ကူးစက်နှုန်းပိုမိုလျှင်မြန်သော ဘီတာ-ဗီဇပြောင်းဗိုင်းရပ်စ်ကို လွန်ခဲ့သည့် ၂-လတည်းက စစ်ကောင်းဆေးရုံတွင် တွေ့ရှိခဲ့။ ကာကွယ်ဆေး ၂-ကြိမ်ထိုးနှံပြီးသူများလည်း ပါဝင်နေ။ ဘင်္ဂလားဒေ့ရှ်၏ ရောဂါဖြစ်ပွားမှု ၂-လနီးပါး သိသာစွာ ကျဆင်းနေရာမှ ကူးစက်မှုပြန်လည်မြင့်တက်


လွန်ခဲ့သည့် ဧပြီနှင့် မေလများတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းဆေးရုံ၌ ပြင်းထန်စွာ ဖျားနာခဲ့သော ကိုရိုနာဗိုင်းရပ်စ်လူနာများ၏ ၈၀ ရာနှုန်းမှာ ကူးစက်နှုန်းပိုမိုလျှင်မြန်သည့် ဘီတာအမျိုးအစား ဗီဇပြောင်းမျိုးကွဲဗိုင်းရပ်စ်ကြောင့်ဖြစ်နေပြီး ၎င်းတို့အနက် လူနာ ၅-ဦးမှာ Oxford/AstraZeneca ကာကွယ်ဆေး ၂-ကြိမ် ထိုးနှံပြီးစီးသူများဖြစ်ကြောင်း လေ့လာတွေ့ရှိရသည်ဟု ဘင်္ဂလားအခြေစိုက် bdnews24 က ယနေ့ ရေးသားသည်။…   
အဆိုပါ လေ့လာချက်ကို ကလေးကျန်းမာရေးသုတေသနဖောင်ဒေးရှင်း၏ကြီးကြပ်မှုဖြင့် စစ်တကောင်း အထွေထွေဆေးရုံ၊ စစ်တကောင်းတက္ကသိုလ် မျိုးရိုးဗီဇအင်ဂျင်နီယာနှင့် ဇီဝနည်းပညာဌာနတို့က ပူးတွဲြ့ပုလုပ်ခဲ့ပြီး တုတ်ကွေးရောဂါဆိုင်ရာ အချက်အလက်များအား နိုင်ငံတကာ Global Initiative သို့လည်း ပေးပို့ခဲ့ကြောင်း သိရှိရသည်။…    
နိုင်ငံပိုင် စစ်တကောင်းဆေးရုံသို့ ရောက်ရှိလာသော ကိုရိုနာဗိုင်းရပ်စ်ရောဂါလူနာ ၂၄-ဦးအနက် ၁၀-ဦးမှာ အထူးကြပ်မတ်ကုသရေးဋ္ဌာန ICU တွင် ပြုစုပေးရသည့် အခြေအနေတွင်ရှိခဲ့ပြီး ကျန်လူနာများမှာ ပုံမှန် Covid-19 ရောဂါလက္ခဏာအဖြစ်သာ တွေ့ရှိရသည့်အတွက် သီးခြားအဆောင်၌ ကုသပေးခဲ့ရကြောင်း၊ ICU ရောက် လူနာများ၏ ၈-ဦး နှင့် ကျန် ၇၅-ရာနှုန်းတို့၏ ဂျီနုမ်းဗီဇအစီအစဉ်အရ တောင်အာဖရိက၌ ပထမဆုံးအကြိမ်တွေ့ရှိခဲ့ကြသည့် ဘီတာအမျိုးအစား ဗီဇပြောင်းမျိုးနွယ်ဗိုင်းရပ်စ် SARS-CoV-2 Beta: Lineage ကူးစက်ခံရခြင်းဖြစ်သည်ကို အတည်ပြုနိုင်ခဲ့ကြောင်း၊ လူနာအများစုမှာ အဖျားတက်ခြင်း၊ ချောင်းဆိုးခြင်းနှင့် အအေးမိဝေဒနာများ ဖြစ်ပွားလျှက်ရှိကြောင်း၊…   
ကျန်လူနာများမှာ ဗြိတိန်နိုင်ငံတွင် ပထမဆုံးတွေ့ရှိခဲ့သည့် အယ်လ်ဖာအမျိုးအစား ဗီဇပြောင်း မျိုးနွယ်ဗိုင်းရပ်စ် SARS-CoV-2 Alpha: Lineage ကူးစက်လျှက်ရှိပြီး ပုံမှန်ကိုရိုနာဗိုင်းရပ်စ်ရောဂါဝေဒနာများကို ခံစားကြသူများ ဖြစ်ကြောင်း၊ ဘီတာအမျိုးအစား ဗီဇပြောင်းမျိုးနွယ် ဗိုင်းရပ်စ်ကူးစက်ခံလူနာအားလုံးတို့မှာ အောက်ဆီဂျင်နှာခေါင်းပိုက်ထည့်သွင်းပေးရန် လိုအပ်သူများဖြစ်သည်ကို တွေ့ရှိရသည်ဆို၏။…     
သို့သော် သုတေသီများ၏ လေ့လာမှုများတွင် ဒဲလ်တာအမျိုးအစား ဗီဇပြောင်း မျိုးနွယ်ဗိုင်းရပ်စ်ကူးစက်ခံရမှုကို မေလ တတိယပတ်တိုင်အောင် မတွေ့ရှိခဲ့ရချေ။…    
ကူးစက်ကပ်ရောဂါ ဒုတိယလှိုင်းကျရောက်မှုကြောင့် လူသေဆုံးမှုအကြီးအကျယ်ဖြစ်ပွားလျှက်ရှိသော အိန္ဒိယနိုင်ငံ၌ တွေ့ရှိရသည့် ဗီဇပြောင်းဗိုင်းရပ်စ်အမျိုးအစားကိုမူ ဘင်္ဂလားဒေ့ရ်ှနယ်စပ်ဒေသများ၌ ကူးစက်မှုအသစ်များအဖြစ် မကြာသေးမီက တွေ့ရှိခဲ့သည်။…  
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ကိုရိုနာဗိုင်းရပ်စ်ရောဂါဖြင့် ကူးစက်သေဆုံးနှုန်းမှာ နေ့စဉ်ဆက်တိုက် ကျဆင်းလာသော်လည်း ၅၁-ရက်အကြာ ဇွန်လ ၁၂-ရက်နေ့တွင် ရောဂါဖြစ်ပွားမှု ပြန်လည်မြင့်တက်လာသည်ကို တွေ့ရှိရသည် ဟု Dhaka Tribune (June 12,2021) က ရေးသားသည်။

