ကိုရိုနာဗိုင်းရပ်စ်သည် အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်မှ စတင်ဟု တရုတ်သိပ္ပံပညာရှင်များ အခိုင်အမာပြောဆို။ နှစ်နိုင်ငံနိုင်ငံရေး အတင်းမာဆုံးအချိန်၌ SARS-CoV-2 ဗိုင်းရပ်စ်ကူးစက်မှုစတင်သည့် နေရာဖြစ်နိုင်ကြောင်း အိန္ဒိယအား တရုတ်ဖော်ပြ

  
လွန်ခဲ့သည့်နှစ် ဒီဇင်ဘာလက ဝူဟန်မြို့တွင်  Covid-19 ရောဂါကူးစက်မှု မဖြစ်ပွားမီ SARS-CoV-2 ကိုရိုနာဗိုင်းရပ်စ်သည် အိန္ဒိယနှင့်ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့၌ ကာလရှည်စွာ တည်ရှိခဲ့ကြောင်း တရုတ်နိုင်ငံ ရှန်ဟိုင်းဇီဝသိပ္ပံဌာနမှသုတေသီအဖွဲ့က ပြောကြားသည်ဟု The Sun ( Nov 27, 2020 ) က ရေးသားသည်။ 


“ ကနဦး သိရခက်သော ကူးစက်ခြင်းများနှင့် လက်ခံလူသားတွင် Sars-Cov-2 ၏ ဆင့်ကဲဖြစ်စဉ်” ဟု ခေါင်းစဉ်ပါ လေ့လာမှုတစ်ခုတွင် တရုတ်သုတေသီများက ဗိုင်းရပ်စ်၏မူလအစကိုခြေရာခံရာ၌ ချို့ယွင်းချက်ရှိသည်ဟု ဝေဖန်ခံရကြောင်း ဗြိတိန်အခြေစိုက် The Sun သတင်းစာကဖော်ပြခဲ့သည်။

  
သိပ္ပံပညာရှင်အများစုကမူ လွန်ခဲ့သော နှစ်ပေါင်းများစွာက ယူနန်ပြည်နယ်တွင်တွေ့ရှိခဲ့သည့် လင်းနို့ဗိုင်းရပ်စ်ပိုးအား ကိုရိုနာဗိုင်းရပ်စ်၏ ဘိုးဘွားများအဖြစ် ရည်ညွှန်းကြသည်။ သို့သော် လင်းနို့ဗိုင်းရပ်စ်ပိုးမှာ ကိုရိုနာဗိုင်းရပ်စ်၏ မူလအစ မဟုတ်ကြောင်း သုတေသနစာတမ်းက ငြင်းပယ်ထားသည်။ 


တရုတ်သုတေသနအဖွဲ့သည် ဗိုင်းရပ်စ်ပိုး၏ မူလအစကို ခြေရာခံရန် သမားရိုးကျနည်းလမ်းကို အသုံးပြုမည့်အစား ဗိုင်းရပ်စ်အမျိုးမျိုး၏ မျိုးဗီဇပြောင်းလဲမှုများအား စစ်ဆေးသည့် နည်းလမ်းများကိုအသုံးပြုခဲ့သည်။

  
သုတေသနစာတမ်းအရ ဗီဇပြောင်းလဲခြင်း အများစုပါဝင်သော မျိုးကွဲများသည် အချိန်ကြာမြင့်စွာတည်းက တည်ရှိခဲ့ပြီး ဗီဇပြောင်းလဲခြင်းနည်းပါးသည့် မျိုးကွဲများမှာမူ ကိုရိုနာဗိုင်းရပ်စ်အသစ်၏ မူလအစ ဘိုးဘေးများနှင့် ပိုမိုနီးစပ်ကြောင်း။ အနည်းဆုံးဗီဇပြောင်းလဲခြင်းမျိုးကို သြစတြေးလျ၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ ရုရှား၊ ဆားဗီးယား၊ ဂရိ၊ အီတလီ၊ ချက်သမ္မတနိုင်ငံနှင့် အမေရိကန်စသည့် ၉-နိုင်ငံတို့တွင် တွေ့ရှိရသည်ဆို၏။ 

  
ပထမဦးဆုံးကူးစက်ခံရသည့် ဧရိယာသည် မျိုးရိုးဗီဇကွဲပြားမှုနည်းပါးလိမ့်မည်ဖြစ်ပြီး အထူးသဖြင့် အထူးသဖြင့် အိန္ဒိယနှင့်ဘင်္ဂလားဒေ့ရှ်တို့ဖြစ်ကြောင်း ဖော်ပြနေသည်ဟု စာတမ်း၌ ရေးသားထားကြောင်း သိရှိရသည်။

  
ရာသီဥတုပြင်းထန်ခြင်း၊ အလွန်အမင်းနှင့်မိုးခေါင်ခြင်းတို့ကြောင့် ဗိုင်းရပ်စ်ပိုးသည် အိန္ဒိယလူငယ်ထု လူသားများထံ ကူးစက်ရန် လိုအပ်သည့်အခြေအနေတရပ် ဖြစ်ပေါ်စေခဲ့သည်ဟု တရုတ်သုတေသီများက စွပ်စွဲထားသည်။ 


