ကူးစက်ကပ်ရောဂါဖြစ်စေသော ကိုရိုနာဗိုင်းရပ်စ်သစ်မှာ တဖြည်းဖြည်း ဆ့င်ကဲပြောင်းလဲလျှက်ရှိ။ လက်ခံလူသားတို့နှင့် လိုက်လျောညီထွေဖြစ်စေမည့် အဓိကအုပ်စု (၇) ခု အဖြစ်သို့ မျိုးဗီဇပြောင်းလဲခဲ့၊ ဗီဇကွဲအချို့၏ ပျံ့နှံ့လာခဲ့ပုံကို ကျွမ်းကျင်သူများကိုယ်တိုင် ရှင်းလင်းစွာ မသိကြသေး

  
Sars-CoV-2 အမည်ရှိ ကိုရိုနာဗိုင်းရပ်စ်သစ်သည် ကမ္ဘာအနှံ့ကူးစက်ပျံ့နှံ့ခဲ့ပြီး လွန်ခဲ့သောနှစ်မှစ၍ ယခုထိ လူပေါင်း ၁.၅ သန်းကျော်သေဆုံးခဲ့ရသည်။ ၎င်းသည် လက်ခံလူသားတို့နှင့် လိုက်လျောညီထွေဖြစ်စေမည့် အဓိကအုပ်စု သို့မဟုတ် ဗီဇ (၇) ခု အဖြစ်သို့ ဒီအင်အေတည်ဆောက်မှု ပြောင်းလဲခဲ့ပြီဖြစ်သည်ဟု Reuters က ယမန်နေ့ရေးသားသည်။

  
ဗိုင်းရပ်စ်နှင့်ပတ်သက်၍ မည်သည့်နေရာမှ စတင်သည် မည်ကဲ့သို့ပြောင်းလဲသည်များကို ခြေရာခံခြင်းခြင်းနှင့် ဗိုင်းရပ်စ်အကြောင်း သိရှိနားလည်ခြင်းတို့မှာ ၎င်းဗိုင်းရပ်စ်ကြောင့် ဖြစ်ပေါ်လာသော Covid-19 ရောဂါတိုက်ဖျက်ရေး မဟာဗျူဟာများဖွံ့ဖြိုးရေးအတွက် အလွန်အရေးကြီးကြောင်း နိုဝင်ဘာလစောစောပိုင်း၌ ပြည်နယ်တစ်ခုတွင် ကူးစက်မှုဖြစ်ပွားပြီးနောက် သြစတေးလျနိုင်ငံတောင်ပိုင်း ကျန်းမာရေးအရာရှိချုပ် နီကိုလပ်စ် စပါရီယာက ပြောကြားသည်။
ထိုအတွက် ကမ္ဘာတစ်ဝှမ်းလုံး၌ ကိုရိုနာဗိုင်းရပ်စ်သစ်၏ အချိန်နှင့်အမျှ ဗီဇပြောင်းလဲပုံအစီအစဉ်တွင် အကြီးဆုံး ဒေတာဘေ့စ်ဟု ဆိုရမည့် GISAID ခေါ် တုပ်ကွေးရောဂါဆိုင်ရာအချက်အလက်အားလုံးမှ ဂျီနုမ်းနမူနာ ၁၈၅,၀၀၀ ကျော်တွင် အဓိက ဗီဇအုပ်စုတို့၏ ရွေ့လျားပုံကို လေ့လာခဲ့သည်ဆို၏။ 

