Covid-19 ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရောဂါကူးစက်မှု ဗဟိုချက်မဖြစ်ရာ တရုတ်နိုင်ငံ ဟူဘေးပြည်နယ်တွင် လွန်ခဲ့သည့် စနေနေ့တစ်ရက်တာအတွင်း ဗိုင်းရပ်စ်ကူးစက်ခံရကြောင်း အတည်ပြုနိုင်သူ ၁,၈၄၃-ဦးသို့ ကျဆင်းသွားကြောင်း South China Morning Post က ယနေ့ရေးသားသည်။
လွန်ခဲ့သည့် ဒီဇင်ဘာလ ဟူဘေးပြည်နယ် ဝူဟန်မြို့ ပင်လယ်စာဈေးတန်းမှ စတင်ကူးစက်သည်ဟု ထင်မှတ်ရသော ကိုရိုနာဗိုင်းရပ်စ်ကြောင့် ယနေ့နံနက်ပိုင်းတွင် သေဆုံးသူ ၁၄၂-ဦး တိုးလာသဖြင့် ( ပြင်သစ်၊ ဂျပန် ဟောင်ကောင်နှင့် ဖိလစ်ပိုင်မှ ၁-ဦးစီ အပါအဝင် ) နိုင်ငံတကာ၌ လူပေါင်း ၁,၆၆၉-ဦးသေဆုံးခဲ့ပြီးဖြစ်သည်။
ကမ္ဘ္ဘာတစ်ဝှမ်း၌ ဗိုင်းရပ်စ်ကူးစက်ခံရသူ ၆၉,၁၈၃-ဦးရှိပြီး၊ ကုသပျောက်ကင်းသူ ၉,၅၂၁-ဦးရှိကြောင်း အချိန်နှင့်တစ်ပြေးညီစစ်တမ်းကောက် ယူလျှက်ရှိသည့် Johns Hopkins’ Coronavirus COVID-19 Global Cases အရ သိရှိရသည်။
ယမန်နေ့တွင် ပြင်သစ်နိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ်ဖြင့် လူ ၁-ဦးသေဆုံးခြင်းမှာ အာရှတိုက်၏ အပြင်ဖက်တွင် ပထမဆုံးဖြစ်သည်ဟု BBC က ယနေ့ဖော်ပြသည်။
အသက် ၈၀-အရွယ် ဟူဘေးပြည်နယ်နေ တရုတ်အမျိုးသားခရီးသွားသည် ပြင်သစ်နိုင်ငံသို့ ဇန်နဝါရီ ၁၆-ရက် နေ့တွင် ရောက်ရှိလာပြီး၊ ကွာရန်တင်း ရောဂါခြေချုပ်ဖြင့် ထိန်းသိမ်းစောင့်ကြည့်ခြင်းခံရကာ ဇန်နဝါရီ ၂၅-ရက်နေ့တွင် ပါရီဆေးရုံ၌ ဆေးဝါးကုသမှုခံယူနေသူဖြစ်သည်ဆို၏။
ကိုရိုနာဗိုင်းရပ်စ်ဖြင့် ဖျားနာသေဆုံးမှုများကြောင့် တရုတ်နိုင်ငံနေထိုင်သူ သန်းပေါင်းများစွာတို့မှာ ၎င်းတို့မြို့ ရွာနေအိမ်များ၌ ကွာရန်တင်း ရောဂါခြေချုပ် ကန့်သတ်ခြင်းခံနေရစဉ်၊ ငွေစက္ကူဟောင်း ယွမ်ငွေ ၆၀၀ ဘီလျံ ( အမေရိကန်ဒေါ်လာ ၈၅.၉ သန်း ) ခန့်ကို ပိုးသန့်စင်ရန် ကွာရန်တင်း ချမှတ်မည်ဖြစ်ကြောင်း တရုတ်ပြည်သူ့ဗဟိုဘဏ် လက်ထောက်အုပ်ချုပ်ရေးမှူးက ပြောဆိုကြောင်း Bloomberg က ယမန်နေ့ ရေးသားသည်။
ဟူဘေးပြည်နယ်နှင် ဗိုင်းရပ်စ်ကူးစက်မှု့ဖြစ်ပွားရာပြည်နယ်မြို့များရှိ ငွေစက္ကူများကို ၁၄-ရက်ကြာ အလုံပိတ်၍ ခရမ်းလွန်ရောင်ခြည် သို့မဟုတ် အပူဖြင့် ရောဂါပိုးသတ်မည်ဖြစ်ပြီး ကူးစက်ဖျားနာမှုနည်းပါးသည့် အခြားပြည်နယ်များတွင် ဆေးရုံနှင့် စားသောက်ဈေးတန်းမှ ငွေစက္ကူများကို ၁-ပတ်ကြာ အလားတူ ဆောင်ရွက်ပြီးမှ ပြန်လည်ထုတ်ဝေမည်ဖြစ်ကြောင်း သိရှိရသည်။
