ကိုရိုနာဗိုင်းရပ်စ်စွဲရောဂါဖြင့် ကမ္ဘာတစ်လွှား လူသုံးသောင်းကျော်သေဆုံးခဲ့ပြီး ၃-ပုံ ၂-ပုံမှာ ဥရောပမှဖြစ်။ ကူးစက်ကပ်ရောဂါဗဟိုချက်မှာ အမေရိကန်ဖြစ်လာ။ တားဆီးပိတ်ဆို့ရသည့်အတွက် စိတ်မွန်းကြပ်မှုနှင့် လူမှုမငြိမ်သက်မှု၊ ဂရိနယ်စပ်သို့ ရောဂါခြေချုပ်အဖြစ် တူရကီပို့ဆောင်နေသူများတွင် ဗိုင်းရပ်စ်ပိုးကူးစက်ခံရသူများ ဟုတ်-မဟုတ် မသေချာ

ယနေ့နံနက်ပိုင်းအထိ ကိုဗစ်-နိုင်တင်း ကိုရိုနာဗိုင်းရပ်စ်စွဲ ကူးစက်ကပ်ရောဂါဖြင့် ကမ္ဘာတစ်လွှား သေဆုံးသူ ၃-သောင်းကျော်လာပြီဖြစ်ရာ ၃-ပုံ ၂-ပုံမှာ ဥရောပနိုင်ငံများမှဖြစ်ကြောင်း AFP က စာရင်းကောက်ယူရရှိသည်ဟု Russia Today က ယနေ့ရေးသားသည်။ 


AFP သတင်းဋ္ဌာနအခြေစိုက်ရာ ပြင်သစ်နိုင်ငံတွင်လည်း အဆိုပါရောဂါကြောင့် ၂၄-နာရီအတွင်း ၃၁၉- ဦးထပ်မံ သေဆုံးသဖြင့် သေဆုံးနှုန်း ၁၆% တိုးလာပြီး ယခုထိ စုစုပေါင်း သေဆုံးသူ ၂,၃၁၄-ဦး ရှိနေသည်။ ဥရောပတွင် အီတလီနှင့် စပိန်မှာ ကူးစက်ကပ်ရောဂါ ထိုးနှက်ခံရဆုံး နိုင်ငံများအဖြစ် ရပ်တည်နေရဆဲ ဖြစ်သည်ဆို၏။ ကူးစက်ခံရသူ ၉ – သောင်းကျော်ဖြင့် ဒုတိယအများဆုံးဖြစ်နေသော အီတလီသည် သေဆုံးသူ ၁-သောင်းကျော်ဖြင့် အများဆုံးဖြစ်နေသော်လည်း ကူးစက်ပျံ့နှံ့မှု အထွဋ်အထိပ်ရောက်ပြီဟု မဆိုနိုင်သေးကြောင်း အီတလီကျန်း မာရေးဝန်ကြီးက သတိပေးခဲ့သည်။ 


ကိုရိုနာဗိုင်းရပ်စ်စွဲ ကူးစက်ကပ်ရောဂါ တားဆီးကာကွယ်ရန် ဂျာမနီနိုင်ငံတွင် တားဆီကန့်သတ်မှုများ ပြုလုပ်ထားရပြီး ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိရန် အလှမ်းဝေးနေဆဲဖြစ်ကြောင်း၊ ကူးစက်ခံရသူများ နေ့စဉ်ထပ်မံတွေ့ရှိနေရသဖြင့် တားဆီးမှု့များ ဖြေလျှော့ရန် မဖြစ်နိုင်သေးကြောင်း ဂျာမန်ဝန်ကြီးချပ် အင်ဂျလာမာကယ်က ပြောကြားသည်။ 


