ကိုရိုနာဗိုင်းရပ်စ် တရုတ်တစ်နိုင်ငံတည်း၌ နောက်ထပ်သေဆုံးသူ ၈၆-ဦးသို့ ပြန်လည်မြင့်တက်လာ။ ကွန်မြူနစ်ပါတီ အကြီးတန်းကေဒါများ ဝူဟန်သို့ ရောက်ရှိ။ တရုတ်ကူးစက်သူများ၏ ၈၂ ရာခိုင်နှုန်းမှာ ဗိုင်းရပ်စ်အင်အားပြင်းထန်မှုတွင် ပျော့ပြောင်းဟန်ရှိဟုဆို

ရောဂါကူးစက်ပြန့်ပွားပြီး လူအများသေဆုံးလျှက်ရှိခြင်းကြောင့် တရုတ်အစိုးရအနေဖြင့် ဗျာများလျှက်ရှိစဉ် တရုတ်နိုင်ငံပြင်ပတွင် ၂၄-နာရီအတွင်း လူပေါင်း ၂၇၀ ကျော် ဗိုင်းရပ်စ်ကူးစက်ခံရကြောင်း အတည်ပြုနိုင်ခဲ့သည်။ တရုတ်တစ်နိုင်ငံတည်း၌ ၁-ရက်အတွင်း ရောဂါကူးစက်ခံရသူ ယမန်နေ့ ၃,၁၄၃-ဦးမှ ယနေ့ ၃,၃၃၉-ဦး သို့ ပြန်လည်မြင့်တက်လာကြောင်း၊ နောက်ထပ်သေဆုံးသူ အရေအတွက်မှာလည်း ယမန်နေ့ ၇၃-ဦးမှ ယနေ့ ၈၆-ဦးသို့ တိုးမြင့်လာသည်ကို တွေ့ရသည်။ ယနေ့နံနက် ဒေသစံတော်ချိန် ၈ နာရီအထိ စုစုပေါင်း သေဆုံးသူဦးရေမှာ ( တရုတ် – ၇၂၂-ဦး၊ ဖိလစ်ပိုင်-၁၊ ဟောင်ကောင်-၁၊ ) ၇၂၄- ဦး ရှိသည်ဟု South China Morning Posts က ယနေ့ရေးသားသည်။

သေဆုံးဦးရေ ပြန်လည်တိုးမြင့်လာခြင်းကြောင့် ဒေါသဖြစ်လျှက်ရှိသော တရုတ်အစိုးရသည် ကွန်မြူနစ်ပါတီ အကြီးတန်းကေဒါများအား ဝူဟန်သို့ စေလွှတ်လိုက်ကြောင်း၊ ဝူဟန်နှင့်တကွ ဟူဘေးပြည်နယ်တွင် လတ်တလောလိုအပ်နေသည်မှာ ကျန်းမာရေးလုပ်သားများသာမက၊ ရုပ်ဝတ္တုပစ္စည်းများလည်းပါဝင်ကြောင်း၊ ရောဂါအား လျှင်မြန်တိကျစွာ သုံးသပ်အဆုံးအဖြတ်ပေးနိုင်သူများ လိုအပ်လျှက်ရှိသည်ဟု SCMP ၏ အခြားသတင်းတစ်ပုဒ်တွင်ဖော်ပြသည်။

ယနေ့နံနက် လူသေဆုံးမှုများမှာ တရုတ်နိုင်ငံ၌သာဖြစ်ပွားသည်ကိုတွေ့ရပြီး သေဆုံးသူ ၈၆-ဦးတွင် ၈၁ – ဦးမှာ ဟူဘေး ပြည်နယ်၊ ကျန် ၅-ဦးမှာ အခြားပြည်နယ်များမှဖြစ်သည်။ တရုတ်နိုင်ငံတစ်ဝှမ်း ဗိုင်းရပ်စ်ကူးစက်ဖျားနာနေသူ ၃၄,၅၄၆ ဦးရှိနေပြီး၊ တရုတ်နှင့် နိုင်ငံတကာတွင် ဗိုင်းရပ်စွဲကပ်သူ ၃၄,၈၃၁ – ဦး။ ရောဂါကုသ ပျောက်ကင်းသူ ၂,၀၂၉ – ဦး ရှိကြောင်းအချိန်နှင့်တစ်ပြေးညီစစ်တမ်းကောက်ယူလျှက်ရှိသည့် Johns Hopkins’ Corona Virus 2019 n-CoV Global Cases အရ သိရှိရသည်။

