ကိုရိုနာဗိုင်းရပ်စ်ရောဂါလှိုင်းသစ်ထိန်းချုပ်ရေး တနင်္လာနေ့မှစ၍ ဘင်္ဂလားဒေ့ရှ်တစ်နိုင်ငံလုံး တစ်ပတ်ကြာ လော့ဒေါင်းချမည်။ လွန်ခဲ့သည့်လမှစ၍ ကူးစက်သေဆုံးနှုန်း တဖြည်းဖြည်း မြင့်တက်လာနေ။ ယခုထိ လူ ၉-ထောင်ကျော် သေဆုံး၍ ၆-သိန်း ၂-သောင်းကျော် ဗိုင်းရပ်စ်ပိုးကူးစက်ခြင်းခံရ


ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဖြစ်ပွားလျှက်ရှိသော ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါ၏ ကူးစက်မှုလှိုင်းသစ်ထိန်းချုပ်ရေး တစ်စိတ်တစ်ပိုင်းအဖြစ် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ရက်သတ္တ တစ်ပတ်ကြာ Lockdown တားဆီးကန့်သတ်မှုများကို လာမည့်တနင်္လာနေ့တွင် စတင်မည်ဖြစ်ကြောင်း၊ လွန်ခဲ့သည့်လမှစ၍ Covid-19 ရောဂါဖြင့် ကူးစက်သေဆုံးအရေအတွက်မှာ တဖြည်းဖြည် းတိုးတက်လျှက်ရှိကြောင်း ကုန်းလမ်းပို့ဆောင်ရေးနှင့် တံတားများဆိုင်ရာဝန်ကြီး အိုဘေဒူလ်ကွာဒါက ပြောဆိုသည်ဟု Dhaka Tribune က ယနေ့ရေးသားသည်။…     
အာဏာရ အဝါမီလိဂ်ပါတီ၏ အထွေထွေအတွင်းရေးမှူးလည်းဖြစ်သူ ဝန်ကြီးကွာဒါ၏ ယနေ့နံက် ၎င်း၏နေအိမ်မှ ပုံမှန်သတင်းထုတ်ပြန်ရာတွင် ယခုကဲ့သို့ ဖော်ပြထားခြင်းဖြစ်သည်။ …Lockdown တားဆီးကန့်သတ်စဉ် တရားရုံးနှင့် အစိုးရရုံးများအားလုံးကို ပိတ်ထားမည်ဖြစ်သော်လည်း အရေးပေါ်ဝန်ဆောင်မှုပေးသည့် အဖွဲ့အစည်းများ၊ စက်ရုံ အလုပ်ရုံများမှာ ကျန်းမာရေးလမ်းညွှန်ချက်များနှင့်အညီ တာဝန်လွှဲပြောင်းစေ၍ ဆက်လက် ဖွင့်လှစ်ထားမည်ဖြစ်ကြောင်း ပြည်သူ့ရေး ရာစီမံခန့်ခွဲမှု ဝန်ကြီးဌာနဝန်ကြီး ဖာဟက်ဟိုစိန်က အတည်ပြုသည်။…   
နိုင်ငံတော်အစိုးရအနေဖြင့် ကူးစက်ရောဂါလှိုင်းသစ်အတွက် လိုအပ်သည်တို့ကို ပြင်ဆင်ထားပြီးဖြစ်ကြောင်း၊ သို့သော်လည်း လူအများစုတို့မှာ ကျန်းမာရေးဆိုင်ရာ စည်းကမ်းများကို လိုက်နာခြင်းမရှိသောကြောင့် ကူးစက်သေဆုံးနှုန်း မြင့်တက်လာရခြင်းဖြစ်ကြောင်း ဝန်ကြီးဟိုစိန်က သတိပေးသည်။…    
Covid-19 ရောဂါကူးစက်သေဆုံးဖြစ်ပွားနေရခြင်းကို ထိန်းချုပ်ရန်အတွက် ရက်သတ္တ ၂-ပတ်ကြာ လိုက်နာကြရမည့် အချက် ၁၈-ချက်ပါ လမ်းညွှန်ချက် အသစ်ကို တနင်္လာနေ့၌ ဘင်္ဂလားဒေ့ရှ်အစိုးရက ထုတ်ပြန်ခဲ့သည်။…   