လွန်ခဲ့သည့် စနေနေ့တွင် ဂျာမန်အစိုးရအဖွဲ့ဝင်တစ်ဦးက ပြောကြားရာ၌ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တားဆီးပိတ်ဆို့မှုများကို လာမည့် ဧပြီလ ၂၀-ရက်နေ့အထိ ပြဋ္ဌာန်းထားရှိကြောင်း ပါရှိသည်။ ဝန်ကြီးချုပ် မာကယ်၏ ဂျာမန်နိုင်ငံသားများအား အစီရင်ခံရာ၌မူ တားဆီးပိတ်ဆို့မှုများ ရုတ်သိမ်းမည့်ရက်အား ပြောဆိုခြင်း မရှိချေ။ ရောဂါပိုးကူးစက်မှုပေါင်း ၅၇,၀၀၀ ကျော်နှင့် လူ ၄၃၀-ကျော်သေဆုံးလျှက်ရှိသည့် ဂျာမနီနိုင်ငံအား ဆက်လက်တားဆီးပိတ်ဆို့မည်ဖြစ်ကြောင်း ဖော်ပြထားသည်။ 


အမေရိကန်ပြည်ထောင်စုသည် ဗိုင်းရပ်စ်ပိုးကူးစက်ခံရမှုပေါင်း ၁၂၀,၀၀၀ ဖြင့် နိုင်ငံတကာတွင် အရေအတွက် အများဆုံးဖြစ်ပြီး လူပေါင်း ၂,၂၀၀ နီးပါး အသက်ဆုံးရှုံးခဲ့ရပြီးဖြစ်သည်။ အမေရိကန်သည် ကူးစက်ရောဂါ၏ ဗဟိုချက်သဖွယ်ဖြစ်လာနေကြောင်း လေ့လာသူများနှင့် WHO က သတိပေးပြောကြားခဲ့သည်။ သေဆုံး-ဖျားနာ မှုအများဆုံးဖြစ်ပွားနေသော နယူးယောက်၊ နယူးဂျာဆီ၊ ကွန်နတီကပ်မြို့ကြီး ၃-မြို့နှင့် ၎င်းတို့၏ ဆက်စပ်ဧရိယာများအားလုံးကို ကွာရန်တင်း ရောဂါခြေချုပ်နယ်မြေ သတ်မှတ်ရန် တိုက်တွန်းချက်များ ထွက်ပေါ်ခဲ့သည်။ သို့သော် အဆိုပါ နယ်မြေ ၃-ခုကို ရောဂါခြေချုပ်ပြဋ္ဌာန်းရန် မလိုအပ်သေးကြောင်းနှင့် မြို့တော်အုပ်ချုပ်ရေးမှူးတို့က ချဲ့ကားပြောဆိုမှု များပြားလွန်းသည်ဟုဆိုကာ သမ္မတဒေါ်နယ်ထရမ့်က ပယ်ချလိုက်ကြောင်း BBC က ယနေ့ ရေးသားသည်။ 


သို့သော် တစ်နိုင်ငံလုံး ကူးစက်ခံရမှုပေါင်း၏ ထက်ဝက်ကျော်ဖြစ်ပွားလျှက်ရှိသော အဆိုပါဧရိယာကြီး ၃-ခုတို့ အတွင်း ခရီးသွားလာရာ၌ လိုက်နာရန်အချက်များကို အမေရိကန် ရောဂါထိန်းချုပ်ရေးနှင့် တားဆီးရေးဗဟို ( CDC ) က ယမန်နေ့ ညသန်းခေါင်အချိန်ထုတ်ပြန်လိုက်သည်။ ၁၄-ရက်ကြာတည်ရှိမည့် အဆိုပါညွှန်ကြားချက်တွင် မလိုအပ်ပဲခရီးသွားလာခြင်းကို တားမြစ်ထားသည်။ ၎င်းညွှန်ကြားချက်တွင် နိုင်ငံ၏ အရေးပါသော အခြေခံစီးပွားရေးအဆောက်အအုံများနှင့်ပတ်သက်သည့် စက်ရုံ၊ အလုပ်ရုံများတွင် တာဝန်ထမ်းဆောင်သူများ၊ ကုန်သွယ်သွားလာသူများ၊ ကျန်းမာရေးဆိုင်ရာဝန်ထမ်းများ၊ ဘဏ္ဍာရေးနှင့် စားနပ်ရိက္ခာဖြည့်တင်းရေးဆိုင်ရာ လုပ်ကိုင်သူများနှင့် သက်ဆိုင်ခြင်းမရှိကြောင်း CNN က ယနေ့ဖော်ပြသည်။ 


