ကိုရိုနာဗိုင်းရပ်စ်နှင့် ယနေ့သတင်းများ

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ဖျားနာသေဆုံးမှု ဗဟိုချက်သဖွယ်ဖြစ်နေသော တရုတ်နိုင်ငံ ဟူဘေးပြည်နယ်တွင် ယမန်နေ့ ညသန်းကောင်အထိ ၂၄-နာရီအတွင်း ဗိုင်းရပ်စ်ကူးစက်ခံရကြောင်း အတည်ပြုနိုင်သူ ၁,၆၉၃-ဦး၊ ကုသပျောက်ကင်းသူ ၁,၈၂၄-ဦး ရှိသဖြင့် ရောဂါကူးစက်မှု့ထိန်းချုပ်နိုင်ကြောင်း ပထမဆုံးအကြိမ် သတင်းကောင်း ဖြစ်သည်။ သို့သော် တရုတ်ကျန်းမာရေးအာဏာပိုင်များ၏ သတင်းထုတ်ပြန်ချက်အရ တရုတ်တစ်နိုင်ငံလုံး တစ်ရက်အတွင်း သေဆုံး ၁၃၆-ဦး- ကူးစက် ၁,၇၄၉-ဦးရှိနေသဖြင့် ကိုရိုနာဗိုင်းရပ်စ်မှာ ဆက်လက် ထိုးနှက်နေဆဲဖြစ်သည်ဟု ဆိုနိုင်ကြောင်း၊ ယခုထိ တရုတ်ပြည်တစ်ဝှမ်း သေဆုံး ၂,၀၀၄-ဦး၊ ကူးစက် ၇၄,၁၈၅-ဦး ရှိနေပြီဖြစ်သည်ဟု South China Morning Post က ယနေ့ရေးသားသည်။

ဗုဒ္ဓဟူးနေ့နံနက် ဟောင်ကောင်တွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ အသက် ၇၀-အရွယ် အမျိုးသားကြီးတစ်ဦး သေဆုံးသဖြင့် ပြည်မကြီး အပြင်ဖက် ဟောင်ကောင်တွင် ဇန်နဝါရီလလည်မှစ၍ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဒုတိယမြောက် သေဆုံးသူဖြစ်လာသည်။ ရှိတ်လီ(၂) အဆောက်အအုံတွင် တစ်ဦးတည်းနေထိုင်သူ အဆိုပါအမျိုးသားကြီးမှာ ဖေဖော်ဝါရီ ၂-ရက်နေ့တွင် ဖျားနာ လဲကျလျှက်တွေ့ရှိရခြင်းကြောင့် ဆေးရုံတင်ကုသပေးနေရသူ ဖြစ်သည်။ ၁၀-ရက်အကြာတွင် ကိုရိုနာဗိုင်းရပ်စ်စွဲကပ်လျှက်ရှိကြောင်း အတည်ပြုနိုင်ခဲ့သည်။ သို့သော် သေဆုံးချိန် တွေ့ရှိရသည့် ရောဂါလက္ခဏာမှာ ဆီးချိုနှင့် ကျောက်ကပ်ရောဂါကြောင့်ဖြစ်သည်ဆို၏။

COVID-19 ဗိုင်းရပ်စ်မှာ တရုပ်နိုင်ငံတွင် လူ ၂,၀၀၀ ကျော်သေဆုံးပြီး အမေရိကန်-မလေးရှား-အီဂျစ်နှင့် ကနေဒါ အပါအဝင် အနည်းဆုံး ၂၅-နိုင်ငံ၌ ရောဂါကူးစက်ပျံ့နှံ့လျှက်ရှိသည်။ ဈေးကွက်အားခြောက်လှန့်၍ အလုပ်အကိုင်များထိခိုက်ပြီး ခရီးသည်တင် သင်္ဘောလိုင်းများ အထိနာလျှက်ရှိသည်။ ရောဂါကူးစက်မှု ကာကွယ်ရန် နိုင်ငံနှင့် မြို့များစွာတို့တွင် ခရီးသွားလာခြင်းကိုတားမြစ်ပြီး၊ ယခင်က မကြုံဖူးသော #ကွာရန်တင်း #ရောဂါခြေချုပ် ချထားရသည်အထိ ဖြစ်ပေါ်နေသည်။ သို့သော်လည်း ကမ္ဘ္ဘာအနှံ့ လူသန်းပေါင်းများစွာ သေဆုံးနိုင်သည့် ကူးစက်ကပ်ရောဂါဖြစ်ကြောင်း သိရှိနိုင် အချက် ၂- ချက်လိုအပ်နေသေးကြောင်း Vox က ယနေ့ရေးသားပါသည်။ (

