ကိုရိုနာဗိုင်းရပ်စ်စွဲရောဂါနှင့် ပတ်သက်၍ ယနေ့နိုင်ငံတကာထူးခြားသတင်း ကောက်နှုတ်ချက်အကျဉ်း

ယခုအခါ နိုင်ငံတကာတွင် ကူးစက်ပျံ့နှံ့လျှက်ရှိသော Covid-19 ရောဂါ စတင်ဖြစ်ပွားရာ တရုတ်နိုင်ငံ ဝူဟန်မြို့တွင် ကိုရိုနာဗိုင်းရပ်စ်စွဲကပ်ခြင်းဝေဒနာ ပြင်းထန်စွာခံစားခဲ့ရသည့် နောက်ဆုံးလက်ကျန်လူ ၁-ဦးအား အောင်မြင်စွာ ကုသပေးနိုင်ခဲ့ပြီး ဟူဘေးပြည်နယ်အတွင်း ကိုရိုနာဗိုင်းရပ်စ်စွဲလူနာ လုံးဝမရှိတော့ကြောင်း သိရှိရသည် ဟု Russia Today က ယနေ့ရေးသားသည်။


ကြာသပတေးနေ့ ညပိုင်းအထိ တရုတ်နိုင်ငံတစ်ဝှမ်းလုံးတွင် ကိုရိုနာဗိုင်းရပ်စ်စွဲပြင်းထန်ဝေဒနာရှင် ၁-ဦးအပါအဝင် စုစုပေါင်း ၆၀ -ဦး အောက်၌သာရှိခဲ့သည်။ မြို့တော်အား ဇန်နဝါရီမှ ဧပြီလအထိ ရက်သတ္တ ၁၀-ပတ်ကျော် လော့ဒေါင်းတား ဆီးပိတ်ဆို့ခြင်းများ တင်းကြပ်ခဲ့ရသည်။ ဝေဒနာပြင်းထန်သူ ၁-ဦးအပါအဝင် ရောဂါပိုးကူးစက်ခံရသူ ၄၇-ဦး မှတစ်ပါး ပြည်နယ်အတွင်း ရက်သတ္တ ၃-ပတ်ခန့် ကူးစက်ခံရ သို့မဟုတ် ရောဂါသံသယ ရှိသူ ၁-ဦးမျှ ထပ်မံမတွေ့ခဲ့ရချေ။

တရုတ်နိုင်ငံတွင် Covid-19 ပိုး ရောဂါစွဲကပ်မှု ၈၂,၈၀၄ ခုဖြစ်ပွားခဲ့ပြီး ၄,၆၃၂ ဦး သေဆုံးခဲ့သည်ဆိုခြင်းကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကဲ့သို့ အနောက်အုပ်စုနိုင်ငံရေးသမားများက သံသယဖြင့်ကြိုဆိုခဲ့ကြသည်။ တရုတ်အစိုးရအနေဖြင့် Covid-19 ကူးစက်ရောဂါကျရောက်မှု ပမာဏအတိုင်းအတာကို အမှန်အတိုင်း ပြောဆိုခြင်းမရှိဟု စွပ်စွဲလျှက်ရှိသည်။ တရုတ်ကွန်မြူနစ်အစိုးရကမူ အဆိုပါစွပ်စွဲချက်များမှာ အခြေအမြစ် မရှိကြောင်း ပယ်ချခဲ့ပြီး အဆိုပါနိုင်ငံတို့အနေဖြင့် ၎င်းတို့နိုင်ငံအတွင်း ထိခိုက်ဆုံးရှုံးမှုများအတွက် ပြည်သူတို့က အပြစ်တင်ခြင်းကို လှည့်စားရန် ပေကျင်းအစိုးရအပေါ် လက်ညှိုးထိုးခြင်းသာဖြစ်ကြောင်း တုန့်ပြန်ချေပခဲ့သည်။

=====

Covid- 19 ရောဂါအား အလဲထိုးအနိုင်ယူလိုက်ပြီဟု ကြေညာခဲ့သော တောင်ကိုရီးယားသည် မကြာမီတွင် ခရီးသွားလုပ်ငန်း ပြန်လည်စတင်ရန် ပြင်ဆင်လျှက်ရှိကြောင်း သိရှိရသည်။

