ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခြင်းခံရသူ ၃-ဦးတွေ့ရှိကြောင်း ဘင်္ဂလားဒက်ရှ် ပထမဆုံးအကြိမ် ကြေညာ။ ပြည်သူအများ လူစုလူဝေးကို အတတ်နိုင်ဆုံးရှောင်ကျဉ်၍ နေအိမ်၌သာနေကြရန် အကြံပြု

တနင်္ဂနွေ ( ယနေ့ ) ကျင်းပပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ ဘင်္ဂလားဒက်ရှ်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခြင်းခံရသူ ၃-ဦးတွေ့ရှိကြောင်း Institute of Epidemiology, Disease Control and Research (IEDCR) ကူးစက်ဗေဒ၊ ရောဂါထိန်းချုပ်ရေးနှင့် သုတေသနဆိုင်ရာအင်စတီကျုဒ် ညွှန်ကြားရေးမှူး မီရာဂျာဒီဆာဘရီနာဖလိုရာက ထုတ်ဖော်ပြောဆိုသည်ဟု Dhaka Tribune က ယနေ့ ရေးသားသည်။

ဘင်္ဂလားဒက်ရှ်တွင် ဗိုင်းရပ်စ်ကူးစက်လျှက်ရှိကြောင်း ပထမဆုံးအကြိမ် အတည်ပြုခံရခြင်းဟုဆိုရမည့် အဆိုပါ ၃-ဦးမှာ အသက် ၂၀ မှ ၃၅ နှစ်အတွင်း အသီးသီးရှိကြကြောင်း၊ ၎င်းတို့အနက် ၂-ဦးမှာ မကြာသေးမီက အီတလီမှ ပြန်လည်ရောက်ရှိလာသူများဖြစ်ပြီး၊ သီးခြားမိသားစုဝင်များဖြစ်ကြောင်း၊ အီတလီတွင် သွားရောက်ခဲ့သော မြို့များမှာလည်း မတူညီကြောင်း၊ ဘင်္ဂလားဒက်ရှ်သို့ သီးခြားစီပြန်လည်ရောက်ရှိလာပြီးနောက် IEDCR ၏ အရေးပေါ်ဖုန်းသို့ ခေါ်ဆိုသဖြင့် စမ်းသပ်စစ်ဆေးရာမှ Covid-19 ရောဂါဖြစ်စေသော ကိုရိုနာဗိုင်းရပ်စ်ကူးစက်လျှက်ရှိသည်ကို အတည်ပြုခဲ့ရခြင်းဖြစ်သည်ဆို၏။

ထို့ကြောင့် ၎င်း လူနာ ၂-ဦးနှင့် အနီးကပ် နေထိုင်ထိတွေ့ခဲ့သူများအား စစ်ဆေး စမ်းသပ်ရာမှ နောက်ပိုင်းတွင် တတိယမြောက် လူနာကို တွေ့ရှိခဲ့ရကြောင်း၊ ယခုအခါ ဗိုင်းရပ်စ်ဆက်လက်ပျံ့ပွားမည်ကို ကာကွယ်သည့် အနေဖြင့် အဆိုပါ လူနာ ၃-ဦးနှင့် နေထိုင်ထိတွေ့ခဲ့သူ အခြား ၃-ဦးကိုလည်း ရောဂါခြေချုပ်သတ်မှတ်၍ စောင့်ကြည့်လျှက်ရှိကြောင်း IEDCR ညွှန်ကြားရေးမှူး ပြောဆိုသည်။

ကိုရိုနာဗိုင်းရပ်စွဲ ရောဂါကူးစက်လျှက်ရှိသူ ၃-ဦးကို ဆေးရုံတွင် ပြုစုကုသပေးလျှက်ရှိကြောင်း၊ IEDCR အနေဖြင့် လုံခြုံရေးအခြေအနေအရ ၎င်းတို့၏ မည်သူမည်ဝါဖြစ်ကြောင်းနှင့် နေရပ်လိပ်စာတို့ကို ဖွင့်ဟပြောဆိုနိုင်ခြင်း မရှိကြောင်း၊ နိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ တွေ့ရှိသော်လည်း ရောဂါကူးစက်ပျံ့နှံ့ခြင်းမရှိရန် ဘင်္ဂလားဒက်ရှ်အစိုးရက ကောင်းစွာထိန်းချုပ်နိုင်မည်ဟု မျှော်လင့်ရသည့်အတွက် ပြည်သူလူထုအနေဖြင့် ကြောက်လန့်တကြား မဖြစ်စေလိုကြောင်း၊ လူစုလူဝေးကို အတတ်နိုင်ဆုံးရှောင်ကျဉ်၍ နေအိမ်၌သာနေကြရန် အကြံပြုလိုပါကြောင်း ညွှန်ကြားရေးမှူး မီရာဂျာဒီဆာဘရီနာဖလိုရာက ဆက်လက်ပြောဆိုသည်။

