ကိုရိုနာဗိုင်းရပ်စ်ပါရဂူအသက်ဆုံးရှုံးရခြင်းမှာ ကိုယ့်ကိုယ်ကို သတ်သေသူ၏ လက်ချက်ဖြစ်ဟု အမေရိကန် အာဏာပိုင်တို့ ပြောဆို၊ ဗိုင်းရပ်စ်ပိုးမှာ ဝူဟန်ဓါတ်ခွဲခန်းမှ စတင်သည်ဆိုခြင်းကို ချက်ချင်းသက်သေမပြနိုင်သေးပဲ စောင့်ဆိုင်းရန်လိုအပ်ဟု ကန်နိုင်ငံခြားရေးဝန်ကြီးပြော

Covid-19 ရောဂါ သုတေသနပြုခဲ့ရာတွင် အလွန်ထူးခြားချက်များ တွေ့ရှိထားသူအဖြစ် လူသိများသည့် အမေရိကန် ပင်ဆယ်ဗေးနီးယားပြည်နယ် ပစ်စ်ဘာ့ဂ်တက္ကသိုလ်မှ ပါမောက္ခဖြစ်သူတစ်ဦးမှာ လွန်ခဲ့သည့်သီတင်းပတ်ကုန်ရက်၌ အသတ်ခံခဲ့ရသည်။ ပါမောက္ခအသက်ဆုံးရှုံးရခြင်းမှာ ကိုယ့်ကိုယ်ကို သတ်သေမည့်သူ၏ လက်ချက်ဖြစ်ကြောင်း အမေရိကန်အာဏာပိုင်တို့က ပြောဆိုသည်ဟု CNN က ယနေ့ ရေးသားသည်။

သေဆုံးသူမှာ ဘင်းလျူအမည်ရှိ ပစ်စ်ဘာ့ဂ်တက္ကသိုလ်သုတေသနလက်ထောက်ပါမောက္ခတစ်ဦးဖြစ်ကြောင်း၊ လွန်ခဲ့သည့် စနေနေ့၌ ၎င်းငှားရမ်းနေထိုင်သော အိမ်ခန်းတွင် ဦးခေါင်း၊ လည်ပင်း၊ ရင်ညွန့်နှင့် လက်ဖျားတို့၌ သေနတ်ဒါဏ်ရာများဖြင့် သေဆုံးလျှက်ရှိသည်ကို တွေ့ရှိရကြောင်း ရဲတပ်ဖွဲ့က ပြောဆိုသည်။

အမည်မသိ ဒုတိယတစ်ဦးသည် ဘင်းလျူအား ပစ်သတ်ပြီးနောက် ၎င်း၏ မော်တော်ကားရှိရာသို့ ပြန်ကာ သူ့ကိုယ်သူ အဆုံးစီရင်ခဲ့ပုံရကြောင်း၊ ဘင်းလျူနှင့် ဒုတိယလူသည် တစ်ဦးနှင့်တစ်ဦး သိကျွမ်းဟန်တူကြောင်း၊ သို့သော်လည်း ဘင်းလျူမှာ တရုတ်နွယ်ဖွားတစ်ဦးဖြစ်ခြင်းကြောင့် အသတ်ခံရသည့် အရိပ်အယောင် မတွေ့ရကြောင်း ရဲတပ်ဖွဲ့က အတည်ပြုခဲ့သည်။

ပါမောက္ခဘင်းမှာ SARS-CoV-2 ဗိုင်းရပ်စ်ပိုး၏ ရောဂါကူးစက်မှုရာတွင် ဆဲလ်များအလုပ်လုပ်ပုံနှင့် ဆဲလ်အခြေခံများကို သုတေသနပြုလျှက်ရှိသူဖြစ်ပြီး အသေးစိတ်ဖော်ထုတ်ရန် အလွန်နီးကပ်နေပြီဖြစ်ကြောင်း ၎င်းတက္ကသိုလ် ကွန်ပျူတာနှင့် ဇီဝဗေဒစံနစ်ဌာနမှ လုပ်ဖော်ကိုင်ဖက်များက ပြောကြားသည်။


ဆေးဘက်ပညာတက္ကသိုလ်မှအဖွဲ့ဝင်များကလည်း ၎င်းတို့၏ လုပ်ဖော်ကိုင်ဖက်ဟောင်းဖြစ်သူ ဘင်းအား အလွန်ထူးချွန်သည့် သုတေသီနှင့် ဦးဆောင်လမ်းပြကောင်းတစ်ဦးအဖြစ် ဖောြ်ပကြပြီး ပါမောက္ခဘင်းလျူ၏ သုတေသနလုပ်ငန်းကို အပြီးသတ်အောင်မြင်သည်အထိ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရှိရသည်။


