ကိုရိုနာဗိုင်းရပ်စ်ရောဂါကာကွယ်ဆေး ထိုးနှံရေးအစီအစဉ်အသေးစိတ် ဘင်္ဂလားဒေ့ရှ်ထုတ်ပြန်ကြေညာ၊ ဇန်နဝါရီ ၂၇-ရက်နေ့တွင် သူနာပြုတစ်ဦးအား ထိုးနှံပေးခြင်းဖြင့် ဝန်ကြီးချုပ်က အမျိုးသားကာကွယ်ဆေးထိုးနှံပွဲ စတင်ဖွင့်လှစ်မည်။ စာရင်းပါရှိသော်လည်း ဆန္ဒပြုသူများကိုသာ ထိုးနှံပေးမည်ဟုဆို


ဘင်္ဂလားဒေ့ရှ်အစိုးရသည် နိုင်ငံအတွင်းဖြစ်ပွားလျှက်ရှိသော ကြောက်မက်ဖွယ်ဗိုင်းရပ်စ်ရောဂါအား အပြီးတိုင်ချေမှုန်းရန် စီစဉ်ဆောင်ရွက်လျှက်ရှိသည်။ # Covid-19 ရောဂါတိုက်ဖျက် ရာတွင် နှစ်ကြိမ်ထိုးနှံရသော ကာကွယ်ဆေး အမျိုးအစားကို အသုံးပြု၍ လူပေါင်းသန်း ၁၃၀ ကျော်တို့အား ထိုးနှံပေးမည်ဖြစ်သည်။ လာမည့် ဇန်နဝါရီ ၂၇-ရက်နေ့တွင် ကာမီတူလာဆေးရုံ၌ သူနာပြုတစ်ဦးအား စတင်ထိုးနှံပေးခြင်းဖြင့် #အမျိုးသားကာကွယ်ဆေးထိုးရေး_ အစီအစဉ်ကို #ဝန်ကြီးချုပ်ရှိတ်ဟာစီနာက ဖွင့်လှစ်ပေးမည်ဖြစ်ကြောင်း Dhaka Tribune က ယမန်နေ့ ရေးသားသည်။ 

..
အာဏာရ #အဝါမီလိဂ်ပါတီ၏ Facebook စာမျက်နှာပေါ်တွင် အတည်ပြုထားသော ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ကာကွယ်ဆေးထိုးနှံမည့် အစီအစဉ်တွင် လူပေါင်း ၁၃၈,၂၄၇,၀၀၀-ဦးကို (ကဏ္ဍ) အသုတ် ၃-ခု ခွဲ၍ အပိုင်း ၅-ပိုင်း ဦးစားပေးအလိုက် ခွဲခြားထားကြောင်း တွေ့ရှိရသည်။ 

..
အပိုင်း ၂-ပိုင်းစီပါဝင်သော (ကဏ္ဍ) အသုတ်များ၌ ပထမအသုတ်တွင် လူပေါင်း ၁၇-သန်းကျော်၊ ဒုတိယအသုတ်တွင် လူပေါင်း ၁၇-သန်းကျော်၊ နောက်ဆုံး တတိယအသုတ်တွင် လူပေါင်း ၁၀၃-သန်းကျော်တို့အား ကာကွယ်ဆေး ထိုးနှံပေးမည်ဖြစ်သည်။ 

..
ပထမအသုတ်၏ ပထမပိုင်းတွင် ကျန်းမာရေးဝန်ထမ်းနှင့် ကျန်းမာရေးအကူ ၁-သန်းကျော်၊ လွတ်လပ်ရေးတိုက်ပွဲဝင်သူ ၂-သိန်း၊ ဥပဒေစိုးမိုးရေးဝန်ထမ်း၊စစ်တပ်မတော်နှင့်အခြားလက်နက်ကိုင်တပ်များမှ ၉-သိန်းကျော်၊ အစိုးရဝန်ထမ်း ၅-သောင်းကျော်၊ သတင်းမီဒီယာသမား ၅-သောင်းကျော် အပါအဝင် စုစုပေါင်း လူ၅-သန်းကျော် ပါရှိမည်ဖြစ်သည်။

