ကိုရိုနာဗိုင်းရပ်စ်ရောဂါကပ်အလွန်တွင် ကလေးသူငယ် ၁၀-သန်းခန့် စာသင်ကျောင်းသို့ ပြန်မရောက်နိုင်၊ ကမ္ဘာတစ်ဝှမ်းရှိ ကလေးသူငယ်မျိုးဆက်တစ်ခုလုံးအနေဖြင့် လူ့သမိုင်းတွင် ပထမဆုံးအကြိမ် ပညာရေး နှောက်ယှက်ဖျက်ဆီးခံရခြင်းဖြစ်။

ကိုရိုနာဗိုင်းရပ်စ်ရောဂါကူးစက်ပျံ့နှံ့မှုသည်“ မကြုံစဖူးပညာရေးအရေးပေါ်အခြေအနေ” ဖြစ်စေပြီး စာသင်ကျောင်းများ ပိတ်ထားရာမှ အတန်းပြန်မတက်နိုင်သည့် ကလေးငယ် ၉.၇ သန်းအထိရှိနိုင်ကြောင်း Save the Children က တနင်္လာနေ့တွင် သတိပေးလိုက်သည်ဟု AFP သတင်းကို Dhaka Tribune က ယနေ့ဖော်ပြသည်။

ကုလသမဂ္ဂ ယူနက်စကို၏အချက်အလက်များကို ကိုးကား၍ ဗြိတိသျှပရဟိတအဖွဲ့ကြီးက ဖော်ပြရာတွင် Covid-19 ရောဂါကူးစက်ခြင်းမှ ကာကွယ်တားဆီးရေး အစီအမံများကြောင့် ဧပြီလ၌ စာသင်ကျောင်းနှင့် တက္ကသိုလ်များသို့ မတက်ရောက်နိုင်သူ လူငယ် ၁.၆ ဘီလျှံရှိခဲ့သည်။ ၎င်းမှာ ကမ္ဘာ့စာသင်သားဦးရေ၏ ၉၀ ရာခိုင်နှုန်းရှိနေပြီး ကမ္ဘာတစ်ဝှမ်းရှိ ကလေးသူငယ်မျိုးဆက်တစ်ခုလုံးအနေဖြင့် လူ့သမိုင်းတွင် ပထမဆုံးအကြိမ် ပညာရေးနှောက်ယှက်ဖျက်ဆီးခံရခြင်းဖြစ်သည်ဆို၏။

Save Our Education အဖွဲ့ကြီး၏ အဆိုအရ ကူးစက်ရောဂါကာကွယ်ရေး တားဆီးပိတ်ဆို့ရခြင်းများကြောင့် ဖြစ်ပေါ်လာသော စီးပွားရေးအကြပ်အတည်းသည် အခြားသော ကလေးသူငယ် သန်း- ၉၀ မှ ၁၁၇-သန်း တို့ကိုလည်း ဆင်းရဲတွင်းသို့ သက်ဆင်းစေလိမ့်မည်ဖြစ်ပြီး ကျောင်းနေခွင့်ကို စိန်ခေါ်လျှက်ရှိကြောင်း၊

မိသားစုဝမ်းရေးအတွက် လူငယ်ယောက်ျားလေးများအနေဖြင့် အလုပ်လုပ်ရန်လိုအပ်ခြင်း၊ မိန်းကလေးများတွင်မူ အချိန်မတိုင်မီ စောစီးစွာအတင်းအကြပ်အိမ်ထောင်ပြုရခြင်းကို ကြုံတွေ့ရလျှက် ရာသက်ပန် ကျောင်းထွက်ကြရမည့် လူငယ်မောင်မယ် ၇ သန်းမှ ၉.၇-သန်းခန့်ရှိနေကြောင်း၊

အဆိုပါအကျပ်အတည်းသည် ဝင်ငွေနိမ့်နှင့် အလယ်အလတ် ဝင်ငွေရှိသူများအတွက် ၂၀၂၁ ခုနှစ်အကုန်၌ ပညာရေးဘတ်ဂျက် အမေရိကန် ဒေါ်လာ ၇၇ – ဘီလျှံနှင့် မလုံမလောက်ဖြစ်လာနိုင်ကြောင်း။ ကလေး ၁၀ သန်းခန့်မှာ မည်သည့်နည်းနှင့်မျှ စာသင်ကျောင်းသို့ ပြန်လာနိုင်တော့ပဲ မကြုံစဖူး ပညာရေး အရေးပေါ်အခြေအနေ ပေါ်ပေါက်လာနိုင်ကြောင်း၊

ပညာရေးဘတ်ဂျက်ဖြတ်တောက်ခြင်းသည် ဆင်းရဲ-ချမ်းသာ ကွာဟမှု၊ ယောက်ျားလေးနှင့်မိန်းကလေးခြားနားမှုများအကြား အခွင့်အရေး မညီမျှမှုများဖြစ်ပေါ်စေနိုင်ကြောင်း၊ အဆင်းရဲဆုံးနှင့် အပယ်ခံဖြစ်လျှက် ရှိနှင့်ပြီးသူ ကလေးသူငယ်များသည် ပထမ စာသင်နှစ် ၆-လအတွင်းမှာပင် အထိနာဆုံး ခံစားကြရကာ အဝေးသင်ပညာရေး သို့မဟုတ် မည်သည့် ပညာသင်ယူမှု မျိုးကိုမျှ လက်လှမ်းမမီဖြစ်ကြရနိုင်ကြောင်း။

