ကူးစက်ကပ်ရောဂါကျရောက်လျှက်ရှိသော ဘင်္ဂလားဒက်ရှ်၏ ကိုရိုနာဗိုင်းရပ်စ်မျိုးရိုးဗီဇပြောင်းလဲမှုမှာ အခြားနိုင်ငံအားလုံးထက် လျှင်မြန်လျှက်ရှိ။ နိုင်ငံတကာတွင် ၇.၂၃ နှုန်းသာရှိပြီး ဘင်္ဂလားဒက်ရှ်တွင် ၁၂.၆ နှုန်းဖြင့် ဗီဇပြောင်းလဲဟု ဆို။ ကူးစက်မှု့ ၁၀-ဆလျှင်မြန်သည်ဆိုသော G614 ၏ မူကွဲဖြစ်တည်မှုကို ရာနှုန်းပြည့် လေ့လာခဲ့

ကူးစက်ကပ်ရောဂါ ကျရောက်လျှက်ရှိသော ဘင်္ဂလားဒက်ရှ်နိုင်ငံတွင် Covid-19 ရောဂါဖြစ်ပွားစေသည့် SARS-CoV-2 ကိုရိုနာဗိုင်းရပ်စ်သစ်၏ ဗီဇပြောင်းလဲခြင်း ဂျီနုမ်းအစီအစဉ်နှုန်းမှာ အခြားနိုင်ငံများနှင့် နှိုင်းယှဉ်လျှင် အလွန်လျှင်မြန်လျှက်ရှိကြောင်း၊ နိုင်ငံတကာတွင် ၇.၂၃ နှုန်းသာရှိ၍ ဘင်္ဂလားဒက်ရှ်တွင် ၁၂.၆ နှုန်းဖြင့် ဗီဇပြောင်းလဲလျှက်ရှိကြောင်း ဘင်္ဂလားဒက်ရှ်သိပ္ပံနှင့် စက်မှုသုတေသနကောင်စီ (BCSIR) က ပြောဆိုသည်ဟု Dhaka Tribune က ယနေ့ရေးသားသည်။ 

  
ဗီဇပြောင်းလဲခြင်းဆိုသည်မှာ သက်ရှိဇီဝရုပ်၏ မျိုးဗီဇပြောင်းလဲခြင်း သို့မဟုတ် အစီအစဉ်ပြောင်းကိုပြောင်းလဲခြင်းကို ဆိုလိုသည်။

  
လေ့လာမှုအရ ဘင်္ဂလားဒက်ရှ်ကိုရိုနာဗိုင်းရပ်စ်တွင် အချွန်ပုံပရိုတင်းဗီဇ၏ နူကလီယိုတိုက် ၁၀၃ နေရာ၌ ဆက်စပ်တွဲဖက်မရှိ အမိုင်နိုအက်ဆစ် ၅၃ ဖြင့် အစားထိုးလျှက်ရှိခြင်းအပါအဝင် သိသာထင်ရှားချက် ၅-ခုတို့မှာ ကမ္ဘာပေါ်ရှိ အခြားအလားတူ ကိုရိုနာဗိုင်းရပ်စ်တို့တွင် လုံး၀ မတွေ့ရှိရကြောင်း သိရှိရသည်။ 


သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာန၏ကြီးကြပ်မှုအောက်တွင် BCSIR အနေဖြင့် ဘင်္ဂလားဒက်ရှ်ပြည်နယ် ၈ ခုတို့မှ SARS-CoV-2 နမူနာပေါင်း ၂၆၃ ခုတို့ကို စုဆောင်းခဲ့ပြီး မျိုးရိုးပြောင်းလဲမှု ဗီဇအစီအစဉ်နှင့် အချက်အလက် ခွဲခြမ်းစိတ်ဖြာမှုတို့ကို သုတေသနပြုလုပ်ခဲ့သည်။ အထူးသဖြင့် ကူးစက်မှု့ ၁၀-ဆလျှင်မြန်သည်ဆိုသော G614 ၏ မူကွဲဖြစ်တည်မှုကို ရာနှုန်းပြည့် လေ့လာခဲ့ကြရာ ဆက်စပ်တွဲဖက်မရှိ အမိုင်နိုအက်ဆစ် ၃၅၈ ဖြင့် အစားထိုးလျှက်ရှိခြင်းအပါအဝင် စုစုပေါင်းအချက် ၇၇၇ ခုတွင် ဗီဇပြောင်းလဲခြင်းကိုတွေ့ရှိခဲ့ကြသည်။ ထိုအတိုင်းဆိုလျှင် ဘင်္ဂလားဒက်ရှ်တွင်ရှိနေသော SARS-CoV-2 ၏ ဗီဇပြောင်းလဲနှုန်းမှာ နှစ်စဉ် ၂၄.၆၄ နူကလီယိုတိုက် ရှိနေ မည်ဖြစ်သည်။ 