..   
ထို့အပြင် ပြည်သူ့ကိုယ်စားလှယ် ၂-သိန်းနီးပါး၊ ကော်ပိုရေးရှင်းနှင့် စည်ပင်သာယာရေး တာဝန်ထမ်းဆောင်သူ ၁-သိန်းခွဲကျော်၊ ဘာသာရေးခေါင်းဆောင် ၅-သိန်းကျော်၊ သုဿန်နှင့် မီးသြင်္ဂိုဟ်ရေးဝန်ထမ်း ၇-သောင်းကျော်၊ မီးသတ်ဝန်ထမ်း ၄-သိန်းကျော်၊ ပင်လယ်ဆိပ်ကမ်းနှင့် လေဆိပ်တို့တွင် တာဝန်ထမ်းဆောင်သူ ၁-သိန်းခွဲ၊ ဘဏ်အရာရှိနှင့်ဝန်ထမ်း ၈-သောင်းနီးပါး တို့သည် ပထမအသုတ် ပထမဦးစားပေး ထိုးနှံမှုခံယူခွင့် ရရှိကြမည်ဖြစ်သည်။ 

..  
အသက် ၆၀ နှင့် အထက်ရှိသူ ၁၂-သန်းကျော်မှာ ၎င်း ပထမအသုတ် ဒုတိယပိုင်းအဖြစ် ကာကွယ်ဆေး ရရှိကြမည်။

..    
ဒုတိယအသုတ် ၁၇-သန်းတွင် အသက် ၅၅နှစ်အထက်ရှိသူ နိုင်ငံသားများ၊ ရောဂါအခံရှိသူများ၊ စာသင်ကျောင်းဆရာ-ဆရာမများနှင့် ပညာရေးကဏ္ဍတွင် အသွင်ပုံစံအမျိုးမျိုးတို့ဖြင့် ပါဝင်နေသူများ၊ သတင်းမီဒီယာဝန်ထမ်း ၅-သောင်းတို့မှာ ပထမပိုင်းတွင်၎င်း၊ 

..
ဒုတိယပိုင်းတွင် ဝေးလံခေါင်ဖျားဒေသနေ နိုင်ငံသားများ၊ ဌာနေလူ့အဖွဲ့အစည်းများ၊ အများပြည်သူသယ်ယူပို့ဆောင်ရေးဝန်ထမ်းများ၊ ဆေးဆိုင်၊စားသောက်ဆိုင်နှင့် ဟိုတယ်အမှု့ထမ်းများ၊ အထည်ချုပ်စက်ရုံလုပ်သားများ၊ လိင်အလုပ်သမားများနှင့် ကျားမလိင်ကွဲပြားခြင်း မရှိသူများပါဝင်သည်။ 

..
တတိယအသုတ်သည် ထိုးနှံပေးရမည့်အရေအတွက် ၁၀၃-သန်းကျော်ဖြင့် အများဆုံးဖြစ်ပြီး အပိုင်း ၂-ပိုင်း ခွဲကာ ထိုးနှံပေးမည်ဖြစ်သည်။ ပထမပိုင်းတွင် လူပေါင်း ၃၄-သန်းကျော်၊ ဒုတိယပိုင်းတွင် ၆၉-သန်းကျော် ထိုးနှံရန် ရှိနေသည်။ 

..  
ဒုတိယအသုတ်ကာကွယ်ဆေးထိုးနှံစဉ် မပါဝင်ပဲ ကျန်ရှိနေသည့် ပညာရေးလောကမှ ဆရာ-ဆရာမတို့နှင့် ဝန်ထမ်းများ၊ ကာကွယ်ဆေးထိုးသင့်သည်ဟု အတည်ပြုခံရသော ကိုယ်ဝန်ဆောင်မိခင်များ၊ အစိုးရဝန်ထမ်း ၁-သန်းကျော်၊ တရားဥပဒေစိုးမိုးရေးဝန်ထမ်းများ၊ ကော်ပိုရေးရှင်းနှင့် စည်ပင်သာယာအမှုထမ်းများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများ၊ အစိုးရနှင့် ဖက်စပ်လုပ်ကိုင်သည့် အဖွဲ့အစည်းဝင်များ၊ ပုဂ္ဂလိကဓါတ်အားပေး စက်ရုံဝန်ထမ်းများ၊ အကျဉ်းသားနှင့် အကျဉ်းထောင်ဝန်ထမ်းများ ပါဝင်သည်။ 