နိုင်ငံတစ်ဝှန်းလုံး၌ ဖျော်ဖြေရေးစင်တာများ၊ ကမ္ဘာလှည့်ခရီးသွားများ စုဝေးရာနေရာတို့ကို ပိတ်ထားကြရန်၊ လူမှုရေး၊ နိုင်ငံရေးနှင့် ဘာသာရေးကိစ္စရပ်များအပါအဝင် လူစုဝေးမှု ပုံစံအမျိုးမျိုးတို့ကို တားမြစ်ထားပြီး၊ အများပြည်သူသယ်ယူပို့ဆောင်ရေးတွင် ခရီးသည်များအတွက် စုစုပေါင်း ထိုင်ခုံပမာဏ၏ ထက်ဝက်ကိုသာ တင်ဆောင်သွားလာကြရန်၊ ထိုစဉ်အတွင်း ကျန်းမာရေး လုံခြုံမှုဆိုင်ရာ လမ်းညွှန်ချက်များကိုလည်း လိုက်နာကြရန် ညွှန်ကြားထားသည်။…
 သောကြာနေ့တွင် လွန်ခဲ့သည့်နှစ် မတ်လ ရောဂါဖြစ်ပွားမှုစတင်ချိန်မှစ၍ ရက်သတ္တပတ်အတွင်း ပျမ်းမျှသေဆုံးနှုန်း ၄၆.၄၃ ရာနှုန်းဖြင့် အမြင့်ဆုံး တွေ့ရှိရပြီးနောက် ယခုကဲ့သို့ Lockdown ချမှတ် သည့် ကြေညာချက်များ ထွက်ပေါ်လာရခြင်းဖြစ်သည်။…  
ထို့ပြင် သောကြာနေ့တွင် ၂၄-နာရီအတွင်း Covid-19 ရောဂါပိုး ကူးစက်ခြင်းခံရကြောင်း အတည်ပြုသူ ဦးရေမှာ စစ်ဆေးမှုစုစုပေါင်း၏ ၂၃.၂၈ % ရှိခဲ့ရာ လွန်ခဲ့သည့် ၇-လအတွင်း အများဆုံး ပမာဏဖြစ်သည်။…
ယခုနှစ် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဇန်နဝါရီလ၌ ၅၆၈-ဦး၊ ဖေဖော်ဝါရီ ၂၈၁-ဦး နှင့်မတ်လ ၆၃၈-ဦးတို့မှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါဖြင့် အသက်ဆုံးရှုံးခဲ့ရပြီးဖြစ်သည်။…
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါဖြင့် ယခုထိ ၉,၁၅၅-ဦး သေဆုံး၍ ရောဂါကူးစက်ခြင်းခံရသူ ၆၂၄,၅၉၄-ဦး ရှိနေသည်။ 
…((ယခင်နှစ်မှစ၍ ကျွန်တော်၏ အမှတ်အသားများအရ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် Covid-19 ကူးစက်သေဆုံးပမာဏမှာ မြန်မာနှင့် မတိမ်းမယိမ်းရှိခုဲ့သည်။ အထူးသဖြင့် ၎င်းနိုင်ငံတွင် ကူးစက်သေဆုံးနှုန်း မြင့်တက်လာလျှင် မြန်မာ၌လည်း မြင့်တက်လာကြောင်း သတိပြုမိပါသည်။…ထိုသို့ဆိုခြင်းမှာ ဘင်္ဂလားဒေ့ရှ်မှ ရောဂါပြန့်ပွားနေသည်ဟု ပြောလိုရင်း လုံး၀ မဟုတ်ပါ။ ကူးစက်ရောဂါတို့တွင် #ရောဂါပျိုးချိန် ရှိတတ်ပြီး၊ ရာသီဥတု တူညီသည့် ဒေသတွင်းတစ်ခုတည်းဖြစ်၍ တိုက်ဆိုင်ခြင်းဖြစ်သည်ဟု ယူဆပါသည်။   ။ သတင်းဘာသာပြန်သူ ))… (((Dhaka Tribune., April 3rd, 2021, “Bangladesh goes into full lockdown for a week from Monday.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။)))

#ကိုရိုနာဗိုင်းရပ်စ်ရောဂါတားဆီးရေး_ဘင်္ဂလားဒေ့ရှ်တစ်နိုင်ငံလုံး_Lockdown_ချမှတ်မည်…  
…https://www.dhakatribune.com/bangladesh/2021/04/03/quader-govt-to-announce-week-long-countrywide-lockdown-from-monday. 

Leave a Reply

Your email address will not be published.