ကိုရိုနာဗိုင်းရပ်စ်ရောဂါကြောင့် ဘင်္ဂလားဒေ့ရှ်တွင် ၂၄-နာရီအတွင်း ၃၁-ဦး သေဆုံး၍ ကူးစက်ခံရသူ ၁,၄၇၂-ဦး ရှိ၊ အနောက်ဘက် အိမ်နီးချင်းနိုင်ငံများတွင် ကူးစက်သေဆုံးမှု ဆက်လက်မြင့်မားနေဆဲဖြစ်။ ဘင်္ဂလားဒေ့ရှ်၏ ကိုရိုနာဗိုင်းရပ်စ်၏ မျိုးဗီဇပြောင်းလဲမှုမှာ အခြားနိုင်ငံအားလုံးထက် လျှင်မြန်နေ


 
ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကျရောက်လျှက်ရှိသော ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ပြီးခဲ့သည့် ၂၄-နာရီအတွင်း လူ ၃၁-ဦး ထပ်မံသေဆုံးခြင်းဖြင့် စုစုပေါင်းသေဆုံးသူ ၅,၅၅၅-ဦးဖြစ်လာကြောင်း၊ ရောဂါပိုးကူးစက်ခံရသူ အရေအတွက်၌မူ ၁,၄၇၂-ဦး တိုးလာသဖြင့် စုစုပေါင်း ရောဂါဖြစ်ပွားမှု ၃၇၉,၀၀၀ ကျော် ဖြစ်လာသည်ဟု  Dhaka Tribune က ယနေ့ရေးသားသည်။  
SARS-CoV-2 ခေါ် ပြင်းထန်အသက်ရှုလမ်းကြောင်း ရောင်ရမ်းရောဂါစုကိုဖြစ်ပွားစေသည့် အမှတ်-၂ ကိုရိုနာဗိုင်းရပ်စ်စွဲကပ်ခြင်းကြောင့် Covid-19 ၂၀၁၉-ခုနှစ်ကိုရိုနာဗိုင်းရပ်စ်ရောဂါဖြစ်ပွားခြင်းကို မြန်မာနိုင်ငံတွင် ယခုနှစ် မတ်လ ၃၁-ရက်နေ့၌ ပထမဆုံး စတင်တွေ့ရှိခဲ့သည်။ ထို့ကြောင့် အနောက်ဖက်အိမ်နီးချင်း အိန္ဒိယ ( ဇန်န ဝါရီ ၃၀ ) ထက် ၂-လခန့်နောက်ကျပြီး ဘင်္ဂလားဒေ့ရှ်ထက် ၂၃ ရက် နောက်ကျသည်ဟု ဆိုနိုင်သည်။ 
မြန်မာနိုင်ငံတွင် ကူးစက်မှု စတင်စဉ် ကိုရိုနာဗိုင်းရပ်စ်မှာ မည်သည့်အုပ်စုမှဖြစ်သည်ကို မသိရသော်လည်း ယခုနောက်ပိုင်း ဒုတိယလှိုင်းအဖြစ်ရည်ညွှန်းပြောဆိုကြသည့် SARS-CoV-2 မှာ D614G အုပ်စုဖြစ်သည်ဟု ဆိုကြပါသည်။ ၎င်းကို လွန်ခဲ့သည့် သြဂုတ်လ ၁၇ ရက် တနင်္လာနေ့တွင် မလေးရှားနိုင်ငံ၌ စတင်တွေ့ရှိပြီး လက်ရှိကိုရိုနာဗိုင်းရပ်စ်ထက် ကူးစက်မှု ၁၀-ဆ ပိုမိုလျှင်မြန်သော mutated strain “ သန္ဓေထွန်း မျိုးကွဲ” ဗားရှင်းပြောင်း ဗိုင်းရပ်စ်ဖြစ်သည်ဟု ပြောဆိုကြသည်။   
ဤတွင် အိန္ဒိယပညာရှင်များက D614G အဖြစ်သို့ ပြောင်းလဲကြောင်း ယခုတွေ့ရှိသည်ဆိုခြင်းမှာ မမှန်၊ အိန္ဒိယတွင် လွန်ခဲ့သည့် ဧပြီလကတည်းက တွေ့ရှိခဲ့ပြီးဖြစ်ကြောင်း၊ နိုင်ငံအတော်များများသို့လည်း ဗားရှင်းပြောင်း ကိုရိုနာဗိုင်းရပ်စ်ပိုး ရောက်ပြီးနေနှင့်ပြီးဖြစ်သည်ဟု ငြင်းဆိုသည်။ မူလ ဝူဟန်ဗိုင်းရပ်စ်မှာ D အုပ်စုဖြစ်သော်လည်း ဇန်နဝါရီလ၌ ဂျာမနီသို့ ပျံ့နှံ့လာစဉ် G အုပ်စုဖြစ်နေခဲ့ကြောင်း၊ ထိုစဉ်က အိန္ဒိယ၌ ပိုးတွေ့လူနာ ၁၀၀ လျှင် ၄-၅ ဦးမှာ G အုပ်စုအဖြစ် စတင်တွေ့ရှိခဲ့ရကြောင်း၊ ဇွန်လ ရောက်သည့်အခါ ၉၀ရာနှုန်းအထိ ဖြစ်လာခဲ့ကြောင်း၊ ဖေဖော်ဝါရီ- မတ်လတို့၌ အိန္ဒိယတွင် ကိုရိုနာဗိုင်းရပ်စ်စွဲကပ်ကြောင်း အတည်ပြုခံရသူများမှာ ဥရောပမှ ပြန်ရောက်လာသူ G အုပ်စုဖြစ်သည်ဟု ဆိုပါသည်။ 

