ကိုရိုနာရောဂါသည် Asymptomatic ခေါ် ဗိုင်းရပ်စ်ပိုးစွဲကပ်နေသော်လည်း ရောဂါလက္ခဏာမပေါ်သူထံမှ ပြန့်ပွားစေခြင်းမျိုး အလွန်ရှားပါးဟု WHO က ပြော။ အဖြစ်မှန်မှာ ပိုမိုရှုတ်ထွေးကြောင်း ကျန်းမာရေးကျွမ်းကျင်သူတို့ ဆို။ အများလူထုအတွင်း သွားလာသူတိုင်း မဖြစ်မနေ မျက်နှာဖုံးဝတ်ဆင်သင့်

ကိုရိုနာဗိုင်းရပ်စ်ရောဂါသည် Asymptomatic ခေါ် ဗိုင်းရပ်စ်ပိုးစွဲကပ်နေသော်လည်း Covid-19 ရောဂါကူးစက်မှုအရိပ်အယောင်များဖြစ်သော ကိုယ်အပူချိန်မြင့်တက်ဖျားနာခြင်း၊ ချောင်းခြောက်ဆိုးခြင်း၊ အသက်ရှူရန် ခက်ခဲခြင်းစသည်တို့ ဖြစ်ပေါ်ခြင်းမရှိများထံမှ ကူးစက်ခြင်းမျိုး အလွန်ရှားပါးသည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က တနင်္လာနေ့၌ ပြောကြားသည်။

သို့သော် ယခုအချိန်ထိ လေ့လာတွေ့ရှိခဲ့ချက်များအရ ဗိုင်းရပ်စ်ပိုးစွဲကပ်နေသော်လည်း ရောဂါလက္ခဏာပြသသူရော မပြသသူတို့ကပါ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ပျံ့နှံ့စေနိုင်ကြောင်း၊ ထို့ကြောင့် အများလူထုအတွင်း သွားလာသူအားလုံးတို့အနေဖြင့် Mask မျက်နှာဖုံးဝတ်ဆင်ကြရန် တိုက်တွန်းရခြင်းဖြစ်ကြောင်း ကျန်းမာရေး ကျွမ်းကျင်သူတို့က ချက်ချင်းတုန့်ပြန် ချေပသည်ဟု CNN, Business Insider နှင့် နိုင်ငံတကာ မီဒီယာများက ယနေ့ဖော်ပြသည်။

တနင်္လာနေ့ WHO မီဒီယာတွေ့ဆုံပွဲ၌ ဗိုင်းရပ်စ်ပိုးရှိနေသော်လည်း ဝေဒနာလက္ခဏာပြသခြင်းမရှိသူထံမှ ရောဂါကူးစက်နိုင်သည်ဆိုခြင်းကိုမူ WHO က လုံး၀ ပယ်ချခြင်းမရှိချေ။ ကောက်ယူရရှိထားသည့် အချက်အလက်များ အရ အဆိုပါဖြစ်စဉ်မျိုးအလွန်ရှားပါးကြောင်း၊ ကျန်းမာလျှက်ရှိပုံရသူထံမှ ကိုရိုနာရောဂါကူးစက်ခြင်း အလွန်နည်းပါးကြောင်း တွေ့ရှိရသည်ဟု WHO နည်းပညာဦးဆောင်သူ ကူးစက်ရောဂါဗေဒပညာရှင် မာရီယာကာကော့ဗ်က ပြောဆိုခြင်းဖြစ်သည်။

အဆိုပါ ကောက်ချက်မှာ နေအိမ်၊ ရုံးခန်း၊ ဘုရားရှိခိုးကျောင်း၊ ဆေးရုံကဲ့သို့ ပိတ်လှောင်သောနေရာတွင် အကန့်အသတ်ရှိသော လေစီးကြောင်းတစ်ခုတည်းကို နာရီပေါင်းများစွာ ရှူရှိုက်နေကြသူအချင်းချင်း၌ ကိုရိုနာရောဂါ ကူးစက်နိုင်ခြေအများဆုံးဖြစ်ခြင်းနှင့်ပတ်သက်၍ ညွှန်ကြားချက်ပေးရန် WHO ၏ ဦးခေါင်းပေါ်ဝန်ထုပ်ဝန်ပိုးအတွက် အဖြေဖြစ်သည်။ ကျန်းမာပုံရသည့် Asymptomatic ဖြစ်နေသူတစ်ဦးသည် ကြီးမားသော ပြဿနာ မရှိပါက လူထုကြားတွင် မျက်နှာဖုံးဝတ်ဆင်ရန်အရေးမကြီး၊ ဝေဒနာဖြစ်လျှက်ရှိသည့် ဖျားနာနေသူများသာ မျက်နှာဖုံးဝတ်ဆင်ရန် လိုအပ်သည်ဟု ဆိုလိုရာရောက်သည်။

ထို့ပြင် မကြာသေးခင်က WHO လမ်းညွှန်ချက်အရ အတိုင်းအတာအားဖြင့် နည်းပါးသော်လည်း အရာဝတ္ထု သို့မဟုတ် မျက်နှာပြင်တစ်ခုခုမှ ကူးစက်နိုင်ခြေနှင့်ပတ်သက်၍လည်း ဖြေရှင်းရာ မရောက်ချေ။

