ကိုရိုနာဗိုင်းရပ်စ်ရောဂါကူးစက်ခံခဲ့ရသော ဆီးရီးယားသမ္မတနှင့်ဇနီးတို့ ပြန်လည်ကျန်းမာလာ။ ကပ်ရောဂါကာလတစ်လျှောက်လုံး ပြည်တွင်းစစ်ကြောင့် လူ ၂-သောင်းနီးပါးကိုသာ စစ်ဆေးအတည်ပြုနိုင်၍ ၁,၂၀၀ ကျော်သေဆုံးခဲ့၊ စစ်သွေးကြွအုပ်စုအမျိုးမျိုးတို့ ထိန်းချုပ်ထားဆဲနယ်မြေများတွင် ကူးစက်သေဆုံး ပိုမိုမြင့်မားဖွယ်ရှိ


Covid- 19 ရောဂါကူးစက်ခြင်းခံရသော #ဆီးရီးယားသမ္မတ_ဘာရှာအယ်လ်အဆတ်ဒ်နှင့်သူ၏ဇနီးဖြစ်သူ အက်စ်မာတို့သည် ယခုအခါ ပြန်လည်ကျန်းမာလာပြီဖြစ်ကြောင်း၊ ကွာရန်တင်းကာလပြီးဆုံးချိန်တွင် PCR စစ်ဆေးမှု၌ ရောဂါပိုးကင်းစင်သည်ကို တွေ့ရှိရကြောင်း လုပ်ငန်းတာဝန်များတွင် ပုံမှန်ပြန်လည်တာဝန်ထမ်းဆောင်နေကြပြီဖြစ်aကြာင်း ဆီးရီးယားအစိုးရပိုင်မီ SANA သတင်းအေဂျင်စီက အင်္ဂါနေ့၌ ဖော်ပြသည်ဟု  Russia Today က ယနေ့ ရေးသားသည်။…   
ဆီးရီးယားသမ္မတကျန်းမာလျှက်ရှိကြောင်း ၎င်း၏သမ္မတရုံး Twitter စာမျက်နှာတွင်လည်း ရေးသားထားပြီး ရောဂါပိုးကူးစက်ခြင်းခံရသော ဆီးရီယားပြည်သူများသည်လည်း အမြန်ဆုံး သက်သာပျောက်ကင်းစေရန် ဆုတောင်းအပ်ပါကြောင်း ဖော်ပြပါရှိသည်။…   
ဆီးရီးယားသမ္မတနှင့် ဇနီးတို့တွင် Covid-19 ရောဂါပိုးကူးစက်လျှက်ရှိကြောင်း၊ ပြင်းထန်ခြင်းမရှိသော ကိုရိုနာဗိုင်းရပ်စ်ရောဂါလက္ခဏာများ တွေ့ရှိရသဖြင့် နေအိမ်၌ သီးခြားနေထိုင်ကာ ဆက်လက်တာဝန်ထမ်းဆောင်လျှက်ရှိကြောင်း ဆီးရီးယားသမ္မတရုံးက ယခုလ ၈-ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။…  
ပြည်တွင်းစစ်ဖြစ်ပွားလျှက်ရှိသော ဆီးရီးယားတွင် Covid-19 ဖြစ်ပွားမှု ၁၈,၆၀၀ ကိုသာ တရားဝင် အတည်ပြုနိုင်ပြီး ကူးစက်မှုကာလအတွင်း ၎င်းရောဂါဖြင့် အသက်ဆုံးရှုံးရသူ ၁,၂၀၀ ကျော်ရှိခဲ့သည်။ စစ်မက်ဘေး ကျရောက်ခြင်းကြောင့် စစ်သွေးကြွအုပ်စုအမျိုးမျိုးတို့ ထိန်းချုပ်ထားဆဲဖြစ်သည့် နယ်မြေများတွင် လူတိုင်းစေ့ စစ်ဆေးရန် မဖြစ်နိုင်ခြင်းကြောင့် ကူးစက်သေဆုံးအရေအတွက် ယခုထက် ပိုမိုဆိုးရွားဖွယ်ရှိသည်။…   
((ဆီးရီးယားသည် မြန်မာနှင့် ပထဝီနိုင်ငံရေးအနေအထားချင်း အလွန်တူယုံမက ကိုရိုနာဗိုင်းရပ် ရောဂါဖြစ်ပွားရာတွင်လည်း ၂၂-မတ်၊၂၀၂၀ တွင် စတင်တွေ့ရှိခြင်းကြောင့် မြန်မာထက် ၁-ရက်သာ စောသည်။…  
