ကြောက်မက်ဖွယ် ကိုရိုနာဗိုင်းရပ်စ်သည် လေတွင်ပျံ့နှံံ့ကြောင်း
တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့အာဏာပိုင်များက အတည်ပြုသည်ဟု Microsoft ၏ msn news က ယနေ့ဖော်ပြသည်။
စနေနေ့ သတင်းထုတ်ပြန်ချက်တွင် 2019 n-CoV ဗိုင်းရပ်စ်မှာ လေမှတစ်ဆင့် ကူးစက်နိုင်ကြောင်းဖော်ပြထားသည်။
ဆိုလိုသည်မှာ ဗိုင်းရပ်စ်ပိုးသည် ၎င်း၏သက်တမ်းရှိသလောက် လေတွင် လွင့်မျောခိုက် ရှူရှိုက်မိသူတို့အား
ရောဂါကူးစက်စေနိုင်သည်ဆို၏။
လေတွင်သယ်ဆောင်၍ ကူးစက်စေသည်ဆိုခြင်းမှာ ဗိုင်းရပ်စ်ပါဝင်သော အမှုန်အမွှားတို့သည် ရှုရှိုက်မိသည့်အခါ
( လူမှ လူအချင်းချင်း ) ရောဂါကူးစက်သည်အထိ လေတွင်လွင့်မျောသည်ကို ဆိုလိုကြောင်း၊ ထိုအတွက်
ပြည်သူလူထုအနေဖြင့် ပိုမိုသတိထားနိုင်ကြပါရန် ပြောလိုကြောင်း ရှန်ဟိုင်းမြို့ပြရေးရာဗြူရို
လက်ထောက်ဦးစီး ဇန်ခူး က China Daily သို့ရှင်းပြသည်။
တရုတ်အစိုးရ ပြည်သူလူထုတို့အနေဖြင့် လူအများအပြားပါဝင်သည့် တွေ့ဆုံခြင်းမျိုးကို ရှောင်ကျဉ်ပြီး
လူမှု ရေးလှုပ်ရှားမှု့များကို ရပ်ဆိုင်းကြရန် တိုက်တွန်းထားသည်။
လေတွင်ပျံံ့နှံ့သော ရောဂါဖြစ်သည်ဟု ယခုတွေ့ရှိချက်မှာ ကိုရိုနာဗိုင်းရပ်စ်အနေဖြင့်
နည်းလမ်း ၃-မျိုးဖြင့် ကူးစက်နိုင်သည်ဟု ဆိုလိုရာရောက်သည်။ အနီးရှိ ရောဂါကူးစက်နေသူ၏
နှာချေ-ချောင်းဆိုးသည်ကို ရှူရှိုက်မိရာမှ တိုက်ရိုက်ရောဂါကူးစက်ခြင်း၊ ရောဂါပိုးကပ်ငြိနေသည့်
မျက်နှာပြင်-အရာဝတ္ထုတို့ကို ထိတွေ့ကိုင်တွယ်ပြီးနောက် မိမိ၏ ပါးစပ်၊ မျက်စိနှင့် နှာခေါင်းတို့ကို
ပွတ်သပ်ခြင်းဖြင့် ဗိုင်းရပ်စ်ကူးစက်ခြင်းတို့ဖြစ်သည်။
လွန်ခဲ့သည့် ဒီဇင်ဘာတွင် တရုတ်နိုင်ငံ ဟူဘေးပြည်နယ် ဝူဟန်မြို့တွင် ကိုရိုနာဗိုင်းရပ်စ်
ရုတ်တရက် ကူးစက်မှုဖြစ်ပွားသည်။ အရှင်လတ်လတ်သတ်ဖြတ်ရောင်းချသည့် ဈေးတန်းမှ စတင်သောရောဂါကြောင့်
ဖျားနာခြင်း၊ ချောင်းဆိုးခြင်းနှင့် အသက်ရှူရန်ခက်ခဲခြင်းဝေဒနာများခံစားရပြီး ပြင်းထန်လျှင်
နမိုးနီးယားအဆုပ်ရောင်ရောဂါ နှင့် ခန္ဓာကိုယ်တွင်းအင်္ဂါများ ပျက်စီးစေသည်။