သို့သော် အခြား ကျန်းမာရေးကျွမ်းကျင်သူများအနေဖြင့် WHO ၏ Asymptomatic ဖြစ်နေသူတစ်ဦးထံမှ ကူးစက်ပျံ့နှံ့နိုင်ခြေနည်းသည်ဆိုခြင်းကို လက်ခံနိုင်ခြင်းမရှိချေ။ ဖျားနာ- မအီမသာဖြစ်ချိန်မတိုင်မီ လက္ခဏာ အကြိုကာလတည်းက အခြားသူများအား ကူးစက်စေနိုင်သည်ဟု မှတ်ယူသည်။

ကိုလံဘီယာတက္ကသိုလ်မှကူးစက်ရောဂါဗေဒပညာရှင်စတီဗင်မော်စီက ရောဂါလက္ခဏာမပြပဲနှင့် ကူးစက်သည်ကို သိသိသာသာ တွေ့ရှိရကြောင်း ။ WHO ၏ကိုယ်ပိုင်သုတေသနပြုချက်အရပင်လျှင် စောစောပိုင်း ရောဂါလက္ခဏာမပြသော်လည်း နောက်ဆုံး၌ ဖျားနာခြင်း အမှန်တကယ်ဖြစ်ရသည်ကို သိရှိပြီးဖြစ်ကြောင်း ပြောဆိုသည်။

အချို့သော လေ့လာမှုပုံစံများ၌ ကိုရိုနာရောဂါကူးစက်ခြင်း၏ ၄၀ မှ ၆၀ ရာခိုင်နှုန်းသည် ဗိုင်းရပ်စ်စွဲကပ်သူတစ်ဦး၏ ရောဂါလက္ခဏာမပြသည့်အချိန်ကာလ၌ ဖြစ်ကြောင်း ဟားဗတ်တက္ကသိုလ် ကမ္ဘာ့ကျန်းမာရေး အင်စတီကျုဒ် မှ ဒါရိုက်တာအာရှစ်ဂျားက ၎င်း၏ Twitter စာမျက်နှာ၌ ရေးသားထားသည်။

Asymptomatic ဖြစ်နေသူတစ်ဦးထံမှ ကူးစက်မှု များများစားစား မရှိသော်လည်း၊ လက္ခဏာ အကြိုကာလ၌ ကူးစက်မှုအများအပြားတွေ့ရှိရကြောင်း ၎င်းသို့အချက်အလက်များကို အကိုးအကားပြု၍ ( WHO အနေဖြင့် ) အပြည့်အစုံ ပြောဆိုသင့်ကြောင်း မှတ်ချက်ပေးသည်။

WHO ကမူ ထိုကဲ့သို့ ပြည့်စုံခိုင်မာသည့် အချက်အလက်များ မရရှိသေးကြောင်း ပြောဆိုသည်။

(( ယခု သတင်းရေးချိန်အထိဆိုလျှင် နိုင်ငံတကာ၌ Covid-19 ရောဂါအား နဖူးတွေ့ ဒူးတွေ့ဖြစ်ခဲ့သည်မှာ ၆-လခန့်ရှိပါပြီ။ ကပ်ရောဂါဖြစ်၍ ကမ္လာအရပ်ရပ်၌ SARS-CoV-2 ရောဂါပိုးကူးစက်ခြင်းခံရသူပေါင်း ၇-သန်းကျော် ဖြစ်၍ ရန်ကုန်မြို့တော်စည်ပင်သာယာဧရိယာ လူဦးရေမျှ ရှိနေသည်။ ကာလနာတိုက်၍ အသက်ဆုံးရှုံးရသူ များမှာလည်း ၄-သိန်းကျော်နေချေပြီ။

သို့သော် နိုင်ငံတကာ ကျန်းမာရေးဦးဆောင်အဖွဲ့ကြီးဖြစ်သည့် WHO အနေဖြင့် ရှေ့နောက်မညီ၊ မပြည့်မစုံ အချက်အလက်အတော်များများ ထုတ်ပြန်/လမ်းညွှန်ခဲ့ရာ ယခုဖြစ်စဉ်မှာ ယနေ့တွေ့ရှိရသည့် နောက်ဆုံးတစ်ခုသာဖြစ်သည်။ နောက်ထပ် ဘယ်နှစ်ခုလာဦးမည် မပြောတတ်ချေ။ လောလောဆယ်တွင် WHO အား ကိုးကားလွန်သော နိုင်ငံတကာအစိုးရတို့မှာ ပြည်သူတို့၏ ဆဲရေးခြင်း ခံကြရလေ၏။ ။ သတင်းဘာသာပြန်သူ ))

((( Business insider., June 09, 2020.” WHO says it’s ‘rare’ for asymptomatic people to spread the coronavirus — but public-health experts say the reality is more complicated. By: Hilary Brueck and Aylin Woodward “ ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာ ပြန်ဆိုသည်။ )))

#WHOနှင့်Asymptomaticအငြင်းပွားမှု

https://www.businessinsider.com/who-its-rare-for-asymptomatic-people-to-spread-the-coronavirus-2020-6

https://edition.cnn.com/2020/06/08/health/coronavirus-asymptomatic-spread-who-bn/index.html

https://www.dhakatribune.com/health/coronavirus/2020/06/09/who-asymptomatic-coronavirus-spread-appears-to-be-rare

0

Leave a Reply

Your email address will not be published.