ကိုရိုနာဗိုင်းရပ်စ်စွဲရောဂါ ကူးစက်ပျံ့နှံ့မှု့တားဆီးရန် အိန္ဒိယနိုင်ငံအစိတ်အပိုင်းအများစုတွင် ယနေ့ည သန်းခေါင်ချိန်မှစတင်၍ တားဆီးပိတ်ဆို့မည်။ ပါကစ္စတန်နှင့် ဘင်္ဂလားဒက်ရှ်တွင် ကူးစက်ကပ်ရောဂါ တိုက်ဖျက်ကာကွယ်ရေး ကူညီပေးရန် ၎င်းတို့တပ်မတော်အသီးသီးအား နိုင်ငံအဝှမ်း ဖြန့်ချ။

မေလလည်မတိုင်မီ အိန္ဒိယတစ်နိုင်ငံလုံးတွင် လူတစ်သန်းကျော် ဗိုင်းရပ်စ်ပိုးကူးစက်နိုင်ပြီး မြို့ကြီးများမှ မြို့ရွာငယ်များသို့ ရောဂါပိုးကူးစက်ကြောင်း ပထမဆုံးအကြိမ်တွေ့ရှိရပြီးနောက် နိုင်ငံအစိတ်အပိုင်းအများစုကို ယနေ့ညသန်းခေါင်ချိန်မှ စတင်ကာ Lock-down တားဆီးပိတ်ဆို့ခြင်းများ စတင်မည်ဟု Al Jazeera က ယနေ့ရေးသားသည်။

သတ်မှတ်ချိန်အတွင်း အပြင်မထွက်ရအမိန့်နှင့်အတူ တားဆီးပိတ်ဆို့မှုများဆောင်ရွက်ရာတွင် ရဲတပ်ဖွဲ့က အင်အားဖြည့်ကူညီမည်ဖြစ်သည်။ နိုင်ငံတကာလေကြောင်းလိုင်းများ ရပ်ဆိုင်းခဲ့ပြီးသော အိန္ဒိယသည် ပြည်တွင်း လေယာဉ်ပြေးဆွဲမှု့ကိုလည်း သန်းခေါင်ချိန်မှစတင်ကာ ရပ်တန့်မည်ဖြစ်သည်။ Covid-19 ဗိုင်းရပ်စွဲ ရောဂါကူးစက်မှု ၄၈၅-မှုတွေ့ရှိထားသော အိန္ဒိယသည် ရောဂါကြောင့်လူ ၉ ယောက်သေဆုံးခဲ့ရပြီးဖြစ်သည်။ ထို့ပြင် ဆင်းရဲနွမ်းပါးသော လူ့အဖွဲ့အစည်းများသို့တိုင် ရောဂါကူးစက်မှု ပျံ့နှံ့သွားနိုင်ခြင်းနှင့် အရင်းအမြစ်ချို့တဲ့သော ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှု့ကဏ္ဍအား ဖြည့်ဆည်းပေးရန်တို့က ဒေသတွင်း နေရာအနှံ့အပြား၌ တိုးတက်သတိပေးလျှက်ရှိနေသည်။

အိန္ဒိယတွင် ရထား- ဘတ်စ်ကားပြေးဆွဲခြင်းများ ဆိုင်းငံထားခဲ့ပြီးနောက် နိုင်ငံ၏ ၄-ပုံ ၃-ပုံ အကျယ်အဝန်းအား တားဆီးပိတ်ဆို့မည်ဖြစ်ပြီး ကျန်နယ်မြေမှာမှာ နောက်ရက်များတွင် ဆက်လက်ကျင့်သုံးဖွယ်ရှိသည်။ နိုင်ငံ့မြောက်ပိုင်း ပန်ဂျပ်ပြည်နယ်တွင် လူ ၉၀,၀၀၀ ခန့်မှာ အမေရိကန်-ကနေဒါ-ဗြိတိန်စသည့် ပင်လယ်ရပ်ခြားမှ ဇာတိမြေသို့ ပြန်လည်ရောက်ရှိလာသူများဖြစ်ပြီး ရောဂါပိုးကူးစက်ရန် အလားအလာအများဆုံးဖြစ်နေသည်။ အမေရိကန်အခြေစိုက် သိပ္ပံပညာရှင်အဖွဲ့တစ်ခုက အိန္ဒိယနိုင်ငံအတွင်း ယခုဗိုင်းရပ်စ်ပိုးကူးစက်နှုန်းထားအတိုင်း ဆိုလျှင် လာမည့်မေလလယ်၌ လူပေါင်း ၁.၃ သန်းခန့်အထိ ဖျားနာသူဦးရေ တိုးမြင့်သွားနိုင်ကြေင်း သတိပေးခဲ့သည်။