  
၂၀၁၉-ခုနှစ် ဒီဇင်ဘာတွင် ကိုရိုနာဗိုင်းရပ်စ်ပိုးကို တရုတ်နိုင်ငံ၏ ဝူဟန်မြို့၌ မူလပထမ ရှာဖွေတွေ့ရှိရပြီး ၎င်းကို ( L strain ) “ မျိုးထူး L “ ဟု အမည်ပေးခဲ့ကြသည်။ ထို့နောက် ဗိုင်းရပ်စ်သည် ၂၀၂၀ စောစောပိုင်းသို့ရောက်သောအခါ “ မျိုးထူး S “ အဖြစ်သို့ ပြောင်းလဲသွားသည်။ ၎င်းနောက် V နှင့် G အဖြစ် ဆက်ကာဆက်ကာ ဗီဇပြောင်းလဲသွားုပြန်သည်။ မျိုးထူး G သည် နောက်ပိုင်းတွင် GR, GH နှင့် GV သို့ ထပ်မံဗီဇပြောင်းလဲသွားခဲ့ပြီး၊ အုပ်စုများစုဖွဲ့၍ “ မျိုးထူး O “ အဖြစ် ရှားရှားပါးပါး သန္ဓေထွန်းဗီဇကွဲသည်လည်း ဖြစ်ပေါ်ခဲ့သည်။ 


#မျိုးဗီဇပြောင်းလဲမှုများကိုခြေရာခံခြင်း ဗီဇပြောင်းလဲခြင်းဆိုသည်မှာ သက်ရှိရုပ်တစ်ခု၏ မျိုးဗီဇဆိုင်ရာပစ္စည်းများ ပြောင်းလဲခြင်းဖြစ်သည်။ ဗိုင်းရပ်စ်တစ်ကောင်သည် လက်ခံသတ္တဝါ တစ်ခုမှ တစ်ခုသို့ ကူးပြောင်း၍ သူ့ကိုယ်သူ သန်းပေါင်းများစွာ အရေအတွက် အဖြစ်သို့ မိတ္တူပွားကြသည်။ ထိုအခါ ဖြစ်ပေါ်လာသော မိတ္တူပွားတို့သည် တစ်ခုနှင့်တစ်ခု တစ်ထေရာတည်း တူညီခြင်း မရှိပါ။ အဆိုပါ သေးငယ်သော ဗီဇပြောင်းလဲခြင်းများသည် ဗိုင်းရပ်စ်ကူးစက်ခံရသည်နှင့်အမျှ အစုအဝေး ဖြစ်လာပြီး ထပ်ကာ ထပ်ကာ မိတ္တူပွားကြပြန်သည်။ 


ကူးစက်ကပ်ရောဂါ ဖြစ်ပွားစ စောစောပိုင်းတွင် ဗိုင်းရပ်စ်ပိုးသည် ထိုနည်းလမ်းအားဖြင့် ကမ္ဘာတစ်ဝှမ်းလုံးသို့ လျှင်မြန်စွာ ပျံ့နှံ့ခဲ့ခြင်းဖြစ်သည်။ မတူညီသော နေရာဒေသအမျိုးမျိုးသို့ ထပ်ကာတလဲလဲ ကျရောက်ခြင်းဖြင့် ကူးစက်မှုအသစ်ပျံ့နှံ့မှုများ ပုံမှန်သဖွယ်ဖြစ်လာရသည်။ ထိုအချိန်အတောအတွင်းတွင် GISAID က တင်ပြသည့် နမူနာများအတိုင်း မျိုးကွဲအမျိုးမျိုးတို့ ရောနှောပေါင်းစပ်သွားခဲ့ခြင်းဖြစ်သည်။ 


နိုင်ငံများတို့က ၎င်းတို့၏နယ်နမိတ်ကို ပိတ်ဆို့ပစ်လိုက်သည်နှင့်အမျှ မျိုးဗီဇအသစ်ဖြစ်ပွားမှု နည်းပါးလာသည်။ လောလောဆယ်၌ ဒူပေနာပေခံသော G-type အမျိုးအစား ကူးစက်မှုက နိုင်ငံများစွာတို့တွင် စတင်လွှမ်းမိုးလျှက်ရှိကြောင်း သိရှိရသည်။ 