အရင်းအမြစ်သေချာစွာမသိရသေးသော ဗိုင်းရပ်စ်ပိုးမွှားနှင့်ပတ်သက်၍ သတင်းများထွက်ပေါ်လျှက်ရှိစဉ် တရုတ်ကွန်မြူနစ်ပါတီ ထိပ်တန်းခေါင်းဆောင်များ ပေါ်လစ်ဗြူရိုအစည်းအဝေး၌ ရောဂါပိုးအကာနှာခေါင်းစည်း စည်းလျှက် သမ္မတရှီကျင့်ဖျင်ကိုတွေ့ရကြောင်း SCMO ၏ ယနေ့ထုတ်ဝေသော အခြားသတင်း၌ တွေ့ရသည်။ စနေနေ့ထုတ်ပြန်သော အဆိုပါသတင်းဓါတ်ပုံမှာ လက်ရှိကိုရိုနာဗိုင်းရပ်စ်အနေဖြင့် လူလူချင်းကူးစက်နိုင်ကြောင်း တရုတ်အာဏာပိုင်များက ဝန်ခံခြင်းမပြုမီ ၂-ပတ်ခန့်အလို၌ဖြစ်သည်။
ရောဂါကူးစက်ပျံ့နှံ့လျှက်ရှိသော တရုတ်နိုင်ငံအတွင်း ကမ္ဘ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ၏ ကြားဝင်အကူအညီပေးရေးတွင် တရုတ်နှင့် အမေရိကန်အကြား နိုင်ငံရေးအရ မယုံကြည်နိုင်ကြောင်း ထင်ရှားစွာတွေ့မြင်ရသည်ဟု SCMP က ယနေ့ရေးသားသည်။ လွန်ခဲ့သည့် ဇန်နဝါရီလစောစောပိုင်းကတည်းကပင် WHO အဖွဲ့ဝင်များအဖြစ် အမေရိကန်ကျွမ်းကျင်သူများအား တရုတ်သို့ စေလွှတ်လိုကြောင်း ကမ်းလှမ်းချက်ကို အခြားသော နိုင်ငံတကာ အကူအညီများကို လက်မခံရသေးကြောင်း ရှီကျင့်ဖျင်က ဆင်ခြေပေးအကြောင်းပြခဲ့သည်။ အကူအညီပေးသည်ကို လက်ခံရန် ကြာသပတေးနေတရုတ်နိုင်ငံက အတည်ပြုသော WHO ကျွမ်းကျင်ပညာရှင် ၂၅ ဦးအဖွဲ့တွင် အမေရိကန် ၁၃-ဦးတို့၏ အမည်ပါဝင်ခြင်းမရှိကြောင်း သိရှိရသည်။
ကိုရိုနာဗိုင်းရပ်နှင့် ပတ်သက်၍ တရုတ်နိုင်ငံက သတင်းထုတ်ပြန်သည့် သေဆုံး-ဖျားနာဦးရေကို အမေရိကန်က မယုံကြည်နိုင်ကြောင်း အမေရိကန်အစိုးရအရာရှိများက ပြောဆိုသည်ဟု ယမန်နေ့ CNBC က ရေးသားသည်ကို တွေ့ရှိရသည်။
အလားတူပင် တရုတ်နိုင်ငံ၏ကိုရိုနာဗိုင်းရပ်စ်အခြေအနေနှင့်ပတ်သက်၍ ရှီကျင့်ဖျင်အစိုးရက လိမ်လည်လျှက် ရှိကြောင်း၊ ရှီကျင့်ဖျင်၏ ကိုရိုနာဗိုင်းရပ်စ်ထိန်းချုပ်ပုံလမ်းမှားအတိုင်း ဥရောပနိုင်ငံများက “ အတူလိုက်ပါ မရူးသွပ်သင့်” ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပေယိုနှင့်၊ ကာကွယ်ရေးဝန်ကြီး မတ်ခ်အက်စ်ပါတို့က ဂျာမနီနိုင်ငံ မြူးနစ်မြို့ လုံခြုံရေးဆိုင်ရာကွန်ဖရင့်၌ အလေးအနက်ပြောကြားသည်ဟု SCMP က ယမန်နေ့ ရေးသားသည်။
#ကိုရိုနာဗိုင်းရပ်စ် #တရုတ်ငွေစက္ကူဟောင်းများကွာရန်တင်း
https://www.bbc.com/news/world-europe-51514837