၁ ) COVID-19 မှာ လူလူချင်း အလွယ်တကူကူးစက်ရန် ဘယ်တော့-ဘာတွေ လိုအပ်သနည်း။ ( ၂ ) ဗိုင်းရပ်စ်၏ ပြင်းထန်ပုံ အတိုင်းအတာ .. တို့ဖြစ်သည်။ တိကျသော ကုသဆေးနှင့် ကာကွယ်ဆေး မတွေသေးမီ ကျွန်ုပ်တို့အတွက် ချက်ချင်းလက်ငင်း သိမှဖြစ်မည့် ကိစ္စအတွက် သိပ္ပံပညာရှင်တို့က တိကျသော အဖြေပေးရန်မှာ ရက်သတ္တပတ်မှ လချီကြာမြင့်မည့်ပုံ ပေါ်နေသည်။

Vox က စုဆောင်းဖော်ပြသည့် ကိန်းဂဏန်းများအရ ၂၀၀၂-၂၀၀၃ SARS ရောဂါ၏ လူသေဆုံးနှုန်းမှာ ၉.၆ % ရှိသည်။ COVID-19 မှာ ၁.၄ မှ ၃.၃ % သာရှိသဖြင့် နှစ်စဉ် ရာသီချိန်တုတ်ကွေး လူသေဆုံးနှုန်း သာသာရှိသည်ဟု ဆိုရပါမည်။ COVID-19 ၏ လူသေဆုံးနိုင်ခြေမှာ နှစ်စဉ်ရာသီချိန်တုတ်ကွေးနှင့် ရှားပါးသော ဇီကာဗိုင်းရပ်စ်ရောဂါမျှသာ ရှိသည်။ သို့သော် ၉.၆% သေဆုံးနိုင်သော SARS ထက် ကူးစက်ရန် အဆ ၂၀ ပိုမို လွယ်ကူသည်။ ကူးစက်ခံရသူများလျှင် သေဆုံးဦးရေများနိုင်၍ ရောဂါကာကွယ်တားဆီးရန်မှာ အရေးကြီးဆုံးဖြစ်သည် အသက် ၆၀ နှင့် ၈၀ အထက်တွင် သေဆုံးနိုင်ခြေ ပို၍များသည်။

ဂျပန်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့နှုန်းကို ပညာရှင်များက စိုးရိမ်လျှက်ရှိစဉ် Diamond Princess ခရီးသည်တင်သင်္ဘောမှ ရောဂါခြေချုပ်ချခံရသူ ပထမဆုံးခရီးသည်များမှာ ၁၄-ရက် ပြည့်မြောက်သဖြင့် သင်္ဘောမှ ထွက်ခွာပြီး ဆိပ်ကမ်းတွင် ဆက်လက်ဆေးကုသမည်ဖြစ်သည်။ တိုကျိုပင်လယ်အော်၌ ရပ်နားထားသည့် အဆိုပါသင်္ဘောတွင် ဗိုင်းရပ်စ်ဆက်နွယ်မှု့ပေါင်း ၅၄၅-ဦး တွေ့ရှိရပြီး ဂျပန်နိုင်ငံ၏ ဗိုင်းရပ်စ်ကူးစက် အတည်ပြုနိုင်သူမှာ ၆၁၃-ဦးဖြင့် တရုတ်ပြည်မကြီး အပြင်ဖက်တွင် အများဆုံးဖြစ်ကြောင်း CNN က ယနေ့ရေးသားသည်။ ဂျပန်တွင် ကိုရိုနာဗိုင်းရပ်စ်ကို HIV ဆေးဝါးများဖြင့် စတင်ကုသ၍ ရလာဒ်ကို လေ့လာရန် အစီအစဉ် စတင်လိုက်ကြောင်း Reuters က ဖော်ပြသည်။

တရုတ်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကုသရာ၌ ပလပ်စမာ သွေးရည်ကုထုံးကို အခြားသောပြည်နယ်များ၌ပါ တိုးချဲ့ကုသမည်ဟု သိရှိရသည်။ ရောဂါဗဟိုချက် ဟူဘေးပြည်နယ်တွင် လူနာအချို့အား ကုသပေးခဲ့သော အဆိုပါကုထုံးကို ကွမ်းတုံပြည်နယ်၌ပါ ကုသမည်ဖြစ်ကြောင်း SCMP ၏ ယနေ့အခြားသတင်းတစ်ရပ်တွင် ဖော်ပြသည်။

