ကိုရိုနာဗိုင်းရပ်စ်ရောဂါ ဒုတိယလှိုင်းမှာ ၁-လမျှ ကာလတွင်း ပြင်းထန်မှု အမြင့်ဆုံး ဖြစ်လာနိုင်ကြောင်း ဘင်္ဂလားဒေ့ရှ် ခန့်မှန်း။ နေ့စဉ် ဗိုင်းရပ်စ်ပိုးတွေ့ရှိရသူ ၁၄,၀၀၀ နှင့် ဆေးရုံတင်ရန်လိုအပ်သူ နေ့စဉ် ၈,၀၀၀ ခန့် ဖြစ်လာနိုင်ဟု ဆို၊ လာမည့်နှစ်လယ်တွင် နိုင်ငံလူဦးရေ ထက်ဝက်ခန့်မှာ ရောဂါကူးစက်ခံရဖွယ်ရှိ

..  
လက်ရှိကူးစက်ပျံ့ပွားလျှက်ရှိသော ကိုရိုနာဗိုင်းရပ်စ်ရောဂါ၏ ဒုတိယလှိုင်းသည် လာမည့်နှစ် ဇန်နဝါရီနှောင်းပိုင်းမှ ဖေဖော်ဝါရီလစောစောပိုင်းတွင် ပြင်းထန်မှု အမြင့်ဆုံးဖြစ်လာမည်ဟု ခန့်မှန်းရကြောင်း ပရော့ဂျက်သစ်တစ်ခုအရ တွေ့ရှိ ရသည်ဟု ဒါကာအခြေစိုက် Dhaka Tribune က ယမန်နေ့ ရေးသားသည်။ 

..

..
ရောဂါဖြစ်ပွားမှု အပြင်းထန်ဆုံးကာလအတွင်း ဗိုင်းရပ်စ်ပိုးကူးစက်ခံရကြောင်း တွေ့ရှိသူအရေအတွက်သည် နေ့စဉ် ၁၄,၀၀၀-ဦး အထိ ရှိနိုင်ပြီး ၎င်းတို့အနက် ဆေးရုံတင်ကုသရန် လိုအပ်သူ နေ့စဉ် လူနာ ၈,၀၀၀ ဝန်းကျင်အထိ မြင့်တက်နိုင်သည်ဟု ခန့်မှန်းထားကြောင်း သိရှိရသည်။ 

..

..
၂၀၂၁ ခုနှစ် ဇွန်လကုန်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ လူဦးရေ၏ ၅၀.၈% ခန့်သည် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရနိုင်ပြီး ရောဂါဖြစ်ပွားသူများအနက် သေဆုံးမှုမှာလည်း ၂၄,၀၀၀ အထိရှိနိုင်သည်ဟု “ ဘင်္ဂလားဒေ့ရှ် Covid-19 ရောဂါ၊ ကြားဖြတ်ဆောင်ရွက်ရန်အလားအလာများနှင့် အကျိုးသက်ရောက်မှု “ အမည်ရှိ ခန့်မှန်းချက်စာတမ်း၌ ဖော်ပြထားသည်ဆို၏။

..

..  
ဒါကာတက္ကသိုလ်မှ ကျန်းမာရေးဆိုင်ရာ စီးပွားရေးပညာပါမောက္ခ ဒေါက်တာ ရှဖီးရှီမူးနှင့် သုတေသနအဖွဲ့မှ အဖွဲ့ဝင်တစ်ဦးက ပြောကြားရာတွင် အကယ်၍ Mask မျက်နှာဖုံးများကို မဖြစ်မနေဝတ်ဆင်ခြင်း၊ လူစုလူဝေး ပြုလုပ်ခြင်းမှ ရှောင်ရှားခြင်းတို့ကဲ့သို့ လိုအပ်သည့် ကြားဖြတ်ဆောင်ရွက်မှုများကို မပြုလုပ်ခဲ့လျှင် လာမည့် ၁-လကျော်ခန့်အတွင်း ပိုးကူးစက်ခံရသူ အရေအတွက်သာမက သေဆုံးမှုလည်း တိုးမြင့်လာနိုင်ကြောင်း ရှင်းပြသည်။

..

..   
အဆိုပါခန့်မှန်းချက်ပြုစုရာတွင် ဒေါက်တာရှဖီးနှင့်အတူ ဒါကာတက္ကသိုလ်၊ တိုရွန်တိုတက္ကသိုလ်၊ အောက်စ်ဖို့တက္ကသိုလ်တို့မှ ကျန်းမာရေးဆိုင်ရာ စီးပွားရေးပညာ ပါမောက္ခများနှင့် ကျန်းမာရေးဝန်ကြီးဌာန ညွှန်ကြားမှု ဦးစီးဌာနမှ ပြည်သူ့ကျန်းမာရေးဆိုင်ရာ အကြံပေးကော်မတီဝင် ဒေါက်တာ အဗ္ဗဒူဂျမဲလ်ဖိုင်ဆဲလ်တို့လည်း ပါဝင်ကြောင်း၊ Covid-19 Modeling (CoMo) Consortium ပူးပေါင်းအဖွဲ့က ရရှိသော အခြားတိုင်းပြည်များ၏ ခိုင်မာသော အချက်အလက်များနှင့် သက်သေအထောက်အထားများအား အသုံးပြု၍  ခွဲခြမ်းစိတ်ဖြာ လေ့လာခဲ့ကြောင်း၊

..

.. 

ရောဂါကူးစက်မှုနှုန်း၊ ရောဂါပိုးတွေ့ရှိသည်ဟု အတည်ပြုခံရသူနှင့် ထိတွေ့ခဲ့သူ ပမာဏ၊ ကူးစက်ခံရပြီးနောက် သေဆုံးမှုအချက်အလက်၊ ဆေးရုံတင်ကုသပေးနိုင်သော လူနာအရေအတွက်၊ လူနာများ၏ အသက်အရွယ် စသည့် ရရှိနိုင်သော အချက်အလက်များကို လေ့လာခဲ့ကြကြောင်း၊ သတင်းအချက်အလက် မလုံလောက်ခြင်းမှာ အဓိက စိန်ခေါ်မှုတရပ်ဖြစ်နေသည့်အတွက် ရံဖန်ရံခါ နိုင်ငံတကာ အထောက်အထားများကို အသုံးပြုခဲ့ကြောင်း သိရှိရသည်။

..

..   
CoMo Consortium သည် မူဝါဒချမှတ်သူများ အဆုံးအဖြတ်ပြုရာတွင် ပံ့ပိုးပေးနိုင်ရန် နိုင်ငံပေါင်း ၄၀ ကျော်မှ ပုံစံပြုသူများ၊ ပြည်သူ့ကျန်းမာရေးကျွမ်းကျင်သူများပါဝင်သည့် စုပေါင်းအဖွဲ့ဖြစ်သည်။ 
..
..
((( Dhaka Tribune., December 27th, 2020,” Forecast: Covid-19 peak a month away in Bangladesh. Syed Samiul Basher Anik.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ ))) 
..
https://www.dhakatribune.com/health/coronavirus/2020/12/27/forecast-covid-19-peak-a-month-away-in-bangladesh 

0

Leave a Reply

Your email address will not be published.