ကိုရိုနာဗိုင်းရပ်စ်ရောဂါ ချိန်ကိုက်ဗုံး ပေါက်ကွဲခြင်းအဖြစ် ကော့ခ်ဘဇား ဒုက္ခသည်စခန်းအား ရောဂါဖြစ်ပွားမှု အနီရောင်ဇုန် သတ်မှတ်

ဘင်္ဂလားဒက်ရှ်နိုင်ငံ ကော့ခ်ဘဇားခရိုင်တွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါဖြစ်ပွားမှု ၈၇၇-ခုကို မှတ်တမ်းတင်ထားပြီး ( ရခိုင်ပြည်နယ်၊ မောင်တောခရိုင်မြောက်ပိုင်းနှင့် ထိစပ်နေသော ) ဆက်ဒါမြို့နယ်မှာ အများဆုံးဖြစ်၍ ကူးစက်ခံ ရသူ ၃၆၄ – ဦး ရှိနေကြောင်း အိန္ဒိယအခြေစိုက် Time Now News က ယမန်နေ့ ဖော်ပြသည်။

ကိုရိုနာဗိုင်းရပ်စ်ရောဂါဖြစ်ပွားမှု အများဆုံးတွေ့ရှိရခြင်းကြောင့် ဘင်္ဂလားဒက်ရှ်အာဏာပိုင်များက ကော့ခ်ဘဇားခရိုင်အား “ ရောဂါဖြစ်ပွားမှု အနီရောင်ဇုန် “ အဖြစ်သတ်မှတ်ခဲ့သည်။ ကော့ခ်ဘဇားနယ်မြေအတွင်း ဒုက္ခသည်ဘင်္ဂါလီ( မူရင်း ရိုဟင်ဂျာဟုဖော်ပြ ) တို့၏ ကမ္ဘာ့အကြီးမားဆုံး ဒုက္ခသည်စခန်းသည် တည်ရှိနေသည်။

အဆိုပါ ကော့ခ်ဘဇားခရိုင်မှာ ဘင်္ဂလားဒက်ရှ်အစိုးရက တစ်နိုင်ငံလုံး Lock down တားဆီးပိတ်ဆို့ခြင်း ပယ်ဖျက်ခဲ့သည့် လွန်ခဲ့သောရက်သတ္တတစ်ပတ်အတွင်း ယခုကဲ့သို့ ဗိုင်းရပ်စ်ရောဂါကူးစက်မှု လျှင်မြန်စွာမြင့်တက်လာခြင်းဖြစ်ကြောင်း ဘင်္ဂလားဒက်ရှ်မီဒီယာ bdnews24 ကဖော်ပြသည်။

ကိုရိုနာဗိုင်းရပ်ရောဂါတားဆီးကာကွယ်ရေးအတွက် ခရိုင်အရေးပေါ်အစည်းအဝေးဆုံးဖြတ်ချက်အရ ကော့ခ်ဘဇားနယ်မြေတစ်ခုလုံးကို ဇွန်လ ၂၀ -ရက်နေ့အထိ တားဆီးပိတ်ဆို့ထားမည်ဖြစ်ကြောင်း သိရှိရသည်။


အထူးသဖြင့် ဒုက္ခသည်စခန်းများတွင် ဒုက္ခသည်ဘင်္ဂါလီ ၃၅-ဦး တို့၌ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်လျှက်ရှိကြောင်း စမ်းသပ်တွေ့ရှိခဲ့သည်။

တားဆီးပိတ်ဆို့မှုများ ပြဋ္ဌာန်းရာတွင် ဇုန်အတွင်း၌ ပုဂ္ဂလိက၊ မိသားစု၊ လူမှုအဖွဲ့အစည်းနှင့် နိုင်ငံရေးစုဝေးမှု အားလုံးကို အာဏာပိုင်များက တားမြစ်ထားသည်။ ထို့အပြင် လူတိုင်းသည် နေအိမ်တွင်း၌သာ နေထိုင်ကြရမည်ဖြစ်ပြီး သယ်ယူပို့ဆောင်ရေးတွင် နံနက် ၈-နာရီမှ ည ၈-နာရီအကြား မရှိ-မဖြစ် ကုန်ပစ္စည်းတင်ယာဉ်များမှအပ အများပိုင်နှင့် ပုဂ္ဂလိကပိုင် ယာဉ်အားလုံး ပြေးဆွဲခွင့် ရပ်ဆိုင်းထားသည်။

ကုန်စုံဆိုင်များနှင့် ဟင်းသီးဟင်းရွက်ဆိုင်များသည် တနင်္ဂနွေနှင့် ကြာသပတေးနေ့များတွင် ၈-နာရီကျ ဖွင့် လှစ်မည်ဖြစ်ပြီး စီးပွားရေးလုပ်ငန်းအားလုံးနှင့် အခြားဆိုင်များ ဆက်လက်ပိတ်ထားလိမ့်မည်။ အကူအညီပေးရေး ပစ္စည်းဖြန့်ဝေခြင်းသာမက မည်သူမဆို လူစုလူဝေးပြုလုပ်ခြင်းမှ ကြပ်တည်းစွာ တားမြစ်ထားသည်။


ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါဖြစ်ပွားမှုပေါင်း ၆၃,၀၀၀ ကျော်ရှိပြီးလူပေါင်း ၈၅၀ ခန့် သေဆုံးခဲ့ပြီးကြောင်း သတင်း၌ ဆက်လက်ဖော်ပြသည်။


((( Time Now News., Jun 06, 2020, “A ticking timebomb explodes as Bangladesh declares Rohingya refugee camps in Cox’s Bazar a ‘Covid-19 red zone’. By: Murukesh ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ် ဘာသာပြန်ဆိုသည်။ )))


#ကိုရိုနာဗိုင်းရပ်စ်ဒုက္ခသည်ဘင်္ဂါလီစခန်း

0

Leave a Reply

Your email address will not be published.