စနေနေ့နံနက်ပိုင်းအထိ ၂၄ နာရီအတွင်း စမ်းသပ်မှုပေါင်း ၁၁,၅၉၀-ခုကို နိုင်ငံပိုင်နှင့် ပုဂ္ဂလိကပိုင် စစ်ဆေးရေးစင်တာများ၌ စမ်းသပ်နိုင်ခဲ့ရာ ကိုရိုနာဗိုင်းရပ်စ်ရောဂါကူးစက်လျှက်ရှိသူ ၁,၆၃၇-ဦး ထပ်မံတွေ့ရှိရသဖြင့် စစ်ဆေးမှု၏ ၁၄.၁၂ % ရှိနေသည်။…   
၎င်းမတိုင်မီ သောကြာနေ့တွင် စစ်ဆေးမှု၏ ၁၃.၂၄ % ရှိခဲ့သည်။ ယမန်နေ့နံနက်ပိုင်းတွင် Covid-19 ရောဂါ ဖြင့် ၃၉-ဦး ထပ်မံသေဆုံးခြင်းကြောင့် စုစုပေါင်း သေဆုံးသူ ၁-သောင်း၃-ထောင်ကျော် ( ၁၃,၀၇၁-ဦး) နှင့် ဗိုင်းရပ်စ်ကူးစက်ခြင်းခံရသူ ၈-သိန်းကျော် ( ၈၂၄,၄၈၆-ဦး ) ရှိနေပြီဖြစ်ကြောင်း သတင်း၌ ဖော်ပြသည်။

#ဘင်္ဂလားဒေ့ရှ်_ဘီတာနှင့်အယ်လ်ဖာ_ဗီဇပြောင်း မျိုးနွယ်ဗိုင်းရပ်စ်…(((bdnews24., 13 Jun 2021, “ Study finds Beta variant in 80% severe COVID cases at Ctg hospital in April, May.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။)))

https://bdnews24.com/bangladesh/2021/06/13/study-finds-beta-variant-in-80-severe-covid-cases-at-ctg-hospital-in-april-may
https://www.dhakatribune.com/bangladesh/2021/06/12/covid-19-1-637-cases-39-deaths-daily-infection-rate-crosses-14 

Leave a Reply

Your email address will not be published.