ထို့ကြောင့် သက်ဆိုင်ရာ အစိုးရများ၊ အလှူရှင်များအနေဖြင့် ပညာသင်ယူမှုတွင် အမြန်ဆုံး ထပ်မံရင်းနှီးမြှုပ်နှံရန် လိုအပ်ကြောင်း။ ချမ်းသာသော မြီရှင်နိုင်ငံတို့သည် ဝင်ငွေနည်းပါးသောနိုင်ငံများအတွက် ကြွေးမြီပြန်ဆပ်မှုကို ဆိုင်းငံ့ထားပေးခြင်းဖြင့် ပညာရေးအစီအစဉ်များတွင် ဒေါ်လာ ၁၄ ဘီလျှံကို သက်သာစေနိုင်ကြောင်း၊ ထိုသို့မဟုတ်လျှင် ကလေးသူငယ်များအပေါ် ဖိစီးမှု တာရှည်လိမ့်မည်ဖြစ်ကြောင်း၊ ကမ္ဘာ့သူငယ်အားလုံးတို့အတွက် ကမ္ဘာ့ကုလသမဂ္ဂမျှော်မှန်းထားသည့် ၂၀၃၀-ခုနှစ် စံမီပညာရေးစံနစ်မှာ နှစ်ချီနောက်ကျဖွယ် ရှိကြောင်း၊

နိုင်ဂျာ၊ မာလီ၊ ချတ်ဒ်၊ လိုင်ဘေးရီးယား၊ အာဖဂန်နစ္စတန်၊ ဂီယာနာ၊ မော်ရီတန်းနီးယား၊ ယီမင်၊ နိုင်ဂျီးရီးယား၊ ပါကစ္စတန်၊ ဆီနီဂေါနှင့် အိုင်ဗရီကို့စ် စသည့် နိုင်ငံ ၁၂-နိုင်ငံတို့တွင် ထိုသို့ရင်ဆိုင်ရမည့် အန္တရာယ်အများဆုံး ဖြစ်ကြောင်း၊ အဆိုပါနိုင်ငံများ၌ ကိုရိုနာဗိုင်းရပ်စ်အကျပ်အတည်းမတိုင်မီကပင် ခန့်မှန်းခြေအားဖြင့် ကလေးသူငယ်နှင့် ဆယ်ကျော်သက် ၂၅၈-သန်းခန့်တို့မှာ ပညာသင်ယူခွင့် ပျောက်ဆုံးနေပြီးဖြစ်ကြောင်း Save the Children က ဆက်လက်ပြောဆိုသည်။

(( ပညာသင်ယူခွင့်နှင့် ရာဇဝတ်မှု ထူပြောခြင်းသည် ပြောင်းပြန်အချိုးကျသည်ဟု ဆိုကြပါသည်။ စာသင်ယူသူများလေ ရာဇဝတ်မှုခင်းနည်းပါးလေဖြစ်ခြင်းကြောင့် “ စာသင်ကျောင်း တစ်ကျောင်းဖွင့်လှစ်တိုင်း အကျဉ်းထောင် တစ်ထောင်ပိတ်သည် “ ဟုပင် ဆိုကြပါသည်။

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါသည် ကျွန်တော်တို့ကမ္ဘာကြီးအား ရာဇဝတ်မှု့ထူပြောရာရွာကြီးအဖြစ်သို့ ထိုးချလိုက်သလိုရှိနေပါပြီ။

ထိုအတွက် သက်ဆိုင်ရာတစ်နိုင်ငံတည်းနှင့် ရုန်းကန်၍ မရနိုင်ပဲ ချမ်းသာသောနိုင်ငံကြီးများနှင့် ပြည်တွင်း/ပြည်ပဘီလျှံနာသူဋ္ဌေးကြီးတို့၏ လူသားချင်းစာနာမှုအကူအညီများကိုသာ မျှော်လင့်ရဖွယ်ရှိသည်။ ။ သတင်းဘာသာပြန်သူ ))

#ကိုရိုနာဗိုင်းရပ်စ်ရောဂါကပ်အလွန်တွင်_ကလေးသူငယ်၁၀-သန်းခန့်_စာသင်ကျောင်းသို့ ပြန်မရောက်နိုင်၊ #ကမ္ဘာ့ကလေးသူငယ်မျိုးဆက်တစ်ခုလုံး_လူ့သမိုင်းတွင်_ပညာရေးနှောက်ယှက်ဖျက်ဆီးခံရခြင်း #ပထမဆုံးအကြိမ်ဖြစ်။

((( Dhaka Tribune., July 13, 2020,” ’10m kids may never return to school after coronavirus’ :AFP ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ )))

https://www.dhakatribune.com/world/2020/07/13/10m-kids-may-never-return-to-school-after-coronavirus

0

Leave a Reply

Your email address will not be published.