ကိုရိုနာဗိုင်းရပ်စွဲကူးစက်ကပ်ရောဂါကြောင့် အနောက်နိုင်ငံ မြို့ကြီးများရှိ နွမ်းပါးသူနှင့် လူ့ပတ်ဝန်းကျင်က လစ်လျှု့ရှု့ခံရသူများတွင် ဝင်ငွေပြတ်လပ်ရာမှ လူမှု့ရေး မငြိမ်မသက်မှုများ ဖြစ်ပွားလာနိုင်သည်ဟု နိုင်ငံတကာကြက်ခြေနီနှင့် လခြမ်းနီဖက်ဒရေးရှင်း ( IFRC ) က သောကြာနေ့၌ သတိပေးလိုက်သည်။ 


ကမ္ဘာ့တစ်ဝှမ်း လူဦးရေ သန်း ၃,၀၀၀ ခန့် တားဆီးပိတ်ဆို့ခံနေရပြေီး ဥရောပနိုင်ငံများ၌ တိုတောင်းသော ရက်ကာလအတွင်း လူထောင်ချီ ရောဂါကူးစက်၍ ရာချီသေဆုံးလျှက်ရှိသည်။ သီးခြားတားဆီးပိတ်ဆို့ခြင်းများကြောင့် မည်သည့်နည်းလမ်းနှင့်မျှ ဝင်ငွေရှာဖွေမရသည့်အဆုံးနှင့် Psycho- Socal လူမှုစိတ်ဝေဒနာဖိစီးလျှက် မိမိကိုယ်မိမိအဆုံးစီရင်ခြင်းကဲ့သို့ လူမှုမငြိမ်မသက်မှုများ ဖြစ်ပေါ်လျှက်သည်။ 

  
ဆင်ခြေဖုံးဒေသများတွင် နေထိုင်သူ အမြောက်အများမှာ လူ့အသိုင်းအဝိုင်းက လစ်လျှု့ရှု့ခံရပြီး ဆင်းရဲမွဲတေမှု တွင်းနက်၌ မွန်းကြပ်နစ်မြုပ်လျှက်ရှိသူများဖြစ်ကြောင်း၊ မြို့ကြီးများ၏ ကြပ်တည်းမှု့ကို အစောဆုံးနှင့် အပြင်းထန်ဆုံး ခံစားရသည့် ၎င်းတို့သည် ရက်သတ္တ အနည်းငယ်အတွင်း တစ်နည်းနည်းဖြင့် ပေါက်ကွဲလာမည်ကို မိမိစိုးရိမ်မိကြောင်း ဂျီနီဗာအခြေစိုက် နိုင်ငံတကာ ကယ်ဆယ်ရေးနှင့် အကူအညီပေးရေးဆိုင်ရာအဖွဲ့ကြီး၏ ဥက္ကဌဖြစ်သူ ဖရန်ဆီကို ရိုကာက ပြောကြားသည်ဟု New Strait Times က ယနေ့ ရေးသားသည်။ 

  
ကိုရိုနာဗိုင်းရပ်စ်ပိုးပျံ့နှံ့မှုကို ဥရောပနိုင်ငံများက အသည်းအသန်ကာကွယ်နေရခိုက် ဥရောပနိုင်ငံမြို့ကြီးများသို့ ဝင်ရောက်မည့် ရွှေ့ပြောင်းအခြေချသူ ၆,၀၀၀ ကို တူရကီအာဒိုဂန်အစိုးရက တူရကီ-ဂရိနယ်စပ်သို့ စေလွှတ်လိုက်ကြောင်း တူရကီပြည်ထဲဋ္ဌာနသတင်းအား ကိုးကားလျှက် Reuters က သောကြာနေ့ရေးသားသည်။ 