အသွင်ပြောင်းမှု အနည်းဆုံးမျိုးကွဲများ၏ ပထဝီဆိုင်ရာအချက်အလက်များနှင့် အခြားမျိုးကွဲ နှစ်မျိုးလုံးတွင် တွေ့ရှိချက်အရ အိန္ဒိယတိုက်ငယ်သည် ဝူဟန်၌ ရောဂါမဖြစ်ပွားမီ ၃-လ သို့မဟုတ် ၄-လခန့်အလို၌ လူမှ လူသို့ SARS-CoV-2 ဗိုင်းရပ်စ်ကူးစက်မှုစတင်သည့်နေရာဖြစ်နိုင်ကြောင်း တရုတ်သုတေသီများ၏ ရေးသားချက်ကို The Sun က ကိုးကားသည်။ 


အဆိုပါ သုတေသနစာတမ်းကို “ လန်းဆက် “ ဆေးဂျာနယ်၏ ပလက်ဖောင်းခွဲတစ်ခုဖြစ်သော SSRN.Com တွင် နိုဝင်ဘာ ၁၇ ရက်နေ့၌ လွှင့်တင်ခဲ့သည်။


ဂလပ်စ်ကိုတက္ကသိုလ်မှ ကျွမ်းကျင်သူဒေးဗစ်ရောဘဆ်ဆန်ကမူ တရုတ်အဖွဲ့၏ သုတေသနစာတမ်းတွင် မှားယွင်းချက် အတော်များများပါဝင်နေပြီး ကိုရိုနာဗိုင်းရပ်စ်နှင့် ပတ်သက်၍ ကျွန်ုပ်တို့၏ သိရှိပြီး နားလည်မှုကို ထပ်မံ ဖြည့်စွက်ထားခြင်း မရှိကြောင်း ပြောကြားခဲ့သည်။ 


တရုတ်သိပ္ပံပညာရှင်များ၏ စာတမ်းတွင် ကိုရိုနာဗိုင်းရပ်စ်ပိုးသည် ၂၀၁၉-ခုနှစ် အိန္ဒိယနိုင်ငံ၌ အပူလှိုင်း ကျရောက်စဉ် ဗိုင်းရပ်စ်ပါရှိသော ရေကို လူနှင့် တိရစ္တာန်တို့ အတူသောက်ကြရာမှ စတင်ကြောင်း၊ ထိုမှ ဝူဟန်သို့ ရောက်ရှိလာသည်ဟု ဆိုလိုပုံရကြောင်း Daily Mail ( Nov 27,2020 ) က ရေးသားသည်။ ကိုရိုနာဗိုင်းရပ်စ်ရောဂါမှာ တရုတ်နိုင်ငံမှ စတင်ခြင်းမဟုတ်ကြောင်း သက်သေပြရာ၌ အမေရိကန်နှင့် အီတလီတို့ကို စွပ်စွဲခဲ့ဖူးပြီး ယခုအခါ အိန္ဒိယအပါအဝင် အခြား ၉-နိုင်ငံတို့အား လက်ညှိုးထိုးရန် ကြိုးစားခြင်းဖြစ်သည်ဆို၏။ 

  
ပိုင်ဆိုင်မှုအငြင်းပွား နယ်စပ်တစ်လျှောက် နှစ်နိုင်ငံတပ်ဖွဲ့ဝင်အချင်းချင်း အပြန်အလှန်တိုက်ခိုက်ကြရာမှ တရုတ် -အိန္ဒိယနိုင်ငံရေးတင်းမာမှုအမြင့်ဆုံးရောက်ရှိနေချိန်တွင် ယခုသုတေသနစာတမ်းထွက်ပေါ်လာခြင်းဖြစ်သည်။ 


လောလောဆယ်တွင် WHO အနေဖြင့် ရောဂါစတင်ကြောင်း သိပ္ပံဆိုင်ရာအထောက်အထားများက ညွှန်ပြနေသည့် တရုတ်ပြည်၌ ကိုရိုနာဗိုင်းရပ်စ်၏ အရင်းအမြစ်ကို ရှာဖွေလျှက်ရှိသည်။ 


