အမေရိကန်နိုင်ငံ ဝစ်ကွန်ဆန်ပြည်နယ်ရှိ မွေးမြူရေးစခန်းတစ်ခုတွင် Covid-19 ရောဂါဖြင့် Mink ခေါ် မွေးရှည်မြွေပါ ၃,၄၀၀ နီးပါးသေဆုံးသွားပြီး အခြားသော ပြည်နယ်များတွင်လည်း ကူးစက်မှုဖြစ်ပွားကြောင်း၊ အမေရိကန်၌မူ ရောဂါဖြစ်ပွားလျှက်ရှိသော မြွေပါများအား အုပ်စုလိုက်သုတ်သင်ဖျက်ဆီးပစ်လိမ့်မည်ဖြစ်ကြောင်း သတင်းရ ရှိသည်ဟု Russia Today က ယမန်နေ့ ရေးသားသည်။
လွန်ခဲ့သည့်လ၌ ဝစ်ကွန်ဆန်ပြည်နယ် တေလာကောင်တီရှိ မွေးမြူရေးစခန်းတွင် ကူးစက်ရောဂါကျရောက်ပြီးနောက် ယခုကဲ့သို့ မွေးရှည်မြွေပါများ သေဆုံးခြင်းဖြစ်ကြောင်း အမေရိကန်စိုက်ပျိုးရေး၊ ကုန်သွယ်ရေးနှင့် စားသုံးသူကာကွယ်ရေးဌာန (DATCP) ၏ အချက်အလက်များအရ သိရှိရသည်။
ရောဂါဖြစ်ပွားမှုမှာ အခြားမွေးရှည်မြွေပါမွေးမြူရေးစခန်းများသို့ ပျံ့နှံခြင်းမရှိသေးကြောင်း DATCP က ပြောဆိုသည်။ သို့သော် အခြားမွေးမြူရေးစခန်းများတွင်လည်း ကူးစက်မှုအား ပီပြင်စွာထိန်းချုပ်နိုင်ကြောင်း စစ်ဆေးချိန်အထိ သတင်းထိန်ချန်ထားခြင်းများလည်း ရှိနိုင်ကြောင်း၊ မွေးမြူရေးစခန်းများတွင် နမိုးနီးယား အဆုတ်ရောင်ရောဂါကဲ့သို့ ဖျားနာမှုများကြောင့် တိရစ္ဆာန်များ သေဆုံးလေ့ရှိရာ ယခုဖြစ်ပွားမှုမှာ ပုံမှန် ဖြစ်ကြောင်း၊ လောလောဆယ်တွင် မွေးရှည်မြွေပါ သေဆုံးမှုအရေအတွက် ကျဆင်းလာပြီဖြစ်ကြောင်း DATCP က ပြောဆိုသည်။
ရောဂါကူးစက်မှုကို အောက်တိုဘာလ စောစောပိုင်းတွင် စတင်တွေ့ရှိခဲ့ပြီး မွေးရှည်မြွေပါများတွင်သာ ဖြစ်ပွားခဲ့ကြောင်း တိရစ္ဆာန်မှ လူသို့ ကူးစက်သည်ကို မတွေ့ရကြောင်း၊ လွန်ခဲ့သည့် ရက်သတ္တပတ်များတွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါကျရောက်ခြင်းကြောင့် အူတားနှင့် မီချီဂန်ပြည်နယ်များရှိ သားမွေးထုတ်လုပ်ရေးလုပ်ငန်းများတွင် မွေးရှည်မြွေပါ ကောင်ရေ ၁၀,၀၀၀ ကျော် သေဆုံးခဲ့ရသည်ဆို၏။
မကြာသေးမီက ဒိန်းမတ်နိုင်ငံ၏ အဖြစ်အပျက်များအရ အမေရိကန်သားမွေးလုပ်ငန်းသာမက လူသားများအတွက် ကြိုတင်ခန့်မှန်းမရနိုင်သော အကျိုးဆက်များကို တွေ့မြင်လာရသည်။
ကမ္ဘာ့အကြီးဆုံး မွေးရှည်မြွေပါ သားမွေးထုတ်လုပ်သည့်နိုင်ငံများ၌ လူ ၁၂-ဦးခန့်တွင် တိရစ္ဆာန်များမှ ရောဂါကူးစက်ခံရပြီးနောက်တွင် ကိုရိုနာဗိုင်းရပ်စ်အန္တရာယ်လျှော့ချရန်အတွက် တိရစ္ဆာန်ကောင်ရေ ၁၅ သန်းကျော်ကို သုတ်သင်ပစ်ရန် စီစဉ်ထားကြောင်း ဗုဒ္ဓဟူးနေ့က ကြေညာသည်။
ရောဂါကူးစက်မှုကြောင့် ဒိန်းမတ်နိုင်ငံတွင် Mink ခေါ် မွေးရှည်မြွေပါများ အစုအပုံလိုက် သုတ်သင်မည်ဖြစ်ကြောင်း သတင်းထွက်ပေါ်လာပြီးနောက် ကိုရိုနာဗိုင်းရပ်စ်ရောဂါသည် မွေးရှည်မြွေပါများတွင် Mutation “ မျိုးဗီဇပြောင်းလဲ” ပုံကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က စစ်ဆေးမည်ဟု Russia Today ၏ ယနေ့ ဖော်ပြသော သတင်းတစ်ပုဒ်တွင် တွေ့ရှိရသည်။
မွေးရှည်မြွေပါများမှတစ်ဆင့် ဒိန်းမတ်နိုင်ငံသား ၁၂-ဦးထံသို့ ကိုရိုနာဗိုင်းရပ်စ်ကူးစက်သည်ဟု သတင်းများ တွေ့ရှိရကြောင်း၊ မွေးရှည်မြွေပါများတွင် Covid-19 ဗိုင်းရပ်စ်၏ မျိုးဗီဇပြောင်းလဲပုံကို စစ်ဆေးနိုင်ရန်အတွက် ဒိန်းမတ်အာဏာပိုင်များနှင့် ဆက်သွယ်လျှက်ရှိကြောင်း၊ WHO က ကြာသပတေးနေ့ ၎င်း၏ Twitter စာမျက်နှာတွင် ရေးသားသည်။
((( Russia Today., 5 Nov, 2020,” Over 3,000 mink dead from coronavirus at animal farm in Wisconsin.” နှင့် “WHO probing Covid-19 MUTATION in minks after massive Denmark outbreak & decision to cull 15 million animals“ ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ် ဘာသာပြန်ဆိုသည်။ )))
https://www.rt.com/usa/505752-mink-coronavirus-outbreak-wisconsin/
https://www.rt.com/news/505736-denmark-minks-who-covid/