ယနေ့ညနေပိုင်းအထိ နိုင်ငံတကာ၌ ဗိုင်းရပ်စ်ပိုးကူးစက်ခံရသူ ၄-သိန်းနီးပါးနှင့် သေဆုံးသူ ၁-သောင်း ၇-ထောင်ကျော်ရှိနေချိန်တွင် ကမ္ဘာလူဦးရေ ၄-ပုံ ၁-ပုံမျှရှိသော တောင်အာရှဒေသနေထိုင်သူတို့၏ အစိုးရတို့မှာ ရောဂါခြိမ်းခြောက်မှုကို ရင်ဆိုင်ရာတွင် စစ်ဖက်အကူအညီကို ရယူနေကြရသည်။

ဗိုင်းရပ်စ်ကူးစက်ခံရသူ ၃၉-ဦး သေဆုံးသူ ၄-ဦးရှိသော ဘင်္ဂလားဒက်ရှ်သည် သိပ်သည်းလှသော နိုင်ငံ့လူဦးရေပမာဏအတွင်း Social distancing လူအချင်းချင်းထိတွေ့မှုလျော့ချရန်နှင့် ရောဂါကာကွယ်ရေး အင်အားခိုင်မာစေရန် အရေးတကြီးလိုအပ်သည်။ ထိုအတွက် တစ်နိုင်ငံလုံးတွင် ဘင်္ဂလားဒက်ရှ်တပ်မတော်အား တပ်ဖြန့်ထားရပြီး ကူးစက်ကပ်ရောဂါတိုက်ဖျက်ကာကွယ်ရာ၌ အုပ်ချုပ်ရေးအာဏာပိုင်တို့အား ကူညီပေးရန် စီစဉ်ထားသည်။

အလားတူပင် ပါကစ္စတန်နိုင်ငံတစ်ဝှမ်းလုံး၌ ဗိုင်းရပ်စ်ပိုးပျံ့နှံ့မှုကို ကန့်သတ်ရန်အတွက် ပါကစ္စတန်တပ်မတော်က ကူညီမည်ဖြစ်သည်။ ပါကစ္စတန်၌ ကျောင်းများ၊ ဈေးဝယ်စင်တာများ၊ စားသောက်ဆိုင်၊ ရုပ်ရှင်ရုံ၊ မင်္ဂလာခန်းမနှင့် ရေကူးကန်တို့အား ပိတ်ထားရပြီး၊ အစားအသောက်နှင့် ဆေးဝါးရောင်းချသည့်ဆိုင်များမှတစ်ပါး ဈေးများအားလုံး ပိတ်ထားပြီးဖြစ်သည်။ ပါကစ္စတန်တွင် ရောဂါပိုးကူးစက်ခံရသူ ၉၅၈-ဦး၊ သေဆုံးသူ ၇-ဦး ရှိနေသည်။

သီရိလင်္ကာနိုင်ငံတွင် ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ ၁၀၂-ဦးနှင့် သေဆုံးသူ မရှိသော်လည်း နိုင်ငံတကာနှင့် သယ်ယူပို့ဆောင်ရေး အဆက်အသွယ်များ ရပ်ဆိုင်းကာ သတ်မှတ်ချိန်အတွင်း အပြင်မထွက်ရအမိန့်ထုတ်ပြန်ထားသည်။

((( Al Jazeera., Mar.24,2020, India extends lockdown as coronavirus appears in small towns” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ )))

#ကိုရိုနာဗိုင်းရပ်စ်တောင်အာရှနိုင်ငံများ #ကိုရိုနာဗိုင်းရပ်စ်တားဆီးကာကွယ်ရေးစစ်တပ်အားဖြန့်ချ

https://www.aljazeera.com/news/2020/03/india-extends-lockdown-coronavirus-appears-small-towns-200324094240568.html

https://bdnews24.com/bangladesh/2020/03/23/bangladesh-army-to-assist-civil-administration-in-coronavirus-fight

https://www.aa.com.tr/en/asia-pacific/pakistan-stays-under-lockdown-amid-coronavirus-outbreak/1777394

https://www.aljazeera.com/news/2020/03/coronavirus-pandemic-sri-lanka-extends-curfew-worst-hit-areas-200323113601372.html

https://gisanddata.maps.arcgis.com/apps/opsdashboard/index.html?fbclid=IwAR0tOhUl59T4ql89uyu8fgwqjI3F4AOGGL5U8M_s5RQurA0mqtzgoGJlcVE#/bda7594740fd40299423467b48e9ecf6

0

Leave a Reply

Your email address will not be published.