ကူးစက်ရောဂါကပ်ကျရောက်မှု ကာကွယ်ရေး ကန့်သတ်ချက်များအား ချိုးဖောက်သူ ရာနှင့်ချီ၍ မလေးရှားဖမ်းဆီး၊ ကိုရိုနာဗိုင်းရပ်စွဲရောဂါဖြင့် မလေးရှားတွင် သေဆုံးသူအရေအတွက် များပြားလာ

မလေးရှားတွင် ကိုရိုနာဗိုင်းရပ်စ်စွဲ ကူးစက်ကပ်ရောဂါဖြင့် သေဆုံးသူအရေအတွက် များပြားလျှက်ရှိသည်။ စနေ နေ့တွင် ကူးစက်ရောဂါကာကွယ်ရေး ကန့်သတ်ချက်များအား ချိုးဖောက်သူ  ၆၄၉-ဦးကို သက်ဆိုင်ရာ အာဏာ ပိုင်တို့က ဖမ်းဆီးလိုက်သည်ဟု South China Morning Post ( SCMP ) က ယနေ့ရေးသားသည်။

ယမန်နေ့တွင် ကိုရိုနာဗိုင်းရပ်စ်ပိုးကြောင့် ၂၄-နာရီအတွင်း သေဆုံးသူ ၇-ဦးအထိဖြစ်လာခြင်းမှာ ကူးစက်ရောဂါ ကပ်ကျရောက်လျှက်ရှိသည့် မလေးရှား၌ နေ့စဉ်သေဆုံးသူ အများဆုံး အရေအတွက်ဖြစ်သည်။ ကိုဗစ်-နိုင်တင်း ကူးစက်ရောဂါဖြင့် မလေးရှားနိုင်ငံတွင် ယခုအချိန်ထိ သေဆုံးသူ ၃၄-ဦး ရှိလာခဲ့ပြီး ရောဂါပိုးကူးစက်ခံရသူ ၂,၄၇၀-ဦးဖြင့် အရှေ့တောင်အာရှတွင် ကူးစက်ရောဂါဒဏ် ခံစားရဆုံးနိုင်ငံဖြစ်နေကြောင်း အစိုးရအဖွဲ့ အကြီး တန်းအရာရှိတစ်ဦးက ပြောကြားသည်။

မလေးရှားနိုင်ငံသည် စာသင်ကျောင်းများနှင့် မရှိမဖြစ် လိုအပ်ခြင်းမဟုတ်သော စီးပွားရေးလုပ်ငန်းများကို ပိတ် ပစ်ခဲ့ပြီး၊ ရောဂါကူးစက်မှုကိုတားဆီးရန်အတွက် ဧပြီ ၁၄ ရက်နေ့ အထိ အပြင်ထွက် သွားလာခြင်း မပြုကြရန် ကန့်သတ်ခဲ့သည်။

မလေးရှားကာကွယ်ရေးဝန်ကြီး အီစမိုင်ဆာဘရီယာကွတ်က သတင်းထောက်များနှင့်တွေ့ဆုံရာတွင် စနေနေ့၌ ဖမ်းဆီးခဲ့ရသူ ၆၄၉-ဦးတွင် ၇၃-ဦးတို့မှာ လူသူစုဝေးခြင်းမပြုရန် ရဲတပ်ဖွဲ့၏ တားဆီးချက်နှင့် အစိုးရအာဏာ ပိုင်များ ဥပဒေအရ ကန့်သတ်ချက်ကို ဖောက်ဖျက်ခဲ့၍ ဖြစ်ကြောင်း ရှင်းပြသည်။

မတ်လ ၁၈-ရက်နေ့၌ စတင်ပြဌာန်းခဲ့သည့် ကူးစက်ရောဂါကာကွယ်ရေး ကန့်သတ်ချက်များအား ချိုးဖောက် သဖြင့် ဖမ်းဆီးခံခဲ့ရသူ ၆၁၄-ဦးရှိခဲ့ပြီးဖြစ်ရာ အချို့မှာ စားစရာ ထွက်ဝယ်ခြင်းဖြစ်သည်ဟု ဆင်ခြေပေးကြ ကြောင်း အီစမိုင်ယာကွတ်က ဆက်လက်ပြောဆိုသည်။