2019 n-CoV အမည်ရှိ ဗိုင်းရပ်စ်ပိုးသစ်မှာ နိုင်ငံတကာတွင် လူပေါင်း ၃၇,၀၀၀ ကူးစက်လျှက်ရှိပြီး
သေဆုံးသူ ၈၀၀ ကျော်လာပြီဖြစ်သည်။ တရုတ်နိုင်ငံတွင် အများစုနှင့် တရုတ်ပြင်ပတွင် ဟောင်ကောင်၊
ဖိလစ်ပိုင်တို့၌ ၁-ဦးစီ သေဆုံးသည်။
(( ဗိုင်းရပ်စ်ဟု သိမ်းကြုံးခေါ်ဆိုကြသော ရောဂါပိုးတို့သည် ကူးစက်ပုံခြင်း မတူကြပါ။
HIV ဗိုင်းရပ်စ်သည် အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်း၊ တက်တူးထိုးခြင်း၊ မသန့်ရှင်းသော ဆေးထိုးအပ်တို့မှ
ကူးစက်ပြီး၊ ပွေ့ဖက်ခြင်း၊ မျက်နှာသုတ်ပုဝါတစ်ခုတည်း၊ ရေတစ်ခွက်တည်းအတူ သုံးခြင်း-သောက်ခြင်းမှ
ကူးစက်နိုင်ခြင်းမရှိပါ။
ဗိုင်းရပ်အချို့မှာ လေထုမှတဆင့် ကူးစက်သည်။ ( ဥပမာ-အအေးမိနှာစေးရောဂါ )။ ဗိုင်းရပ်စ်အချို့
သည် လူ့ဆဲလ်အတွင်း၌သာ ရှင်သန်နိုင်ပြီး သာမန်သဘာ၀ အလင်းရောင်ထိတွေ့သည်နှင့် ပျက်စီးသွားတတ်သည်လည်းရှိသည်။
အချို့ ဗိုင်းရပ်စ်တို့မှမူ ပွက်ပွက်ဆူနေသော ရေတွင် မိနစ် ၂၀ မျှ တောက်လျှောက် အပူပေးပြုတ်သည်ကို
ခံနိုင်ရည်ရှိကြောင်း တွေ့ရသည်။
တိရိစ္ဆာန်အချို့တွင်ရှိသော ဗိုင်းရပ်စ်အချို့သည် သက်ဆိုင်ရာတိရိစ္ဆာန်တွင် မည်သို့မျှမဖြစ်သော်လည်း၊
လူကို ကူးစက်သည့်အခါ ရောဂါဖြစ်စေသည်။ သက်ရှိသတ္တဝါတို့၏ အင်္ဂါအစိတ်အပိုင်းများရှိ ရှင်သန်နေသော
ဆဲလ်များတွင် ပျော်မွေ့သော ဗိုင်းရပ်စ်သည် အသွင်ပြောင်းနိုင်သည်။
ထို့ကြောင့် မိမိကိုယ်ခံစွမ်းအား မြင့်တက်နေစေရန် ဂရုစိုက်ပါ။ သတင်းတု- ဆေးမြီးတိုများကို
ရှောင်ကျဉ်၍ သက်ဆိုင်ရာ ကျန်းမာရေးဋ္ဌာန- ကျွမ်းကျင်ပညာရှင်များ၏ ညွှန်ကြားချက်တို့ကိုသာ
လိုက်နာပါ။ ။ သတင်းဘာသာပြန်သူ ))
((( msn., Feb. 10 2020, “ China confirms coronavirus is airborne” ကို #
HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ )))
#ကိုရိုနာဗိုင်းရပ်စ်လေတွင်ပျံ့နှံ့
https://www.msn.com/en-au/news/world/china-confirms-coronavirus-is-airborne/ar-BBZOXg2?fbclid=IwAR2bUrHxhqaepJVOuP_Xguyp4H80GPXgXeianfuuYS5zvWCo3skLSutWbNA

ကိုရိုနာဗိုင်းရပ်စ်သည် လေတွင် ပျံ့နှံ့သည်ဟု တရုတ်အာဏာပိုင်တို့ အတည်ပြူ။
0