမ္ဘာ့ကုလသမဂ္ဂ ကျန်းမာရေးအဖွဲ့ကြီး၏ အရေးပေါ်အစီအစဉ် အကြီးအကဲက ပြောဆိုသည်။

(( တောင်ကိုရီးယားနှင့် ဂျပန်တို့တွင် လူအများအပြားကို ဗိုင်းရပ်စ်ပိုး ကူးစက်ခံရခြင်း ရှိ-မရှိ စစ်ဆေးနိုင်ပြီး လိုအပ်သလို တားဆီးပိတ်ဆို့နိုင်သဖြင့် သေဆုံး-ကူးစက်ခံရသူအရေအတွက် အလွန်အမင်း တိုးမလာခြင်းဖြစ်နိုင်ကြောင်း ခန့်မှန်းကြပါသည်။ ထိုသို့ တစ်နိုင်ငံလုံး သန်းနှင့်ချီ၍ စစ်ဆေးနိုင်ရန် နိုင်ငံအတော်များများတွင် ငွေကြေးအင်အား တောင့်တင်းခြင်းမရှိသည့်အပြင် ပစ္စည်းကိရိယာလည်း အချိန်မီရရှိရန် မလွယ်ကူပါ။ ။ သတင်းဘာသာပြန်သူ ))

By: #HtayOung, #OungMarine

https://www.rt.com/news/483754-no-need-to-test-everyone-coronavirus/

0

Leave a Reply

Your email address will not be published.