ကြာသပတေးနေ့ WHO က ပြောကြားရာတွင်မူ တရုတ်နိုင်ငံအတွင်း ဗိုင်းရပ်စ်ကူးစက်မှုသည် စတင်ဖြစ်ပွားချိန်မှ အမြင့်ဆုံးနှုန်းသို့ရောက်ရှိပြီဟု ကြေညာခြင်းမှာ စောလွန်းနေသေးကြောင်းဖော်ပြသည်။ တရုပ်နိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရခြင်း၏ ၈၂ ရာခိုင်နှုန်းသည် ဗိုင်းရပ်စ်အင်အားပြင်းထန်မှုတွင် ပျော့ပြောင်းဟန်ရှိပြီး၊ ကူးစက်ခံရသူများ၏ ၂ သို့မဟုတ် ၂ ရာခိုင်နှုန်းအောက်သာ အဖိတ်အစင်ရှိနိုင်ကြောင်း နိုင်ငံတကာကျွမ်းကျင်သူများက ခန့်မှန်းထားသည်။ WHO အနေဖြင့် serologic assays သွေးခဲရည်ကြည်ဓါတ်ခွဲစမ်းသပ်အဖြေများ ပိုမိုရရှိရန် မျှော်လင့်နေပြီး၊ အခြားနိုင်ငံများသို့ ကုသမှုနည်းနာများ အကြံပြုနိုင်လိမ့်မည်ဟု ယုံကြည်သည်။

ယမန်နေ့စင်္ကာပူနိုင်ငံတွင်မူ ဗိုင်းရပ်စ်ကူးစက်ခံရကြောင်း အတည်ပြုနိုင်သူများအနက် ၃-ဦးမှာ တရုတ်နိုင်ငံသို့ ခရီးသွားဖူးခြင်းလည်းမရှိ၊ ဗိုင်းရပ်စ်သံသယရှိသူနှင့် ထိတွေ ဆက်ဆံခဲ့ဖူးခြင်းလည်း မရှိသူများဖြစ်နေသည်။

ထိုအတွက် တရုတ်နိုင်ငံပြင်ပတွင် ဗိုင်းရပ်စ်ကူးစက်ခံရသူအရေအတွက် အများဆုံးဖြစ်နေသော စင်္ကာပူမှာ “ လူ့အဖွဲ့အစည်းအတွင်း ကူးစက်ရောဂါသစ် အစုအဝေး ကျရောက်နိုင်ခြေရှိခြင်းကြောင့် ပြင်ဆင်မှု့အခြေအနေ “ သတိပေးချက် လိမ္မော်ရောင်အဆင့်ကို ထုတ်ပြန်ခဲ့ရသည်။

ဗိုင်းရပ်စ်ကူးစက်ခံထားရသော်လည်း ရောဂါလက္ခဏာမပြပဲ အခြားသူများထံ ထပ်ဆင့်ကူးစက်ခဲ့ခြင်း ဟုတ်- မဟုတ်နှင့်၊ မည်သည့်အတွက် ဗိုင်းရပ်စ်ကူးစက်ခံရသည်ကို စင်္ကာပူ ကျန်းမာရေးဝန်ကြီးဌာနက အဖြေရှာ လျှက်ရှိသည်။

((( South China Morning Post., 8 Feb, 2020,” Coronavirus: 86 new deaths and 3,399 confirmed new cases reported in China.” ကို ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ အကြောင်းအရာတူ ဖော်ပြချက်များမှာ ပေးထားပါ Links များအတိုင်းဖြစ်သည်။ )))

#ကိုရိုနာဗိုင်းရပ်စ်

https://www.scmp.com/news/china/society/article/3049614/coronavirus-chinese-data-shows-80-cent-cases-are-deemed-mild-who

https://www.wsj.com/articles/u-s-plans-last-flights-from-wuhan-as-china-logs-deadliest-day-for-coronavirus-11580990006

https://www.scmp.com/news/china/article/3049601/coronavirus-recovery-rates-promising-infectious-disease-expert-says

https://gisanddata.maps.arcgis.com/apps/opsdashboard/index.html?fbclid=IwAR3VBgn3G8WIprXwWJ5555JkQsuAkbfOUNSi3O3N77VrCHLjOYJ7xBtDsuY#/bda7594740fd40299423467b48e9ecf6

0

Leave a Reply

Your email address will not be published.