..
ထို့အပြင် မြို့ပြဆင်ခြေဖုံးနေထိုင်သူ သို့မဟုတ် ရေပြင်၌ နေထိုင်၍အသက်မွေးသူများ၊စိုက်ပျိုးရေးနှင့်စားနပ်ရိက္ခာထုတ်လုပ်ရေးလုပ်ငန်းတွင်ပါဝင်သူများ၊ အဆောင်နေထိုင်သူများ၊ အိုးမဲ့အိမ်မဲ့များ၊ အခြားစက်မှုလုပ်ငန်းများမှအလုပ်သမားများ၊ ပထမအသုတ်တွင် မပါဝင်ပဲ ကျန်ရှိနေသည့် အများပြည်သူသယ်ယူပို့ဆောင်ရေးဝန်ထမ်းများ၊ အသက် ၅၀ မှ ၅၄ နှစ်အတွင်းရှိနိုင်ငံသားများမှာလည်း တတိယအသုတ် ပထမပိုင်း၌ ကာကွယ် ဆေးထိုးနှံခွင့် ရရှိကြမည်။ 

..
ဒုတိယပိုင်းတွင် ကာကွယ်ဆေးထိုးနှံကြရမည့်သူများမှာ အရေးပေါ်နှင့် ကပ်ရောဂါဆိုင်ရာ စီမံခန့်ခွဲသူ အလုပ်သမားများ၊ ကျောင်းနေဆဲနှင့် ကလေးသူငယ် ၃၂-သန်း၊ ယခင်အသုတ်များတွင် မပါဝင်ပဲ ကျန်ရှိနေခဲ့သူများနှင့် လူငယ်နိုင်ငံသား ၃၂-သန်းတို့မှာ နောက်ဆုံးအဆင့်အဖြစ် ပါဝင်သည်။ 

..  
၂၀၂၁ ခုနှစ်၊ ဇန်နဝါရီ ၂၁ ရက်၊ ကြာသပတေးနေ့တွင် ဘင်္ဂလားဒေ့ရှ်အစိုးရအနေဖြင့် အိန္ဒိယနိုင်ငံမှ မေတ္တာလက်ဆောင်အဖြစ် ပေးပို့သော (Oxford-AstraZeneca) #Covishield ကာကွယ်ဆေး ၂ သန်းကို လက်ခံရရှိခဲ့သည်။ ထို့ပြင် နောက်ထပ် ကာကွယ်ဆေး ကြိမ်ရေပမာဏ သန်း ၃၀ ဝယ်ယူရန် အိန္ဒိယနိုင်ငံ Serum Institute (SII) နှင့် ဘင်္ဂလားဒေ့ရှ် Beximco ဆေးဝါးလီမိတက်တို့က သဘောတူလက်မှတ်ရေးထိုးခဲ့ရာ တနင်္လာနေ့တွင် ကာကွယ်ဆေး ၅-သန်း စတင်ရောက်ရှိလာမည်ဖြစ်သည်။ 

..
ကာကွယ်ဆေးထိုးနှံရမည့်သူတိုင်းကို အသုတ်လိုက် အပိုင်းလိုက် အမည်စာရင်းပြုစုထားပြီးဖြစ်သော်လည်း ဆန္ဒမရှိသူများကို အတင်းအကြပ် ထိုးနှံမည်မဟုတ်ကြောင်း၊ ကာကွယ်ဆေးအရေအတွက် ပိုမိုရရှိစေရန် ရုရှား၊ တရုတ်အပါအဝင် အခြားနိုင်ငံများနှင့် ဆွေးနွေးလျှက်ရှိကြောင်း ဘင်္ဂလားဒေ့ရှ် ကျန်းမာရေးဝန်ကြီး ပြောဆိုသည်။ 

..