အာရှတိုက်တွင် မူရင်း “ မျိုးထွန်း L “ သည် တရုတ်အပါအဝင် နိုင်ငံတော်တော်များများတွင် ပျံ့နှံ့မှုရပ်တန့်ရန် နယ်နိမိတ်များကို အမြန်ပိတ်ပစ်ချိန်အထိ ကာလကြာမြင့်စွာ ခိုကပ်နေခဲ့သည်။ ဆန့်ကျင်ဘက်ဖြစ်အင်ကို မြောက်အမေရိကနှင့် ဥရောပတို့တွင် တွေ့ရှိရပြီး ၎င်းနိုင်ငံတို့၌ ရောဂါကူးစက်မှုအစပိုင်း၌ အလားတူ သွားလာလှုပ်ရှားမှု ကန့်သတ်ခြင်းမျိုး မလုပ်ခဲ့ကြချေ။ ဤတွင် ကူးစက်မှု ပိုမိုမြန်ဆန်သည့် “ မျိုးထွန်း G “ အဖြစ် ဗိုင်းရပ်စ်မှာ ဗီဇပြောင်းလဲသွားရသည်။ 


ကိုရိုနာဗိုင်းရပ်စ်သည် ထူးခြားအဖြစ်အပျက်များ၌ ပျံ့နှ့ံ့သွားခြင်းဖြစ်သည်။ တစ်သီးတစ်ခြား ကူးစက်နေခြင်းမျိုးတော့ မဟုတ်ချေ။ စုပြုံဆင့်ပွားကူးစက်ခြင်းဖြင့် ကွဲပြားခြားနားသော ဗိုင်းရပ်စ်ပုံစံများကို မြင်တွေ့နေရလိမ့်မည်ဖြစ်ကြောင်း မဲလ်ဘုန်းမြို့ရှိ ဒီကင်တက္ကသိုလ်၏ ကူးစက်ရောဂါဗေဒဥက္ကဋ္ဌ ကက်သရင်းဘင်းနက်က ပြောဆိုသည်။ 

  
ယခုအခါတွင် “ မျိုးထွန်း G “ က ကမ္ဘာတစ်ဝှမ်း ကြီးစိုးနေကြသည်။ မျိုးထွန်းဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်ဖြစ်သည့် D614G မှာ အတွေ့ရအများဆုံး မူကွဲဖြစ်လာသည်။

  
လောလောဆယ်တွင် ဗီဇအပြောင်းများသည်မှာ “ မျိုးထွန်း GV “ ဖြစ်သည်။ ဥရောပတွင် တစ်သီးတစ်ခြား ရှိနေခဲ့ဖူးပြီး မည်သို့မည်ပုံ ပျံ့နှံ့လာခဲ့ကြောင်း ကျွမ်းကျင်သူများကိုယ်တိုင် ရှင်းလင်းစွာ မသိကြသေးချေ။ ကူးစက်မှု အသာစီးရရှိသွားခြင်း သို့မဟုတ် နွေရာသီကာလ အရွယ်ရောက်လူငယ်များ၏ အအုပ်အသင်းဖွဲ့သွားလာမှုနှင့် ကမ္ဘာလှည့်ခရီးသည်များကြောင့် ရောဂါပိုးပျံ့နှံ့ရခြင်း ဟုတ်-မဟုတ် အတိအကျမပြောနိုင်ပါ။ 


