ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကျရောက်လျှက်ရှိသော အိန္ဒိယနိုင်ငံသည် ဘင်္ဂလားပင်လယ်အော်အတွင်းရှိ ( မြန်မာနိုင်ငံ ကိုကိုးကျွန်းတောင်ဘက် ) အက်ဒမန်နှင့် နီကိုဗာကျွန်းတို့၌ပါ ကူးစက်သေဆုံးမှု ဖြစ်ပွားလျှက်ရှိရာ တနင်္လာနေ့တွင် ကူးစက်ခံရသူ ၉၃-ဦး ထပ်မံတွေ့ရှိရကြောင်း ပို့စ်ဘလဲယားအာဏာပိုင်များက ပြောဆိုသည် ဟု Hindustan Times က ယနေ့ရေးသားသည်။
အိန္ဒိယ လေတပ်နှင့် ရေတပ်အခြေစိုက်စခန်းတည်ရှိရာ လူဦးရေ ၁-သိန်းကျော်နေထိုင်သည့် တောင်နီကိုဗာခရိုင်တွင် ကပ်ရောဂါကျရောက်ချိန်မှ ယခုအထိ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၂,၃၉၉-ဦး၊ သေဆုံးသူ ၂၈-ဦး ရှိခဲ့ကြောင်း ၎င်းတို့အနက် ကုသမှုခံယူပြီး ရောဂါပိုးကင်းစင်လာသူ ၁,၂၂၆-ဦး ရှိကြောင်း သိရှိရသည်။
ထိုစဉ်အတောအတွင်း အိန္ဒိယပြည်တွင်း၌ ၂၄-နာရီအတွင်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ အရေအတွက် စုစုပေါင်းမှာ ၅၀,၉၂၁-ဦး ရှိလာပြီး နိုင်ငံတကာတွင် အမေရိကန်၊ ဘရာဇီးနှင့် မက္ကဆီကိုတို့ပြီးလျှင် စတုတ္ထမြောက် ဖြစ်ပွားမှု အပြင်းထန်ဆုံး နိုင်ငံဖြစ်လာသည်ဟု Al Jazeera က ယနေ့ရေးသားသည်။
အိန္ဒိယတွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါကြောင့် သေဆုံးသူ စုစုပေါင်း၏ ၄ ပုံ ၁ ပုံသည် လွန်ခဲ့သည့် ၁၇-ရက် အတွင်း၌ အသက်ဆုံးရှုံးကြရခြင်းဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဋ္ဌာနက တနင်္လာနေ့တွင် သတင်းထုတ်ပြန်သည်။
ကမ္ဘာ့ ဒုတိယမြောက် လူဦးရေအများဆုံးနိုင်ငံ အိန္ဒိယသည် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၄၁,၃၃၆-ဦး ရှိနေသော ဗြိတိန်နိုင်ငံအား ကျော်ဖြတ်သွားခြင်းဖြစ်သည်။ သို့သော် အိန္ဒိယနိုင်ငံ၏ ကျန်းမာရေးဘတ်ဂျက် ငွေနည်းပါးခြင်းကြောင့် ဗိုင်းရပ်စ်ပိုး ရှိ-မရှိ အမှန်တကယ် စစ်ဆေးခံရသူ အရေအတွက် နည်းပါးပြီး သေဆုံးသူများမှာလည်း ယခုထက်ပိုမိုနိုင်ကြောင်း ကျွမ်းကျင်သူများက ခန့်မှန်းထားသည်။
အိန္ဒိယ တစ်နိုင်ငံလုံးတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၂.၆ သန်းကျော် ရှိနေခဲ့ရာ ၎င်းတို့၏ ထက်ဝက်နီးပါးမှာ တစ်လတည်း၌ ကောက်ယူရရှိသော အရေအတွက်ဖြစ်သည်ဆို၏။
သို့သော်လည်း အိန္ဒိယနိုင်ငံ၏ ကိုရိုနာဗိုင်းရပ်စ်ရောဂါဖြစ်ပွားမှုတွင် စမ်းသပ်မှုများကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ခြင်း၊ ပြည့်စုံစွာ ခြေရာခံလိုက်နိုင်ခြင်းနှင့် ကုသမှု ထိရောက်စွာ ပေးအပ်နိုင်ခဲ့ကြောင်း သေဆုံးသူဦးရေမှာ နိုင်ငံတကာအဆင့်တွင် ၂ ရာခိုင်နှုန်းအောက်သို့ ကျဆင်းသွားခဲ့ကြောင်း အိန္ဒိယ ကျန်းမာရေးဝန်ကြီးဋ္ဌာနက တနင်္ဂနွေနေ့ Twitter စာမျက်နှာ၌ ရေးသားသည်ကို တွေ့ရှိရသည်။
အိန္ဒိယတွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါကို ထိန်းချုပ်ရန်အတွက် ကျန်းမာရေးစောင့်ရှောက်မှုနည်းပါးသော ကျေးလက်ပိုင်း-ဝေးလံခေါင်ဖျားဒေသများနှင့် ကူးစက်ရောဂါကျရောက်လွယ်သော ဒေသများတွင် စမ်းသပ်မှု အရေအတွက် တိုးမြှင့်သင့်ကြောင်း ကျွမ်းကျင်သူများက ယူဆသည်။
စနေနေ့၌ ဝန်ကြီးချုပ် နာရင်ဒြာမိုဒီက ပြောကြားရာတွင်မူ အိန္ဒိယသိပ္ပံပညာရှင်များအနေဖြင့် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးသုံးမျိုးကို ဆန္ဒအလျှောက် ထိုးနှံခံသူများနှင့် စမ်းသပ်ခဲ့ကြောင်း၊ အောင်မြင်မှုရရှိခဲ့လျှင် အရေအတွက် အမြောက်အများကို ချက်ခြင်း ထုတ်လုပ်ရန် စီစဉ်လျှက်ရှိပြီး အချိန်တိုအတွင်း နိုင်ငံသားအားလုံး ကာကွယ်ဆေး ရရှိတော့မည်ဖြစ်ကြောင်း အားပေးစကား ပြောကြားခဲ့သည်။
((( Hindustan Times., 17 August 2020, “Andaman & Nicobar Islands Covid-19 tally rises to 2,399 Of the total 2,399 Covid-19 cases, active are 1,145 as 1,226 people have recovered from the disease and 28 have died, the official said.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။))
#အိန္ဒိယကိုရိုနာဗိုင်းရပ်စ် #ကိုကိုးကျွန်း #အင်ဒမန်နှင့်နီကိုဗာကျွန်း
https://www.aljazeera.com/news/2020/08/india-coronavirus-death-toll-hits-50000-200817045117342.html
https://www.voanews.com/covid-19-pandemic/india-surpasses-50000-coronavirus-deaths