၎င်းအရေအတွက်ရှိသည့် ရွှေ့ပြောင်းအခြေချသူများကို ရောဂါခြေချုပ်ချထားရန် အက်ဒါနီခရိုင်ရှိ နိုင်ငံပိုင် တည်းခိုအိမ်ခန်းများသို့ ဘတ်စ်ကားများဖြင့် ပြောင်းရွှေ့ပေးခဲ့သည်ဆိုရာ၌ အဆိုပါခရိုင်မှာ ဂရိနယ်ခြားနှင့် ကပ်လျှက်တည်ရှိကြောင်း Reuters က ဖော်ပြခဲ့သည်။ လွန်ခဲ့သည့်လတွင် ၎င်းနိုင်ငံအတွင်းရှိ ဒုက္ခသည်များကို ရေရှည်ထိန်းသိမ်းနိုင်စွမ်းမရှိတော့ကြောင်း တူရကီသမ္မတအာဒိုဂန်က ကြေညာပြီးနောက် တူရကီ-ဂရိနယ်ခြားတွင် ဒုက္ခသည်နှင့် ရေ့ွှပြောင်းအခြေချသူ ထောင်ပေါင်းများစွာတို့ စုဝေးလျှက်ရှိနေဆဲဖြစ်သည်။ 


ထိုအတောအတွင်း နယ်ခြားတံတိုင်းအား ဖျက်ဆီးဖြတ်ကျော်ရန်အားထုတ်သည့် ဒုက္ခသည်များနှင့် ဂရိနယ်ခြား အာဏာပိုင်များအကြား အကြမ်းဖက်မှုသတင်းများထွက်ပေါ်ခဲ့သည်။ တူရကီသည် ဗိုင်းရပ်စ်ပိုးကူးစက်မှု့ပေါင်း ၇,၄၀၀ ကျော်နှင့် လူပေါင်း ၁၀၈-ဦး သေဆုံးခဲ့ပြီဖြစ်သော်လည်း ဂရိနယ်ခြား၌ ရောက်ရှိနေသူများအပါအဝင် ယခု ရောဂါခြေချုပ်ချထားရန် ပို့ဆောင်ပေးခဲ့သည်ဆိုသူများတွင် ရောဂါပိုးစွဲကပ်ခံရခြင်း ရှိ-မရှိ သတင်းထုတ် ပြန်ချက်များ၌ မပါရှိချေ။ 
ထိုစဉ်အတောအတွင်း ဂရိနယ်စပ်တွင် ဆူပူမှုအဓိကရုန်းများဖြစ်ပွားစေရန် တမင်ရည်ရွယ်လျှက် ရွှေ့ပြောင်း အခြေချသူအုပ်စုများ တူရကီက စုဝေးစေလျှက်ရှိကြောင်း ဂျာမန်ဖက်ဒရယ်ထောက်လှမ်းရေးအဖွဲ့ ( BND ) က ပြောဆိုသည်ဟု Greece Reporter သတင်းစာက ယနေ့ရေးသားသည်။ 

((( Russia Today., 28 Mar, 2020,” Global Covid-19 death toll surpasses 30,000, with two thirds in Europe – AFP.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ ဆက်စပ်သတင်းများမှာ ပေးထားပါ များအတိုင်းဖြစ်ပြီး လွှင့်တင်ရန်အခက် အခဲကြောင့် အတူမဖော်ပြနိုင်သည့် Links များကို https://m.vk.com/ounghtay နှင့် https://h2oupdatenews.com/ တွင်ရှ့ပါရန် ))) 

#ကိုရိုနာဗိုင်းရပ်စွဲကူးစက်ကပ်ရောဂါနိုင်ငံတကာကြက်ခြေနီ #ကိုရိုနာဗိုင်းရပ်စွဲကူးစက်ကပ်ရောဂါအမေရိကန်၊ဂျာမနီ #ကိုရိုနာဗိုင်းရပ်စွဲကူးစက်ကပ်ရောဂါတူရကီ-ဂရိနယ်ခြား 

0

Leave a Reply

Your email address will not be published.