တောင်ကိုရီးယားတွင် SARS-Cov-2 ကိုရိုနာဗိုင်းရပ်စ်ပိုးစွဲကပ်ခံရသူကို ဖေဖော်ဝါရီလဆန်းပိုင်းတွင် စတင်တွေ့ရှိခဲ့ရခြင်းဖြစ်သည်။ ကူးစက်ခံရသူဦးရေမှာ နေ့စဉ်တိုးတက်လာခြင်းဖြင့် ၎င်းလကုန်တွင်၂၄-နာရီအတွင်း ၉၀၉-ဦးအထိ အတည်ပြုခဲ့ရသည်။ မတ်လနှောင်းပိုင်း၌ သေဆုံး- ကူးစက်ခံရသူဦးရေ ပြန်လည်မြင့်တက်လာခြင်းက ကူးစက်ရောဂါ ဒုတိယလှိုင်း စိုးရိမ်ပူပန်မှုကို ကြီးထွားစေခဲ့သည်။


သို့သော် ဂျွန်ဟော့ပ်ကင်းတက္ကသိုလ်၏ Covid-19 ဆိုင်ရာ အချိန်နှင့်တစ်ပြးညီ မှတ်တမ်းများအရ ဧပြီလတစ်လျှောက်လုံး တောင်ကိုရီးယား၏ ကူးစက်ခံရကြောင်း ထပ်မံတွေ့ရှိရသည့် နေ့စဉ်အရေအတွက်မှာ ဂဏန်း ၁-လုံးသာလျှင် ရှိနေခဲ့သည်။ ယခုအချိန်အထိ ၂၃၇ ဦး သေဆုံးခဲ့ပြီးဖြစ်သော တောင်ကိုရီးယားသည် ကမ္ဘာပေါ်တွင် Covid-19 ရောဂါဖြင့် သေဆုံးမှုနှုန်းအနိမ့်ဆုံးနိုင်ငံဖြစ်ပြီး ကူးစက်ခံရသည့် အကြိမ်ပေါင်း၏ ၂.၂၃ ရာ ခိုင်နှုန်းသာရှိသည်။ နိုင်ငံအတွင်း နေထိုင်သူ လူ ၁-သန်းလျှင် ၁၁,၆၀၉-ဦးနှုန်းဖြင့် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရခြင်း ရှိ- မရှိ စစ်ဆေးပေးနိုင်ခဲ့သည်။

ထို့ပြင် ထူးခြားသည်မှာတောင်ကိုရီးယားသည် ပြင်သစ်၊ ဗြိတိန်နှင့်အီတလီတို့ အပါအဝင် ဥရောပဒေသအများစုတို့ကဲ့သို့ တင်းကြပ်သော လော့ဒေါင်း တားဆီးပိတ်ဆို့ခြင်းများ ချမှတ်ရခြင်းမရှိခဲ့ချေ။ ရောဂါပိုးရှိသူနှင့် ထိတွေ့ ခဲ့သူများအား လျှင်မြန်စွာခြေရာခံဖော်ထုတ်နိုင်ပြီး ခေတ်မီကောင်းမွန်သော စက်ကိရိယာများ အသုံးပြုခြင်း၊ လူထု၏ ပူးပေါင်းကူညီမှုရရှိရန် စည်းရုံးဆောင်ရွက်ခဲ့သော နိုင်ငံအဖြစ် ထင်ရှားသည်ဆို၏။

=====

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုဟန့်တားရန် အဆုံးစွန်ထိ လော့ဒေါင်းတားဆီးပိတ်ဆို့ခြင်းများ ပြဋ္ဌာန်းခဲ့ရသည့် အိန္ဒိယနိုင်ငံတွင် ဝန်ကြီးချုပ် နာရင်ဒြာမိုဒီက အတ္တာဟိ အတ္တနော နာထော “ မိမိကိုယ်မိမိကိုယ်သာ ကိုးကွယ်ရာ “ တရားကို ဟောပြောပြီးနောက် ဈေးဆိုင်အချို့ကို အကန့်အသတ်ဖြင့် ပြန်လည်ဖွင့်လှစ်ခွင့် ပြုလိုက်ပြီဖြစ်သည်။

အိန္ဒိယပြည်ထဲရေးဝန်ကြီး၏ သောကြာနေ့ည သတင်းထုတ်ပြန်ချက်တွင် နိုင်ငံအဝှမ်း မရှိမဖြစ်လိုအပ်သော ဆိုင်ပိုင်ရှင်များအားလုံး စနေနေ့မှစတင်ကာ ဆိုင်ဖွင့်ရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။ သို့သော်လည်း ရောဂါပိုးကူးစက်ခြင်းမှ ဟန့်တားရန် အများပြည်သူဆိုင်ရာနေရာတို့၌ မျက်နှာဖုံး- လက်အိတ်တို့ကို ဝတ်ဆင်ကြရန် Social Distancing လူချင်းနီးကပ်မှုလျှော့ချခြင်း ပြဋ္ဌာန်းချက်များအတိုင်း လိုက်နာကြရမည်ဖြစ်ကြောင်း ပါရှိသည်။