((( မလေးရှားတွင် ကူးစက်ရောဂါကာကွယ်ရေး ကန့်သတ်ချက်များအား ချိုးဖောက်သဖြင့် လူပေါင်း ရာချီလျှက် ဖမ်းဆီးနေရပါသည်။ ဤတွင် “ အစိုးရအာဏာပိုင်များ ဥပဒေအရ ကန့်သတ်ချက် “ ဆိုသည်မှာ မလေးရှား အစိုးရ၏ “ ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေး ဥပဒေ” အရ ဖြစ်ဟန်တူပါသည်။ ထိုဥပဒေကို မြန်မာ နိုင်ငံတွင် ၁၉၉၅-ခုနှစ်ကတည်းက ပြဋ္ဌာန်းထားပြီးဖြစ်သည်။

မလေးရှားသည် မြန်မာကဲ့သို့ အင်္ဂလိပ်ကိုလိုနီဘ၀ ကျရောက်ခဲ့ဖူးသောနိုင်ငံဖြစ်သည်။ မြန်မာကဲ့သို့ပင် အင်္ဂ လိပ်တို့ ရေးဆွဲခဲ့သော The Penal Code “ ရာဇသတ်ကြီး ခေါ် ပြစ်မှုဆိုင်ရာဥပဒေ “ ကို ဆက်လက် သုံးစွဲ နေသော နိုင်ငံလည်းဖြစ်သည်။ ထို့ကြောင့် အချို့ပုဒ်မများတွင် မြန်မာနှင့် တစ်ထပ်တည်းတူညီနေပါသည်။

ပြစ်မှု့ဆိုင်ရာဥပဒေ အခန်း (၁၄) “ ပြည်သူ့ကျန်းမာမှု၊ လုံခြုံမှု၊ သက်သာမှု သိက္ခာစောင့်စည်းမှုနှင့် ကိုယ်ကျင့် တရားရှိမှုကို ထိခိုက်စေသော ပြစ်မှုများ “ တွင် ပုဒ်မ-၂၆၉၊ ၂၇၀ တို့သည် “ လတ်တလော ကိုဗစ်-နိုင်တင်း ရောဂါကဲ့သို့ “ အသက်ဘေးအန္တရာယ်ဖြစ်စေတတ်သည့် ကူးစက်တတ်သော ရောဂါ ပြန့်ပွားစေခြင်း “ နှင့်ပတ် သက်ပြီး ရဲတပ်ဖွဲ့က ဝရမ်းမပါပဲ ဖမ်းဆီးခွင့်ရှိသည်။ ကြေအေးခွင့် မရှိ၊ ထောင်ဒါဏ် ၆-လမှ ၂-နှစ်အထိ ကျခံရ နိုင်ပြီး ဒါဏ်ငွေကိုပါ ပူးတွဲချမှတ်နိုင်သည်။

ပုဒ်မ – ၂၇၁ မှာ “ ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေး ဥပဒေ “ အရ ကန့်သတ်ထားသည်ကို သိလျှက်နှင့် ဖီဆန်မှု တစ်နည်းအားဖြင့် Quarantine “ ကွာရန်တင်း “ နည်းဥပဒေကို ဖီဆန်မှုဖြစ်သည်။ ကြေအေးခွင့်မရှိ၊ ထောင် ဒါဏ် ၆-လမှ အပြင် ဒါဏ်ငွေကိုပါ ပူးတွဲချမှတ်နိုင်သော ငြင်းပယ်-ဖီဆန်မှု့မျိုးဖြစ်ပါသည်။

နားလည်ရသည်မှာ ကိုဗစ်-နိုင်တင်းရောဂါ ကူးစက်ပျံပွားလျှက်ရှိစဉ် မလေးရှားသည် အပြင်ထွက် သွားလာ သူတို့အား “ ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေး ဥပဒေ” သာမက “ ပြစ်မှုဆိုင်ရာဥပဒေ” ဖြင့်ပါ အရေး ယူခြင်း ဖြစ်ဟန်တူပါသည်။    ။ သတင်းဘာသာပြန်သူ ))

((( South China Morning Post., Mar 30, 2020, “Coronavirus: hundreds arrested in Malaysia for violating restrictions, as deaths rise.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ် ဘာသာပြန်ဆိုသည်။ )))

#ကိုရိုနာဗိုင်းရပ်စ်စွဲကူးစက်ကပ်ရောဂါမလေးရှား # ပြစ်မှု့ဆိုင်ရာဥပဒေအခန်း(၁၄) #၁၉၉၅-ခုနှစ် ကူးစက်ရောဂါများကာကွယ်နှိမ်နင်းရေး ဥပဒေ

https://www.scmp.com/news/asia/southeast-asia/article/3077461/coronavirus-hundreds-arrested-malaysia-violating

https://www.mlis.gov.mm/mLsView.do?lawordSn=869

https://www.mlis.gov.mm/mLsView.do?lawordSn=870

0

Leave a Reply

Your email address will not be published.