မလေးရှားတွင် စတင်တွေ့ရှိရသည်ဆိုသော Bloomberg ရေးသားချက်အရဆိုလျှင်လည်း D614G မှာ မလေးရှားနေ စားသောက်ဆိုင်ပိုင်ရှင်တစ်ဦးမှ အစပြုပြု၍ နောက်ဆက်တွဲ ကူးစက်မှု ၄၅ ခုတွင် တွေ့ရှိရခြင်းဖြစ်ကြောင်း၊ အိန္ဒိယမှ ပြန်လည်ဝင်ရောက်လာသူ ၁-ဦးနှင့် အခြား ၃-ဦးတွင် တွေ့ရှိရခြင်းဖြစ်သည်ဟု ဖော်ပြ ထားပါသည်။  
ယနေ့တွင် အိန္ဒိယနိုင်ငံသည် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုပေါင်း ၇-သန်း ၁-သိန်းကျော်ဖြင့် ကမ္ဘာပေါ်၌ အမေရိကန်ပြီးလျှင် နံပါတ် ၂ နေရာ၌ ရပ်တည်နေသည်။ Covid-19 ရောဂါဖြစ်ပွားမှု ပမာဏကို တိုင်းတာရာတွင် များ များစစ်လေ များများတွေ့လေဟု ဆိုရပါမည်။ ထို့ကြောင့် လူသေဆုံးမှုကို ရောဂါပိုးရှိမရှိ စစ်ဆေးနိုင်သည့် အရေအတွက်အပေါ် အခြေမခံပဲ နိုင်ငံလူဦးရေစုစုပေါင်းနှင့် ဖော်ပြရလျှင် အိန္ဒိယ၌ ကိုရိုနာဗိုင်းရပ်စ်ရောဂါမှာ လူ ၁-သန်းလျှင် ၅,၁၄၆-ဦး ကူးစက်၍ ၇၉-ဦးသေဆုံးသည်။ 
ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် နိုင်ငံတကာတွင် အမှတ်စဉ် ၁၆ ၌ ရှိနေသည်။ လူ ၁-သန်းလျှင် ၂,၂၉၉- ဦး ကူးစက်၍ ၃၄-ဦးသေဆုံးသည်။ သို့သော် ကိုရိုနာဗိုင်းရပ်စ်သစ်၏ ဗီဇပြောင်းလဲခြင်း ဂျီနုမ်းအစီအစဉ်နှုန်းမှာ အခြားနိုင်ငံများနှင့် နှိုင်းယှဉ်လျှင် အလွန်လျှင်မြန်လျှက်ရှိကြောင်း၊ နိုင်ငံတကာတွင် ၇.၂၃ နှုန်းသာရှိ၍ ဘင်္ဂလားဒက်ရှ်တွင် ၁၂.၆ နှုန်းဖြင့် ဗီဇပြောင်းလဲလျှက်ရှိကြောင်း  Dhaka Tribune September 6th, 2020 က ရေးသားသည်။
မြန်မာသည် နိုင်ငံတကာတွင် အမှတ်စဉ် ၇၉ ၌ ရပ်တည်နေပြီး လွန်ခဲ့သည့် အောက်တိုဘာ ၅-ရက်နေ့ အမှတ်စဉ် ၈၆ မှ ရက်သတ္တ ၁-ပတ်အတွင်း ၇ ဆင့် မြင့်တက်လာခြင်းဖြစ်သည်။ နိုင်ငံလူဦးရေစုစုပေါင်းနှင့် ဖော်ပြရလျှင် လူ ၁-သန်းလျှင် ၅၁၃-ဦး ကူးစက်၍ ၂၃-ဦးသေဆုံးသည်။ 
သို့သော် အိန္ဒိယသည် လူ ၁-သန်းလျှင် ၆၃,၅၀၁ စစ်ဆေးပေးနိုင်ပြီး ဘင်္ဂလားဒေ့ရှ်က ၁၂,၆၂၀-ဦး၊ မြန်မာက ၇,၅၉၄-ဦး ကိုသာလျှင် စစ်ဆေးပေးနိုင်ကြောင်း ယနေ့ worldometer အရ သိရှိရသည်။ 
မြန်မာ၏ ရောဂါပိုး စွဲကပ်ကြောင်း တွေ့ရှိသူဦးရေမှာ အာဆီယံနိုင်ငံများတွင် စတုတ္ထဖြစ်သော်လည်း လူသေဆုံးနှုန်းမှာမူ တတိယအမှတ်စဉ်၌ ရောက်ရှိနေသည်။   
ထို့ပြင် မြန်မာနိုင်ငံ၏ လက်ရှိ ပိုးတွေ့ သေဆုံးသူ အရေအတွက်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ လွန်ခဲ့သည့် လမှ စတင်၍ ယခုထိအခြေအနေနှင့် အလွန်တူသည်။ 