တားဆီးပိတ်ဆို့ထားဆဲ နေရာများမှတစ်ပါး ရပ်ကွက်အတွင်း ဈေးဆိုင်များအပါအဝင် ရပ်ကွက်အနီးအနား သို့မဟုတ် သီးခြားဖြစ်ပြီး “ဈေးဆိုင်ဖွင့်လှစ်ခြင်းနှင့် တည်ခင်း ရောင်းချခြင်းဆိုင်ရာ အက်ဥပဒေ” နှင့် အညီ မှတ်ပုံတင်ထားသောဆိုင်များအားလုံးတို့သည် ပြန်လည်ဖွင့်လှစ်ခွင့်ပြုရာ၌ ပါဝင်သည်။ လုပ်ငန်းရှင်များ အနေဖြင့် အလုပ်သမားဦးရေ ထက်ဝက်ကိုသာလျှင် အလုပ်ပြန်ဝင်ရန် ခေါ်ယူရမည်ဖြစ်သည်။ ယခုကဲ့သို့ ဖြေလျှော့ပေးရာတွင် Covid-19 ရောဂါ ပြင်းထန်စွာ ကျရောက်ခဲ့သည့် ဧရိယာများရှိ ဆိုင်များနှင့် ပတ်သက်ခြင်း မရှိကြောင်း သိရှိရသည်။

ထို့ပြင် အလုံပိတ်တစ်နေရာတည်းတွင် လူအများအပြားစုရုံးသည်ကို ဟန့်တားသည့်အနေဖြင့် ရှေ့ာပင်းမောလ် နှင့် ဈေးဝယ်စင်တာများကိုလည်း ပိတ်ထားရမည်ဖြစ်သည်။

ယခုလစောစောပိုင်းတွင် နိုင်ငံအဝှမ်း လော့ဒေါင်းတားဆီးပိတ်ဆို့ရက်ကာလ တိုးမြှင့်ကြောင်း အိန္ဒိယအစိုးရက ကြေညာခဲ့ပြီးမှ ယခုကဲ့သို့ ခွင့်ပြုခြင်းသည် ကူးစက်ကပ်ရောဂါကာလလွန်မြောက်ကြောင်းဖော်ပြခြင်းမရှိသကဲ့သို့ မေလအထိ ပြဋ္ဌာန်းထားသော တားဆီးအမိန့်များ ရုတ်သိမ်းရခြင်လည်းး မရှိသေးချေ။ သို့သော်လည်း ဒေသအတော်များများတွင် နေ့စဉ် ကူးစက်ခံရသူအရေအတွက်ကျဆင်းလျှက်ရှိကြောင်း၊ လွန်ခဲ့သည့် ၂၈-ရက်အတွင်း ပြည်နယ် ၁၅-ခုတို့၌ နေ့စဉ်ကူးစက်ခံရသူဦးရေ လုံးဝမတွေ့ရကြောင်း အိန္ဒိယကျန်းမာရေးဝန်ကြီးဋ္ဌာန၏ ကြေညာချက်၌ ဖော်ပြထားသည်။

Covid-19 ကူးစက်ကပ်ရောဂါကျရောက်လျှက်ရှိသော အိန္ဒိယသည် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုပေါင်း ၂၄,၉၄၂-ကြိမ်ဖြစ်ပွားခဲ့ပြီး လူပေါင်း ၇၈၀-ဦး အသက်ဆုံးရှုံးခဲ့ရပြီးဖြစ်သည်။ လွန်ခဲ့သည့် ၂၄-နာရီအတွင်း ကူးစက်ခံရသူ ၄၉၅-ဦး ရှိနေသေးသော်လည်း ကုသပျောက်ကင်းသူ စုစုပေါင်း ၅,၄၉၈-ဦးရှိသည်။ နိုင်ငံအတွင်းနေထိုင်သူ ၁-သန်းလျှင် လူပေါင်း ၄၂၀-ဦးကို SARS-CoV-2 ရောဂါပိုးရှိ-မရှိ စစ်ဆေးပေးနိုင်ခဲ့သည်။


((( Russia Today., Apr, 24-25, 2020, မှ Covid-19 နှင့် ပတ်သက်သော သတင်းအချို့ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ် ဘာသာပြန်ဆိုသည်။ )))


#ကိုရိုနာဗိုင်းရပ်စ်တောင်ကိုရီးယား၊တရုတ်၊အိန္ဒိယ

https://www.rt.com/news/486762-wuhan-last-serious-patient/

https://www.rt.com/news/486794-south-korea-covid-victory/

https://www.rt.com/news/486864-india-relax-coronavirus-lockdown/

0

Leave a Reply

Your email address will not be published.