#အရေးပါသည့်ဗီဇပြောင်းလဲခြင်း Sars-CoV-2 ဗိုင်းရပ်စ်၏ မျိုးဗီဇပြောင်းလဲခြင်း နှေးကွေးနေသည်နှင့်အမျှ သိပ္ပံပညာရှင်များနှင့် ပေါ်လစီချမှတ်သူများအတွက် ရှေ့တိုး ဆောင်ရွက်ခွင့်ရရှိကြသည်။ သို့တိုင် ဗီဇပြောင်းလဲ ခြင်းအချို့၏ သွယ်ဝှိုက်ပတ်သက်မှုအပေါ် သိပ္ပံပညာရှင်များအကြား အမြင်ချင်းမတူကြချေ။ ပညာရှင်အချို့က D614G ဗိုင်းရပ်စ်အပြောင်းအလဲမှာ ရောဂါကူးစက်မှု ပိုမိုလွယ်ကူစေနိုင်သည်ဟု ယူဆကြသော်လည်း၊ လေ့လာတွေ့ရှိချက်အချို့အရ ထိုအယူအဆနှင့် ဆန့်ကျင်နေသည်။ 



မည်သို့ပင်ဖြစ်စေ၊ ယခုအချိန်အထိ ဗိုင်းရပ်စ်တို့၏ ဗီဇအပြောင်းအလဲများသည် ကာကွယ်ဆေးများကို ခံနိုင်ရည်ရှိသော မျိုးကွဲများဖြစ်လာမည့်ပုံ မရဟု ဆိုပါသည်။ 


သို့သော်လည်း တုပ်ကွေးရောဂါနှင့် အိပ်ချ်အိုင်ဗွီပိုး ဗီဇပြောင်းခြင်းတို့ကို နှစ်ပေါင်းများစွာ စောင့်ကြည့်ခဲ့ကြသော ကျွမ်းကျင်သူများကမူ အနာဂတ်ကာလတွင် မျိုးမည်မခန့်မှန်းနိုင်သေးသော ဗီဇပြောင်း Sars-CoV-2 ဗိုင်းရပ်စ်ပိုးက ကာကွယ်ဆေးများအား ရှောင်ပြေးနေနိုင်ဖွယ်ရှိကြောင်း သတိပေးလျှက်ရှိသည်။ ကာကွယ်ဆေး မတိုးသော ဗိုင်းရပ်စ်များနှင့် ရင်ဆိုင်ရခြင်းမှ အကောင်းဆုံးရှောင်လွှဲနိုင်မည့်နည်းလမ်းမှာ ဗိုင်းရပ်စ်တို့၏ ကူးစက်မှုကို ဖြတ်တောက်ခြင်း နှင့် ၎င်းတို့၏ ဗီဇပြောင်းနိုင်မည့် အခွင့်အလမ်းများကို လျှော့ချခြင်းဖြစ်သည်။

  
အကယ်၍ ဗိုင်းရပ်စ်သည် အထူးသဖြင့် ၎င်းတို့၏ ဆူးချွန်ပုံ ပရိုတိန်းများ၌ သိသိသာသာပြောင်းလဲသွားလျှင် အဆိုပါဗိုင်းရပ်စ်မှာ ကာကွယ်ဆေးမှ လွတ်မြောက်နိုင်မည်ဖြစ်သည်။ 



(( မျက်မှောက်ကမ္ဘာတွင် ကူးစက်ပျံ့နှံ့လျှက်ရှိသော ကိုရိုနာဗိုင်းရပ်စ်ပိုးကို “ #ဇီဝလက်နက်“ ဟူ၍၎င်း၊ #ဝူဟန်အမေရိကန်ကောင်စစ်ဝန်ရုံးမြေအောက်ခန်းမှ” ဟု၎င်း “ #ဝူဟန်ရောဂါပိုးဓါတ်ခွဲခန်းမှလွတ်ထွက်လာသည်“ ဟု၎င်း အမျိုးမျိုး ပြောဆိုခဲ့ကြပါသည်။ ယခုသတင်းအား ကောင်းစွာနားလည်လျှင် Sars-CoV-2 သည် “ ဓါတ်ခွဲခန်းတွင် ဖန်တီးသော လူလုပ်ဗိုင်းရပ်စ် မဟုတ်ကြောင်း “ ရှင်းလင်းစွာ သိနိုင်မည်ဟု ယူဆပါသည်။ 


