ကိုရိုနာဗိုင်းရပ်စ်ရောဂါ အဆိုးရွားဆုံးဖြစ်လာ၍ ထိုင်းနိုင်ငံ၌ ကန့်သတ်ချက်သစ်များ ကြေညာ။ ထိုင်းနိုင်ငံတွင် ကူးစက်နှုန်းမြန်ဆန်၍ ဝေဒနာပြင်းထန်စေသော ဒယ်လ်တာအမျိုးအစား ဗီဇပြောင်းဗိုင်းရပ်စ်မျိုးကွဲ ပျံ့နှံ့နေ။ နှစ် ၂၀ ကြာ ကျဆင်းနေခြင်းမှ ရုန်းကန်ဆဲ စီးပွားရေးကို အထိနာစေမည်ဟု ဆို


ထိုင်းနိုင်ငံသည် အဆိုးရွားဆုံး ကိုရိုနာဗိုင်းရပ်စ်ရောဂါ ဖြစ်ပွားနေမှုကို ကိုင်တွယ်ဖြေရှင်းရန်အတွက် မြို့တော်ကို ဗဟိုပြု၍ ပတ်ဝန်းကျင်တစ်ဝှိုက်၌ ကန့်သတ်ချက်အသစ်များကို ယနေ့ တနင်္ဂနွေ (ဇွန် ၂၇ ရက်) တွင် ကြေညာလိုက်သည်ဟု Reuters ၏ သတင်းကို Straits Times က ကူးယူဖော်ပြသည်။

…  
တနင်္လာနေ့မှစတင်၍ ရက်ပေါင်း ၃၀ အာဏာတည်မည့် ကန့်သတ်ချက်အသစ်များတွင် ဘန်ကောက်မြို့တော်အား ဝန်းရံလျှက်ရှိသည့် ပြည်နယ် ၅ ခုတို့၌ စားသောက်ဆိုင်များတွင် စားပွဲထိုင် စားသောက်ခြင်းမှ တားမြစ်ခြင်းပါဝင်ကြောင်း စနေနေ့ နိုင်ငံ၏ ပြန်တမ်း၌ ဖော်ပြထားသည်ဆို၏။

…   
တားမြစ်ကာလအတွင်း ဘန်ကောက်နှင့် ပြည်နယ် ၅-ခုရှိ ဈေးဝယ်စင်တာများကို ည ၉ နာရီတွင် ပိတ်ထားရမည်ဖြစ်ပြီး ပါတီပွဲ-အခန်းအနားပွဲ သို့မဟုတ် လူ ၂၀-ဦးထက်ပိုမိုပါဝင်သည့် လူထုစုဝေးလှုပ်ရှားမှုများကို ပိတ်ပင်ထားမည်ဖြစ်ကြောင်း သိရှိရသည်။

…  
ဝန်ကြီးချုပ်ပရာယွတ်ချန်အိုချာကမူ ဧပြီလစောစောပိုင်းမှစတင်၍ ကူးစက်ခံရသူ ၂၁၅,၀၀၀ ကျော်နှင့် သေဆုံးသူ ၁,၈၀၀ ကျော်ဖြစ်လာသည်အထိ ရောဂါဖြစ်ပွားခြင်းကြောင့် မြို့တော်အား Lockdown လော့ဒေါင်းတားဆီးပိတ်ဆို့ရန် တောင်းဆိုမှုများကို ခုခံပြောဆိုသည်။

…  
ယခုအခါ ဒယ်လ်တာအမျိုးအစား ဗီဇပြောင်း ဗိုင်းရပ်မျိုးကွဲ ပျံ့နှံ့လာခြင်းကြောင့် ကုမ္ပဏီများက နေရာချထားသည့် ယာယီကုသရေးစခန်းများတွင် ကူးစက်မှုကွင်းဆက်များကို တွေ့မြင်လာရပြီး ဆေးဘက်ဆိုင်ရာအဆောက်အအုံများနှင့် ဝန်ထမ်းများအပေါ် ဖိအားများပြားလာခြင်းကို တိုးမြှင့်ကိုင်တွယ်ရန်မှာ ထိုင်းအစိုးရအား စိန်ခေါ်လျှက်ရှိသည်။

…  
ကာကွယ်ဆေးထိုးနှုန်းကို အရှိန်မြှင့်ရန် ပရာယွတ်က တောင်းဆိုခဲ့ပြီး ပိုမိုတင်းကြပ်သော တားဆီးမှုများမှာ ဆယ်စုနှစ် ၂-ခုအတွင်း အဆိုးဝါးဆုံး ကျဆင်းခြင်းမှ ပြန်လည်နာလန်ထူရန် ရုန်းကန်နေရသည့် ထိုင်းနိုင်ငံ စီးပွားရေးကို ထိခိုက်စေလိမ့်မည်ဟု သတိပေးသည်။

…   
လွန်ခဲ့သည့် ၂၄ နာရီအတွင်း ထိုင်းနိုင်ငံတွင် ကူးစက်မှုအသစ် ၃,၉၉၅ ခုကို ထပ်မံတွေ့ရှိခဲ့သဖြင့် ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ ၂၄၄,၄၄၇ -ဦး ဖြစ်လာသည်။ လူ ၄၂-ဦး ထပ်မံသေဆုံးပြီး အသက်ဆုံးရှုံးရသူစုစုပေါင်းမှာ ၁,၉၀၀-ဦး ရှိခဲ့ကြောင်း တနင်္ဂနွေနေ့ တရားဝင်အချက်အလက်များအရသိရသည်။

…  
ပြီးခဲ့သည့်နှစ်၌ ရောဂါကူးစက်မှုကို ကျယ်ပြန့်အောင်မြင်စွာကိုင်တွယ်နိုင်ခဲ့သော ကျေးလက်ဒေသတွင် ကာကွယ်ဆေးထိုးနှံရန် နှေးကွေးခဲ့ပြီး နိုင်ငံ့လူဦးရေစုစုပေါင်း၏ ၆ ရာခိုင်နှုန်းခန့်သာ ကာကွယ်ဆေးထိုးနှံပေးနိုင်ခဲ့သည်။

…  
တစ်နိုင်ငံလုံး ရောဂါဖြစ်ပွားနေသော်လည်း ဖူးကက်ကမ်းခြေခရီးသွားလုပ်ငန်းကို ဇူလိုင် ၁ ရက်မှ စတင်ဖွင့်လှစ်ရန် စီစဉ်နေကြောင်း ဝန်ကြီးချုပ် ပရာယွတ်က လွန်ခဲ့သည့် ရက်သတ္တပတ်၌ ပြောကြားခဲ့သည်။

#ထိုင်းနိုင်ငံကိုရိုနာဗိုင်းရပ်စ်ရောဂါ #ဝန်ကြီးချုပ်ပရာယွန်ချန်အိုချာ

(((Straits Times., June 27, 2021.,” Thailand announces new Covid-19 restrictions in Bangkok, other provinces.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။)))

https://www.straitstimes.com/asia/se-asia/thailand-announces-new-covid-19-restrictions-in-bangkok-other-provinces 

Leave a Reply

Your email address will not be published.