(( ယခုကဲ့သို့ ရှည်လျားစွာ ပြန်လည်တင်ပြရခြင်းမှာ မြန်မာနှင့် လူသားရင်းမြစ်အချိုး များစွာကွာခြားခြင်း မရှိသော ဘင်္ဂလားဒေ့ရှ်တွင် ရှိတ်ဟာစီနာအစိုးရ၏ လူသားရင်းမြစ်အပေါ် နိုင်နင်းစွာစီမံခန့်ခွဲလေ့ရှိသည့် Human Resource Management အရည်အချင်းကို အသေးစိတ် ခန့်မှန်းစေလို၍ ဖြစ်ပါသည်။ ကာကွယ်ဆေး သန်း ၂၈၀ လိုအပ်နေပြီး ၃၂-သန်းသာ သေချာနေသေးသော်လည်း အကြံကြီးပုံကို မြင်စေလိုပါသည်။ 

..  
အိန္ဒိယထံမှ ကာကွယ်ဆေး ၂-သန်း အခမဲ့ရှိကြောင်းကို ကမ္ဘာသိထုတ်ဖော်ပြောဆိုခြင်းဖြင့် ရှိတ်ဟာစီနာ၏ #နိုင်ငံရေးပါး၀ ပုံကို မြင်တွေ့ရသည်။ ဘင်္ဂလားဒေ့ရှ်သည် ၁၉၇၁-ခုနှစ်မှ မွေးဖွားလာသည့် နိုင်ငံဖြစ်သော်လည်း ပါတီကြီး ၂-ခုအားပြိုင်မှု၊ ဘာသာရေးတယူသန်တို့၏ တင်းမာသော သဘောထားတို့ကြောင့် နိုင်ငံရေးတည် ငြိမ်ခြင်း မရှိဟု ဆိုနိုင်ပါသည်။ အရှေ့ပါကစ္စတန်အဖြစ်မှ ခွဲထွက်သော “ ဘင်္ဂလားလွတ်လပ်ရေးစစ်ပွဲ “ သည် အိန္ဒိယ-ပါကစ္စတန် တတိယအကြိမ် အတိအလင်းစစ်ခင်းပွဲလည်း ဖြစ်ခဲ့ပါ၏။ အိန္ဒိယ-ရုရှားတို့အကူအညီဖြင့် သီးခြားနိုင်ငံဖြစ်လာသော ဘင်္ဂလားဒေ့ရှ်တွင် ရှိတ်ဟာစီနာက ကာကွယ်ဆေး အခမဲ့ပေး၍ နာရင်ဒြာမိုဒီနှင့် အိန္ဒိယပြည်သူတို့အား ကျေးဇူးတင်ရှိကြောင်း၊ မိမိနိုင်ငံနှင့်အတူ အခြားအာရှနိုင်ငံများလည်း ရရှိကြောင်း လူသိရှင်ကြားပြောဆိုခြင်းဖြင့် အမေရိကန်ပင်လျှင် မိုဒီအား ချီးကျူးရတော့သည်။ 

..
တစ်နည်းအားဖြင့် #တစ်ဖက်သားအား_အကောင်းဆုံးစည်းရုံးနည်းမှာ သူ့ကိုယ်သူ အထင်ကြီးလာအောင် စိတ်ဝင်စားပြပါ ဆိုသည့် #ဒေးကာနက်ဂျီ၏မိတ္တဗလဋီကာအတိုင်း ပညာထုတ်သုံးလိုက်ခြင်းဖြစ်ပါသည်။ #နိုင်ငံရေးတွင်_ရန်သူမရှိ၊ဆွေးနွေးရန်_လိုအပ်နေသေးသူသာလျှင် ရှိပါ၏။ #စစ်ပွဲဆိုသည်မှာကား #နိုင်ငံရေးနည်းဖြင့်မရသည့်အခါ_အသုံးပြုရသည့်_အဖြေရှာနည်းဖြစ်သည်။ ။ သတင်းဘာသာပြန်သူ )) 
.. 
#ဘင်္ဂလားဒေ့ရှ်အမျိုးသားကာကွယ်ဆေးထိုးနှံရေးအစီအစဉ် 
.. 
((( Dhaka Tribune., January 24 2021, “Bangladesh’s vaccination plan unveiled.” ကို #HtayOung, #OungMarine ဆီလျော်အာင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ ))) 
.. 
https://www.dhakatribune.com/health/coronavirus/2021/01/24/bangladesh-s-vaccination-plan-unveiled 
https://www.dhakatribune.com/bangladesh/2021/01/24/health-minister-5m-contractual-vaccine-doses-to-arrive-on-monday 
https://www.dhakatribune.com/bangladesh/2021/01/21/vaccine-as-gift-from-india-handed-over-to-bangladesh 
https://bdnews24.com/bangladesh/2021/01/21/hasina-thanks-modi-for-sending-coronavirus-vaccine-to-bangladesh  

0

Leave a Reply

Your email address will not be published.