(( COVID-19 သည် ဇီဝလက်နက်ဖြစ်သည်ဟု မည်သည့်အတည်ပြုချက်မျှ မတွေ့ရသေးပါ။ ဗိုင်းရပ်စ်-ဘက်တီးရီးယားအပါအဝင် သက်ရှိတို့ အဆင့်ဆင့်ပြောင်းလဲရာတွင် အဓိကသတ်မှတ်ချက်များရှိနေပါသည်။ ကမ္ဘာဦးအစ Amoeba ကဲ့သို့ ဆဲလ်ထီးတည်း သတ္တဝါမှ ယနေ့နို့တိုက်သတ္တဝါများဖြစ်လာသည်အထိ အဆင့်ဆင့်ရှိနေပြီး ကျော်လွှားသွားခြင်းမရှိပါ။

ကျွန်တော့်အနေဖြင့်မူ COVID-19 ကို ဇီဝလက်နက်ဗိုင်းရပ်စ်ဖြစ်သော် ကောင်းလေစွဟု ထင်မှတ်ပါသည်။ ဇီဝလက်နက်ဖြစ်ရန် ဓါတ်ခွဲခန်းတွင်ဖန်တီးမှ ရပါသည်။ ဓါတ်ခွဲခန်းမှ မွေးထုတ်သော ဗိုင်းရပ်စ်နှင့် သဘာဝအ လျှောက် အဆင့်ဆင့်ဗီဇပြောင်းလာသော ဗိုင်းရပ်စ်မှာ ဖန်ပြွန်သန္ဓေသားနှင့် မိခင်က ဝမ်းနှင့်လွယ်သော သန္ဓေသားကဲ့သို့ ခုခံအားချင်း အဆမတန်ကွာခြား၍ ဖြစ်ပါသည်။

ကျွန်တော် စာတိုင်းတွင် ခြောက်လှန့်ရာရောက် သည့် အကြောင်းအရာများကို အတတ်နိုင်ဆုံး ရှောင်ကျဉ်သည့်တိုင် ပြည့်စုံအောင် ဖော်ပြရသည်ဖြစ်၍ ကောင်း-ဆိုး ၂-မျိုးလုံး ရောနှောနေပါမည်။ အွန်လိုင်းစာဖတ်သူများမှာ မြန်မာစာ ရေးတတ်-ဖတ်တတ်မှ ပါမောက္ခအထိရှိနေပါသည်။ စာတစ်ပုဒ်ကို ဖတ်ပြီးလျှင် သူ့အတိုင်းအတာနှင့်သူ ရရှိသွားကြပါမည်။ ထို့ကြောင့် လိုရာစာသားများချည့်ကွက်၍ ကော်ပီကူး-ရှယ်ခြင်းမျိုးမဖြစ်စေပဲ စာတစ်ပုဒ်လုံးကို Credit ပေး၍ မည်သူမဆို-မည်သည့်နည်းနှင့် ဖြစ်စေ ရှယ်နိုင်ပါသည်။

Credit ပေးခြင်းဖြင့် ကျွန် တော်၏ ကြိုးစားမှု့နှင့် စေတနာကို အသိအမှတ်ပြုစေလိုပါသည်။ ။ သတင်းဘာသာပြန်သူ ))

By: #HtayOung, #OungMarine

https://www.scmp.com/news/china/society/article/3051250/coronavirus-mainland-death-toll-hits-2000-132-more-fatalities

https://www.scmp.com/news/hong-kong/health-environment/article/3051312/second-hongkonger-dies-after-becoming-infected

https://www.sciencedirect.com/science/article/abs/pii/S0277953606004060?via%3Dihub

https://www.vox.com/2020/2/18/21142009/coronavirus-covid19-china-wuhan-deaths-pandemic

https://edition.cnn.com/2020/02/18/asia/japan-health-guidelines-coronavirus-hnk-intl/index.html

https://www.reuters.com/article/us-china-health-japan-canada/japan-plans-hiv-drug-trials-to-fight-coronavirus-as-diamond-princess-cases-rise-idUSKBN20C02C

https://www.scmp.com/news/china/society/article/3051223/china-expand-plasma-treatments-coronavirus-patients

0

Leave a Reply

Your email address will not be published.