Covid-19 ကူးစက်ကပ်ရောဂါဖြစ်ပွားစေသော SARS-CoV-2 ဗိုင်းရပ်စ်ပိုးမှာ တရုတ်နိုင်ငံ ဝူဟန်ဓါတ်ခွဲခန်းမှ စတင်ကြောင်း ထူးခြားသည့် အထောက်အထားများရရှိထားပြီဖြစ်သော်လည်း ချက်ချင်းသက်သေပြရန် မသေချာကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပေယိုက ဝန်ခံပြောဆိုသည်ဟု CNN က ယနေ့ရေးသားသည်။


ကိုရိုနာဗိုင်းရပ်စ်သည် ဓါတ်ခွဲခန်းတွင် လူတို့ဖန်တီးသည်ဆိုခြင်းထက် တောရိုင်းတိရစ္ဆာန်အသားစိမ်းဈေးမှ လူသားများသို့ကူးစက်ခြင်းမှဖြစ်ပုံရကြောင်း နိုင်ငံတကာထောက်လှမ်းရေးနှင့် ကျွမ်းကျင်ပညာရှင်တို့က ထောက်ပြနေသည့်တိုင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ၎င်း၏ တရုတ်ဓါတ်ခွဲခန်းအယူအဆကို ထပ်မံပြောဆိုခြင်းဖြစ်သည်။ အမေရိကန်ထောက်လှမ်းရေးတို့ကမူ ဓါတ်ခွဲခန်းမှ လွတ်ထွက်ခြင်းလည်းဖြစ်နိုင်၍ အသားစိမ်းဈေးမှလည်းဖြစ်နိုင်ကြောင်း လက်ခံထားသည်ဟု မိုက်ပွန်ပေယိုက Fox News တွင် တွေ့ဆုံရာတွင် ပြောကြားခဲ့သည်ဆို၏။

SARS-CoV-2 ဗိုင်းရပ်စ်ပိုးမှာ တရုတ်ဓါတ်ခွဲခန်းမှ စတင်ကြောင်းနှင့် Covid-19 ရောဂါကူးစက်မှု လျှင်မြန်ပြင်းထန်ခြင်းကို တရုတ်က အချိန်မီဖွင့်မပြောခြင်းကြောင့် တာဝန်ရှိသည်ဟု ဒေါ်နယ်ထရမ့်အစိုးရက အပြင်းအထန် စွပ်စွဲလျှက်ရှိသည်။

ထိုစဉ်အတွင်း ကိုရိုနာဗိုင်းရပ်စ်ရောဂါကူးစက်မှုနှင့် ပတ်သက်၍ လူသိများထင်ရှားသူ တရုတ်နွယ်ဖွား အမေရိကန်ပါမောက္ခတစ်ဦး ထူးခြားစွာ အသတ်ခံရခြင်းမှာ Conspiracy Theory ခေါ် သို့လော သို့လော လျှို့ဝှက်အသိရခက်သည့် တွေးခေါ်ပြောဆိုမှုများ ပြင်းထန်လာစေသည်။


ပေကျင်းအစိုးရကမူ ပွန်ပေယိုပြောသမျှကို ပြက်လုံးထုတ်နေခြင်းသာဖြစ်သည်ဟု ပယ်ချထားသည်။ အကယ်၍ ကိုရိုနာဗိုင်းရပ်စ်နှင့်ပတ်သက်၍ နစ်နာကြေးရရန်အဖြစ် ထရမ့်အစိုးရက ခြိမ်းခြောက်လာခဲ့လျှင် တရုတ်ကလည်း အမေရိကန်အပေါ် ၎င်းတို့ရစရာရှိသော ကြွေးမြီများ ဖြတ်တောက်ခြင်းဖြင့် တုန့်ပြန်နိုင်ဖွယ်ရှိကြောင်း နိုင်ငံရေး လေ့လာသူများက ခန့်မှန်းလျှက်ရှိသည်ဟု South China Morning Post ( SCMP ) က ယနေ့ရေးသားသည်။


((( CNN., May 6, 2020, “ Professor researching Covid-19 was killed in an apparent murder-suicide, officials say” ကို #HtayOung, #OungMarine ဆီလျော်အောင်ကောက်နှုတ်ဘာသာပြန်ဆိုသည်။ )))


#ကိုရိုနာဗိုင်းရပ်ပါရဂူတရုတ်နွယ်ဖွားအမေရိကန်ပါမောက္ခအသတ်ခံရ #အမေရိကန်နိုင်ငံခြားရေးဝန်ကြီးနှင့်တရုတ်ဓါတ်ခွဲခန်းဗိုင်းရပ်စ် #Covidရောဂါနစ်နာကြေးနှင့်တရုတ်ကြွေးမြီ

https://edition.cnn.com/2020/05/06/us/university-of-pittsburgh-professor-killed/index.html

https://edition.cnn.com/2020/05/06/politics/pompeo-wuhan-lab/index.html

https://www.rt.com/usa/487960-pompeo-evidence-china-coronavirus/

https://www.scmp.com/economy/china-economy/article/3083100/coronavirus-china-could-cut-us-debt-holdings-response-white

https://www.scmp.com/economy/china-economy/article/3083100/coronavirus-china-could-cut-us-debt-holdings-response-white

0

Leave a Reply

Your email address will not be published.