#ကိုရိုနာဗိုင်းရပ်စ်ရောဂါ_မြန်မာ_ဘင်္ဂလားဒေ့ရှ်_အိန္ဒိယ 

((( Dhaka Tribune., October 12th, 2020,” Covid-19: 31 die, 1,472 new cases in 24hrs.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ ဖြည့်စွက်ရေးသား ချက်များ မှာ ကိုးကားပါအတိုင်းဖြစ်သည်။))) 

https://www.dhakatribune.com/bangladesh/2020/10/12/covid-19-31-die-1-472-new-cases-in-24hrs 
https://bdnews24.com/bangladesh/2020/10/04/bangladesh-counts-1125-virus-cases-23-deaths-in-a-day?fbclid=IwAR3i4XnOIlkEO747StFT1CVodJQouq3jHWhJPFgVxTqUe–6LnNMAzBrgEU 
https://www.medicinenet.com/script/main/art.asp?articlekey=26442 
https://www.medicinenet.com/viral_infections_pictures_slideshow/article.htm 
https://www.bbc.com/news/health-53113785 
https://bdnews24.com/coronavirus-pandemic/2020/09/06/india-reports-more-than-90000-coronavirus-cases-in-another-daily-record 
https://gisanddata.maps.arcgis.com/apps/opsdashboard/index.html?fbclid=IwAR0tOhUl59T4ql89uyu8fgwqjI3F4AOGGL5U8M_s5RQurA0mqtzgoGJlcVE#/bda7594740fd40299423467b48e9ecf6 
https://www.worldometers.info/coronavirus/ ydkrdk

0

Leave a Reply

Your email address will not be published.