(( ဝူဟန်တွင် ကိုရိုနာဗိုင်းရပ်စ်အသစ် ကူးစက်မှုကြောင့် လူအစုအပုံလိုက် ဖျားနာသေဆုံးခြင်းနှင့် မရှေးမနှောင်းမှာပင် အဆိုပါဗိုင်းရပ်စ်မှာ အမေရိကန်၏ “ ဇီဝလက်နက် “ ဖြစ်သည်ဟု ၎င်း၊ တရုတ်ဓါတ်ခွဲခန်းမှ လွတ်ထွက်လာသော “ ဇီဝလက်နက်ပိုး “ ဖြစ်သည်ဟု၎င်း အမျိုးမျိုး ရေးသားပြောဆိုကြပါသည်။ ဇီဝလက်နက်ဖြစ်ကြောင်း ပြောဆိုနေသူများကို သတိထားကြည့်သည့်အခါ ၎င်းတို့မှာ သိပ္ပံပညာရှင်များမဟုတ်ပဲ နိုင်ငံရေးသမားများ ဖြစ်နေသည်ကို တွေ့ရပါသည်။ အထူးသဖြင့် အမေရိကန်တွင် ဒေါ်နယ်ထရမ့်နှင့် နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပေယိုတို့ဖြစ်သည်။ အခြားအွန်လိုင်းတွင် ပျံ့နှံ့လာသည့် ဇီဝလက်နက်ဖြစ်သည်ဆိုခြင်းမှာ လူပြိန်းကြိုက် သတင်းတုများသာဖြစ်ပါသည်။ 


SARS-CoV-2 ဗိုင်းရပ်စ်သည် အလွန်အမင်း သေးငယ်ပြီး အီလက်ထရွန်မိုက္ကရိုစကုပ်နှင့် ကြည့်မှသာ တွေ့မြင်နိုင်သည်။ သို့သော် ဗိုင်းရပ်စ်အတွင်းအပြင် တည်ဆောက်ဖွဲ့စည်းပုံကို ပညာရှင်များက အသေးစိတ်သိရှိထားသည်။ ထို့ကြောင့်လည်း ယခု မြန်မာအပါအဝင် နိုင်ငံတကာတွင် နှိပ်စက်နေသော ကူးစက်မှု အလွန်မြန် ကိုရိုနာဗိုင်းရပ်စ် D614G အကြောင်းကို ကောင်းစွာရှင်းပြနိုင်ခြင်းဖြစ်သည်။ 


SARS-CoV-2 သည် ဓါတ်ခွဲခန်းထွက် ဗိုင်းရပ်စ်မဟုတ်ကြောင်း ပညာရှင်တို့ ပြောဆိုချက်မှာ တစ်နေ့တစ်ခြားခိုင်မာလာသည်နှင့် ဇီဝလက်နက်ပုံပြင်များ အသံတိုးသွားသည်။ 

  
သို့သော်လည်း လူသန်းပေါင်းများစွာကို ဖျားနာစေပြီး လူပေါင်း သိန်းချီအသက်ဆုံးရှုံနေဆဲဖြစ်သည့် ကိုရိုနာဗိုင်းရပ်စ်အသစ်သည် ဤကမ္ဘာမြေပြင်ပေါ်တွင် မည်သည့်နေရာ၌ မည်ကဲ့သို့စတင်ဖြစ်ပေါ်ခဲ့သည်ကို အသည်းအသန် ရှာဖွေနေကြပါသည်။ သို့မှသာ ကြောက်မက်ဖွယ် ကပ်ရောဂါအား ကျွန်တော်တို့သာမက နောင်သားစဉ် မြေးဆက်တို့၏ ပတ်ဝန်းကျင်မှ အပြီးတိုင် မောင်းထုတ်နိုင်မည်ဖြစ်သည်။ 

ဗိုင်းရပ်စ်ဘယ်နေရာက စတင်သည်ဟု အမှန်ကိုသာ သိလိုပြီး မည်သူပြောသည်ဆိုခြင်းကို ကျွန်တော်စိတ်မဝင်စားပါ။  အမှန်ပြော-မပြောမှာ ဂုဏ်သိက္ခာနှင့် ရင်းနှီးကြရပြီး ပညာရပ်လောကမှ လွင့်စင်သွားရမြဲကြောင့်ဖြစ်သည်။     ။ သတင်းဘာသာပြန်သူ )) 


#ကိုရိုနာဗိုင်းရပ်စ်မှာအိန္ဒိယနှင့်ဘင်္ဂလားဒေ့ရှ်မှစတင်ဟု#တရုတ်သိပ္ပံပညာရှင်များပြောဆို

  
((( Dhaka Tribune., November 28th, 2020,” Chinese scientists claim coronavirus originated in India, Bangladesh.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆို သည်။))) 


https://www.thesun.co.uk/news/13316951/chinese-scientists-claim-coronavirus-originated-india/ 
https://www.dailymail.co.uk/news/article-8993667/Now-Chinese-scientists-claim-coronavirus-originated-INDIA-summer-2019.html 
https://www.dnaindia.com/world/news-chinese-scientists-covid-19-origin-india-bangladesh-who-investigate-wuhan-virus-2859051 
https://zeenews.india.com/india/chinese-researchers-now-claim-covid-19-virus-originated-in-india-2327290.html 
https://www.dhakatribune.com/world/2020/11/28/chinese-scientists-claim-coronavirus-originated-in-india-bangladesh. 
https://www.firstpost.com/health/in-new-research-paper-chinese-scientists-now-claim-coronavirus-may-have-originated-in-india-or-bangladesh-9063581.html 

0

Leave a Reply

Your email address will not be published.