((( ကျွန်တော်တို့အနေဖြင့် ဗိုင်းရပ်စ်နှင့် #ရောဂါကို လွဲမှားစွာ မှတ်မိနေတတ်သည်။ အတိုချုပ်ပြောပြရလျှင် HIV သည် ဗိုင်းရပ်စ်ဖြစ်ပြီး AIDS သည် အဆိုပါ ဗိုင်းရပ်စွဲကပ်ခြင်းကြောင့် ဖြစ်ပွားသော #ရောဂါစု ဖြစ်သည်။ HIV စွဲကပ်လျှင် တစ်ခုထက်များသော ရောဂါလက္ခဏာစု Syndrome အနက် တစ်ခုခုဖြင့်လည်း သေဆုံးတတ်သည်။

Coronavirus disease (COVID-19) ကိုရိုနာဗိုင်းရပ်စ်စွဲ #ရောဂါ ဆိုသည်မှာ (SARS-CoV-2) ဗိုင်းရပ်စ်ကြောင့် ဖြစ်ပွားသည်။ ဆားစ်နှင့်ဆင်တူသော ပြင်းထန် အသက်ရှူလမ်းကြောင်းရောင်ရမ်း #ရောဂါစု ဖြစ်ပွားစေသည့် အမှတ်-၂ ကိုရိုနာဗိုင်းရပ်စ် ဟု အဓိပ္ပါယ်ရပါသည်။

ဖေဖော်ဝါရီလ ၁၁-ရက်နေ့ WHO က ပြောင်းလဲသတ်မှတ်ခြင်းမတိုင် ထိုဗိုင်းရပ်စ်၏ အမည်ဟောင်းမှာ 2019 novel coronavirus “၂၀၁၉- တွင် အသစ်တွေ့ရှိသည့် ကိုရိုနာဗိုင်းရပ်စ်” ဟူ၍ဖြစ်သည်။

တရုတ်နိုင်ငံ ဟူဘေးပြည်နယ် ဝူဟန်မြို့တွင် ကိုရိုနာဗိုင်းရပ်စ် စွဲကပ်-သေဆုံးကြောင်း စံသတ်မှတ်ခြင်းကို ဖေဖော်ဝါရီ ၁၂-ရက်နေ့တွင် စတင်ပြောင်းလဲခဲ့သည်။

Diagnostic criteria ခေါ် ရောဂါဖော်ထုတ်ရာတွင် စံသတ်မှတ်ချက်များကို ပြောင်းလဲပြီးနောက် တရုတ်နိုင်ငံ ဟူဘေးပြည်နယ်၏ ၂၄-နာရီအတွင်း လူသေဆုံး- ကူးစက်နှုန်းမှာ အကြီးအကျယ် မြင့်တက်သွားသည်ကို တွေ့ရှိသည်။ ဆိုလိုသည်မှာ ယခင် ဖျားနာ-သေဆုံးသူများမှာလည်း ဤဗိုင်းရပ်စ်ကြောင့် ဖြစ်တန်ရာသည်ဟူ၏။

ထို့ကြောင့် Covid- 19 ဖြင့် ရှောဘရားသားခြင်း ဟုတ်မဟုတ် ရောဂါအမျိုး အမည်ဖော်ထုတ်ရာတွင် ဆေးဝါးကုသသူတို့အနေဖြင့် ဝေဒနာခံစားနေရသည့်လူနာ၏ လက္ခဏာအရပ်ရပ်ကို ကျယ်ပြန့်စွာထည့်သွင်းဆုံးဖြတ်ရမည်ဖြစ်ကြောင်း ညွှန်ပြလျှက်ရှိသည်ဟု South China Morning Post က ဖေဖော်ဝါရီ – ၁၃၊ ၂၀၂၀ ရေးသားပါသည်။

ထိုသို့ အဖြေမှန် တွက်ဆနိုင်ရန် ရှင့်ကျင့်ဖျင်အနေဖြင့် ထိုစဉ်က ဟူဘေးနှင့် ဝူဟန်ကွန်မြူနစ်ပါတီ ထိပ်တန်း ခေါင်းဆောင်များအား ဖြုတ်ထုတ်သတ်ခဲ့ရသည်။ အောင်မြင်သောစီမံခန့်ခွဲမှု့ဖြစ်စေရန် တိကျမှန်ကန်သော ကိန်းဂဏန်းများအပေါ် အခြေခံမှသာ ဖြစ်နိုင်ပါသည်။

သည်နောက်ပိုင်း တရုတ်၏ ကိုရိုနာဗိုင်းရပ်စ် ဖော်ထုတ်-ကုသပေးနိုင်မှုမှာလည်း ရလာဒ်ပြောင်းလဲ အောင်မြင်လာခဲ့သည်။ ။ သတင်းဘာသာပြန်သူ ))

#ကိုရိုနာဗိုင်းရပ်စ်နှင့်ဘင်္ဂလားဒက်ရှ် #ရောဂါနှင့်ရောဂါစု

((( Dhaka Tribune., March 8, 2020,” First 3 cases of coronavirus reported in Bangladesh.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ )))

https://www.dhakatribune.com/bangladesh/dhaka/2020/03/08/iedcr-3-affected-with-coronavirus-in-bangladesh .

https://www.who.int/emergencies/diseases/novel-coronavirus-2019/technical-guidance/naming-the-coronavirus-disease-(covid-2019)-and-the-virus-that-causes-it

https://www.scmp.com/news/china/society/article/3050354/coronavirus-hubei-province-reports-sharp-spike-new-confirmed

0

Leave a Reply

Your email address will not be published.