ဝါးပင်တွင် သန္ဓေတည်၍ မင်းသမီးလေး မွေးဖွားသည်ဆိုခြင်း၊ သမင်မမှ လူမွေးဖွားသည်ဆိုခြင်းမှာ ဒဏ္ဍာရီသာ ဖြစ်လေသည်။ သက်မဲ့တစ်ခုခုကို စွဲ၍ သံသေဓဇ သက်ရှိမွေးဖွားသည်ဆိုခြင်းမှာ မဟုတ်မမှန်ကြောင်း အခိုင်အလုံသိခဲ့ကြသည်မှာ နှစ် ၂၀၀ ကျော်မျှ ရှိခဲ့ပါပြီ။ ဥပမာအားဖြင့် အသားပုပ်မှ သက်ရှိယင်ကောင်ဖြစ်လာသည်ဆိုခြင်းမှာ လုံခြုံစွာ ဖုံးအုပ်ထားသော အသားတုံးနှင့်၊ ယင်နားခံရသော အသားတုံးတို့ကို ချထား ခြင်းဖြင့် မမှန်ကန် ကြောင်း လက်တွေ့ သက်သေပြသခဲ့သည်။ 


ဇီဝရုပ်တစ်ခုဖြစ်တည်လာရန် တိကျသည့် နိယာမတရားများ ရှိနေပါသည်။ မျက်မှောက်ခေတ်တွင် သက်ရှိသိုးသတ္တဝါကို မိတ္တူဖန်တီးနိုင်ပြီဖြစ်သော်လည်း ထိုသို့ဖန်တီးထားသော သတ္တဝါ ဟုတ်-မဟုတ် ခွဲခြား၍ သိရှိနိုင်ပါသည်။ 


အမှန်စင်စစ် Sars-CoV-2 ကို လူလုပ်ဗိုင်းရပ်စ်ဟု ပြောဆိုသူမှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ကယ်ပွန်ပေယိုဖြစ်ပြီး၊ စောစောပိုင်း ၎င်းအတိုင်း သံယောင်လိုက်ပြောဆိုခဲ့သည့် သမ္မတထရမ့်မှာ နောက်ပိုင်းတွင် တရုတ်ဗိုင်းရပ်စ်ဟု မတင်မကျ လေသံလျှော့သွားသည်။ နိုင်ငံရေးသမားတို့၏ အခွင့်သာခိုက် လေသေနတ်ပစ် ခြင်းကို မဟုတ်မမှန်ကြောင်း အပြင်းအထန်ငြင်းဆန်သူတို့မှာ အမေရိကန်၊ ဗြိတိန်နှင့် နိုင်ငံတကာမှ ဗိုင်းရပ်စ်ပညာရှင်များဖြစ်ကြောင်း ယခင် ကျွန်တော်ဘာသာပြန်ဆိုတင်ပြခဲ့သည့် သတင်းများ၌ ဖတ်ရှု့နိုင်ပါသည်။ 


သိပ္ပံပညာရှင်တစ်ပိုင်း နိုင်ငံရေးသမားတစ်ပိုင်း မီဒီယာဆရာများကမူ သိလျှက်နှင့် တမင် “ ဖွ “ ခြင်း ဖြစ်ပုံရသည်။ ။ သတင်းဘာသာပြန်သူ )) 


#ဗီဇပြောင်းကိုရိုနာဗိုင်းရပ်စ်ပိုး 

((( Reuters., December 10, 2020, “ How the novel coronavirus has evolved.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ ))) 


https://graphics.reuters.com/HEALTH-CORONAVIRUS/EVOLUTION/yxmpjqkdzvr/ 
https://www.dhakatribune.com/world/2020/12/10/how-the-novel-coronavirus-has-evolved 
https://www.hindustantimes.com/science/know-how-the-novel-coronavirus-has-evolved/story-Vsea71Gts3GWRTyPLTp5XM.html

Leave a Reply

Your email address will not be published.