သုတေသနပြုရန်အတွက် ဘင်္ဂလားဒက်ရှ် အမျိုးသားဓာတ်ခွဲခန်း ဆေးပညာနှင့် လွှဲပြောင်းမှုလေ့လာရေးစင်တာ (NILMRC) ၏ အကူအညီဖြင့် နိုင်ငံတစ်ဝှမ်းလုံးမှ နမူနာများကို မေလ ၇ ရက်နှင့် ဇူလိုင် ၃၁ ရက်အကြား စုဆောင်းကောက်ယူခဲ့သည်။ 


သုတေသန၏ ရည်ရွယ်ချက်မှာ SARS-CoV-2 ဗိုင်းရပ်စ်၏ ကူးစက်မှု၊ ဗီဇပြောင်းလဲနှုန်း၊ ကွဲပြားခြားနားသော မျိုးရိုးဗီဇမျိုးများ၊ ဆက်စပ်တွဲဖက်မရှိဗီဇပြောင်းလဲခြင်း၊ ဂျီနုမ်းမျိုးဆက်စဉ်တို့အား လေ့လာ၍ Covid-19 ရောဂါ ဖြစ်ပွားမှုကို တားဆီးရန်ဖြစ်သည်။ 


သုတေသန တွေ့ရှိချက်များကို ဂျာမနီနိုင်ငံ မြူးနစ်မြို့အခြေစိုက် international database Global Initiative on Sharing All Influenza Data (GISAID) တွင် ရေးသားဖော်ပြခဲ့ပြီး ကိုရိုနာဗိုင်းရပ်စ်ရောဂါကာကွယ်ဆေး ထုတ်လုပ်မှု၌ အထောက်အကူဖြစ်စေရန်အတွက် တရုတ်နိုင်ငံရှိ Sinovac သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်မှုကုမ္ပဏီလီမိတက်၊ အမေရိကန်ရှိ Moderna နှင့် အောက်စ်ဖို့ဒ်တက္ကသိုလ်များအပါအဝင် အဖွဲ့အစည်း ၅၀ သို့ မျှဝေပေးခဲ့ကြောင်း သတင်း၌ ဆက်လက်ဖော်ပြသည်။ 

  
(( ယခုသတင်းရေးချိန်တွင် မြန်မာနိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်လျှက်ရှိသော အိန္ဒိယသည် ကိုရိုနာဗိုင်းရပ်စ်ရောဂါဖြစ်ပွားမှု၌ တနင်္ဂနွေနေ့နံနက်အထိ ၂၄-နာရီအတွင်း ကူးစက်ခံရသူ ၉-သောင်းကျော်၊ သေဆုံးသူ ၁၀၆၅-ဦးရှိကြောင်း bdnews24 က ဖော်ပြသည်။ 

အိန္ဒိယတွင် ကူးစက်ခံရသူ စုစုပေါင်း ၄-သန်း ၂-သိန်းကျော် သေဆုံးသူ ၇-သောင်း ၁-ထောင်ကျော်ဖြင့် နိုင်ငံတကာတွင် ဒုတိယအများဆုံးဖြစ်နေသည်။

  
ဘင်္ဂလားဒက်ရှ်၌မူ ၂၄-နာရီအတွင်း ကူးစက်ခံရသူ ၁၆၀၀ နီးပါးနှင့် ၃၂-ဦး သေဆုံးသည်။ လူပေါင်း ၃-သိန်း ၂-သောင်းကျော် ရောဂါပိုး ကူးစက်ခံခဲ့ကြရပြီး လူပေါင်း ၄၅၀၀ နီးပါးသေဆုံးခဲ့သဖြင့် ရောဂါပြင်းထန်မှုတွင် နိုင်ငံတကာ အဆင့် ၁၄ ၌ ရပ်တည်လျှက်ရှိကြောင်း worldometer အရ သိရှိရသည်။ ။ သတင်းဘာသာပြန်သူ )) 


#ဘင်္ဂလားဒက်ရှ်ကိုရိုနာဗိုင်းရပ်စ် #လျှင်မြန်စွာဗီဇပြောင်း 


((( Dhaka Tribune., September 6th, 2020, “ BCSIR: Coronavirus mutation faster in Bangladesh. By: Abdullah Alif.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ ))) 

https://www.dhakatribune.com/health/coronavirus/2020/09/06/bcsir-coronavirus-mutation-faster-in-bangladesh

https://bdnews24.com/coronavirus-pandemic/2020/09/06/india-reports-more-than-90000-coronavirus-cases-in-another-daily-recordhttps://www.worldometers.info/coronavirus/

0

Leave a Reply

Your email address will not be published.