လူဦးရေ ၁၇-သန်းခန့်ရှိမည်ဟု ထင်မှတ်ရသည့် ဆီးရီးယားသည် နိုင်ငံပေါင်းစုံတို့မှ ရည်ရွယ်ချက်အမျိုးမျိုးနှင့် လူတကာဝင်ထွက်နေခြင်းကြောင့် လူဦးရေအတိအကျသိရှိရန် ခဲယဉ်းသည်။ နယ်မြေရာခိုင်နှုန်းအများစုကို #သမ္မတအဆတ်ဒ်_သစ္စာခံ_ဆီးရီးယားအာရပ်တပ်မတော် SAA နှင့် ဟဇ်ဘိုလာတို့က သိမ်းယူထားသော်လည်း နိုင်ငံ့အနောက်တောင်ပိုင်းတွင် အမေရိကန်က ဖွဲ့စည်းပေးထားသည့် #တော်လှန်ရေးကွန်မင်ဒိုတပ်များ အရှေ့ပိုင်းနှင့် မြောက်ဖျားတွင် အမေရိကန်က ဖွဲ့စည်းလက်နက်တပ်ဆင်ပေးထားသည့် ကာ့ဒ်လူမျိုး လက်နက်ကိုင်များ၊ တူရကီကျောထောက်ခံ ဆီးရီးယားသူပုန်တို့က စိုးမိုးလျှက်သည်။ စင်ပြိုင်အစိုးရ၊ အစိုးရဖြစ်ကြောင်း ၎င်းတို့ဖာသာ ကြေညာထားသော အဖွဲ့အစည်းများဖြင့် သဲကန္တရဆန်သော နိုင်ငံသည် လူနေကြဲပါး၍ လူဦးရေအများဆုံးနေထိုင်ရာ နယ်မြေအတော်များများတွင် လုံခြုံရေးအာမခံချက် မရှိချေ။…  
ဆီးရီးယားနိုင်ငံ၏ ကိုရိုနာဗိုင်းရပ်စ်ရောဂါဖြစ်ပွားမှု မှာ လွန်ခဲ့သည့် ဇူလိုင်လကုန် သြဂုတ်လဆန်းပိုင်းတွင် ထိန်းချုပ်မရနိုင်အောင်ဖြစ်လာသည်ဟု အဖွဲ့အစည်းများနှင့် တစ်သီးပုဂ္ဂလလေ့လာသူများက မှတ်ချက်ပြုကြသည်။ မိမိတို့၏ ဆေးဝါးကုသမှုနှင့် Covid-19 ရောဂါတားဆီးကာကွယ်ရေးစွမ်းရည်မှာ မလုံမလောက် ဖြစ်လာကြောင်း ဆီးရီးယားကျန်းမာရေးဝန်ကြီးဋ္ဌာနကိုယ်တိုင် ထုတ်ဖော်ဝန်ခံလာရသည်။…  
စစ်ဒဏ်ကြောင့် ချိနဲ့နေသော နိုင်ငံတွင် အစိုးရထိန်းချုပ်ရာနယ်မြေများ၌ စီးပွားရေးနှင့် ငွေကြေးစီးဆင်းမှု့ကို ငဲ့ကွက်၍ Lockdown တားဆီးပိတ်ဆို့ရန် အခက်အခဲများစွာ ရှိနေသည်။ ရောဂါစစ်ဆေးမှု ကို ကျဘမ်း ဆောင်ရွက်နိုင်ခြင်း မရှိသောကြောင့် ရောဂါလက္ခဏာ ပြသခြင်းမရှိပဲ Covid-19 ပိုး ကူးစက်လျှက်ရှိသူများအား ဖော်ထုတ်ရန် မတတ်နိုင်ပဲရှိသည်။…   
ဆေးရုံများသည် ရောဂါလက္ခဏာများ ထင်ရှားစွာ ခံစားနေရသောလူနာများကိုပင် လက်ခံရန်ငြင်းဆန်နေပြီး အထူးကြပ်မတ်ကုသရန် လိုအပ်သူများကိုသာ လက်ခံကြသည်ဟု သတင်းများ ထွက်ပေါ်သည်။ သြဂုတ်လဆန်းပိုင်းသို့ရောက်သောအခါ ဆေးရုံများတွင် လက်ခံရန် နေရာမရှိတော့ကြောင်း ကြေညာခဲ့ရပြီး ဆေးရုံတက်မည့်အစား မိမိတို့နေအိမ်၌သာ ကွာရန်တင်း ဝင်ကြရန် တိုက်တွန်းခဲ့ရသည်။…   
ပြည်တွင်းစစ် ဆက်လက်ဖြစ်ပွားနေခြင်း၊ အနောက်နိုင်ငံများ၏ ဒဏ်ခတ်အရေးယူမှုများနှင့် ဆက်နွယ်၍ နိုင်ငံ့စီးပွားရေးတွင် ထိခိုက်ခဲ့ရခြင်းတို့ကြောင့် PCR စမ်းသပ်ခြင်းကဲ့သို့ မရှိမဖြစ်လိုအပ်သော ရောဂါစမ်းသပ်နိုင်စွမ်းတွင် မလုံမလောက်ဖြစ်လာကြောင်း၊ ကပ်ရောဂါထိန်းချုပ်ရေး စီမံခန့်ခွဲခြင်း၊ ကုသခြင်းတို့အပေါ် အကန့်အသတ် ဖြစ်စေခဲ့ကြောင်း ဆီးရီးယားအစိုး ရက အခိုင်အမာ ပြောဆိုသည်။…   
ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ ပညာရှင်များကမူ နိုင်ငံတဝှန်းလုံးတွင် ရောဂါဖြစ်ပွားမှုများနှင့်ပြည့်နှက်နေပြီး အစိုးရအနေဖြင့် ရောဂါဖြစ်ပွားမှုသတင်းအချက်အလက်များကို ထိန်းချုပ်ရန် ခြိမ်းခြောက်မှုများပြုလုပ်ခဲ့ကြောင်း ပြောကြားခဲ့သည်။…  
အစိုးရထိန်းချုပ်ထားသော နယ်မြေများ၌ ကိုရိုနာဗိုင်းရပ်စ်ရောဂါတားဆီးကာကွယ်ရေး ရှေ့တန်းလိုင်းတွင် တာဝန်ထမ်းဆောင်လျှက်ရှိသူ ကျန်းမာရေးလုပ်သားများအတွက် ကာကွယ်ရေးသုံးပစ္စည်းများ ထောက်ပံ့ပေးရန် အဆတ်ဒ်အစိုးရက ပျက်ကွက်လျှက်ရှိကြောင်း လူ့အခွင့်အရေးအဖွဲ့များက ထုတ်ဖော်ကြေညာသည်။…  
ကမ္ဘာ့ကုလသမဂ္ဂအနေဖြင့် ဆေးဝါးနှင့် အသက်ရှူကိရိယာပါ မျက်နှာဖုံးများ၊ လက်အိတ်များအပါအဝင် PPE ကာကွယ်ရေးဝတ်စုံ ၄.၄ သန်းကို ဆီးရီးယားအစိုးရအား ထောက်ပံ့ပေးခဲ့သည်။ သို့သော်လည်း ထောက်ပံ့မှုမှာ သိသိသာသာ နည်းပါးလွန်းပြီး အထူးသဖြင့် ရောဂါဖြစ်ပွားလျှက်ရှိသောဧရိယာတွင် တာဝန်ထမ်းဆောင်နေသူများအတွက် လုံလောက်ခြင်းမရှိကြောင်း အစိုးရထိန်းချုပ်နယ်မြေမှ ဆရာဝန်နှင့် သူနာပြုများက ပြောဆိုသည်။…  
အစိုးရထိန်းချုပ်ထားသော ပြည်နယ် ၄-ခုတွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါစစ်ဆေးနိုင်သည့် ဓါတ်ခွဲခန်း ၆-ခုသာ ရှိကြောင်း ဆီးရီးယားကျန်းမာရေးဝန်ကြီးဋ္ဌာနအဆိုအရ သိရှိရသည်။ ။ သတင်းဘာသာပြန်သူ ))

(((Russia Today., 30 Mar, 2021,” Syrian President Assad and wife recover from coronavirus.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ )))..#ဆီးရီးယားသမ္မတ_ကိုရိုနာဗိုင်းရပ်စ်မှပြန်လည်သက်သာလာ]..    
https://www.rt.com/news/519571-syria-assad-covid-recovery/
https://www.reuters.com/article/us-health-coronavirus-syria-assad-idUSKBN2B018K
https://www.reuters.com/article/us-health-coronavirus-syria-idUSKBN2AW21R
https://www.theguardian.com/world/2020/mar/23/syria-confirms-first-covid-19-coronavirus-case-amid-fears-of-catastrophic-spread
https://www.ft.com/content/130b0083-6339-4118-8dae-14de9e13513f 

Leave a Reply

Your email address will not be published.