ကမ္ဘောဒီးယားပါလီမန်က အလွန်ပြင်းထန်သော ဥပဒေကို အတည်ပြုပြီးနောက် ကိုရိုနာဗိုင်းရပ်စ်စည်းကမ်းချက်များ ဖောက်ဖျက်လျှင် နှစ်-၂၀ ထောင်ကျရန် သေချာသွား။ အတိုက်အခံများအား နှိပ်ကွပ်ရန် ပြဌာန်းသည် ဆိုသော်လည်း ဗြိတိန်က ထောင်ဒဏ် ၁၀-နှစ် အပြစ်ပေးမည်ဟု ဆိုနေ



ကမ္ဘောဒီယားနိုင်ငံ၏ အတည်ပြုလိုက်သည့် ဥပဒေသစ်တရပ်မှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါကူးစက်ဖြစ်ပွားမှု ကာကွယ်ရေးဆိုင်ရာ ပြဋ္ဌာန်းချက်များကို ဖောက်ဖျက်လျှင် ဆယ်စုနှစ် ၂-စုကြာမျှ ထောင်သွင်းအကျဉ်းချ ထားခြင်းခံရမည်အထိ ပြင်းထန်သည်။ ၎င်းဥပဒေမှာ သဘောထားကွဲလွဲသူများအား ဖြိုခွင်းရန် နည်းလမ်းထွင် ခြင်းဖြစ်သည်ဟု စွပ်စွဲခြင်းခံရကြောင်း Russia Today (Mar.5,2021) က ရေးသားသည်။
..
ကွာရန်တင်းဆိုင်ရာအမိန့်များကို ကျူးလွန်လျှင် ထောင်ဒဏ် ၃-နှစ် ကျခံရမည်ဖြစ်ပြီး၊ ဗိုင်းရပ်ပိုးကို တမင်ရည်ရွယ် ပျံ့နှံ့စေသည့် မည်သည့်အစုအဖွဲ့မဆို ထောင်ဒဏ် နှစ်-၂၀ အထိ ကျခံရမည့် ဥပဒေအား သောကြာနေ့ ကမ္ဘောဒီယားပါလီမန်က ကန့်ကွက်သူမရှိ တညီတညွတ်တည်း အတည်ပြုလိုက်ခြင်း ဖြစ်သည်ဆို၏။
..
#ကမ္ဘောဒီးယားကျန်းမာရေးဝန်ကြီး_မန်ဘန်ဟန်းကမူ အများပြည်သူကျန်းမာရေးကို အကာအကွယ်ပေးသည့် ဥပဒေတစ်ရပ်ဖြစ်ကြောင်း ချီးမွှမ်းပြောဆိုသည်။
..
ကမ္ဘောဒီယားတွင် Covid-19 ရောဂါစတင်ကတည်းက ယခုချိန်ထိ ကူးစက်ခံရသူပေါင်း ၉၃၂-ဦး ရှိသည်ဟု တရားဝင် ဖော်ပြထားပြီး ဗိုင်းရပ်စ်နှင့်ဆက်နွှယ်သောသေဆုံးသူ တစ်ယောက်မျှ မရှိဟုဆိုသည်။
..
ဝေဖန်သူများကမူ အဆိုပါ ဥပဒေမှာ အလွန်အကျွံဖြစ်လွန်းနေပြီး နိုင်ငံရေးအရဆန့်ကျင်သူများအား အစိုးရက နှိမ်နင်းရာ၌ အသုံးချနိုင်ကြောင်း စွပ်စွဲသည်။ တက်ကြွလှုပ်ရှားသူများနှင့် သဘောထားကွဲလွဲသူတို့၏ အခွင့်အရေးများကို ဆုတ်ယုတ်စေလိမ့်မည်ဖြစ်ကြောင်း #လူ့အခွင့်အရေးစောင့်ကြည့်သူများအဖွဲ့ (HRW) ၏ သတင်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
..
Covid-19 ရောဂါဥပဒေချိုးဖောက်မှုအတွက် အဓိပ္ပါယ်မဲ့ ပြင်းထန်သော ပြစ်ဒဏ်များ ပြဋ္ဌာန်းခြင်းမှာ လူထုကျန်းမာရေးသာမက လူ့အခွင့်အရေးအခြေခံမူများနှင့်လည်း ဆန့်ကျင်သည်ဟု HRW ၏ အာရှဒေသဆိုင်ရာ လက်ထောက်အာရှဒါရိုက်တာ Phil Robertson ဖိလစ်ရော်ဘင်ဆန်က ဝေဖန်သည်။
..
ကမ္ဘောဒီးယားနိုင်ငံကို ၃၆- နှစ်ကြာ အုပ်ချုပ်ခဲ့သော ဟွန်ဆန်အား ဖြုတ်ချရန် ကြံစည်မှုဖြင့် ပြည်ပရောက် အတိုက်အခံခေါင်းဆောင် ဆမ်ရိမ်ဆီအပေါ် မျက်ကွယ်၌ ထောင်ဒဏ် ၂၅-နှစ် ပြစ်ဒဏ်ချမှတ်လိုက်ပြီး ရက်အနည်းငယ်အကြာ၌ ယခုဥပဒေကို အတည်ပြုခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
..
ကမ္ဗောဒီးယားသည် ကိုရိုနာဗိုင်းရပ်စ်ရောဂါ အစီအမံများကို ဖောက်ဖျက်သူတို့အပေါ် ပြင်းထန်သော ပြစ်ဒဏ်များချမှတ်သည့် တစ်ခုတည်းသောနိုင်ငံ မဟုတ်ပေ။ ပြီးခဲ့သည့်လတွင် ဗြိတိန်အစိုးရကလည်း နိုင်ငံအတွင်း ဝင်ရောက်လာသူတို့အနေဖြင့် ကွာရန်တင်းစင်တာခွဲတို့၌ မိမိတို့၏ ခရီးသွားရာဇဝင်ကို မှားယွင်းစွာ ဖြည့်သွင်းကြောင်း စစ်ဆေးတွေ့ရှိလျှင် ထောင်ဒဏ် ၁၀ နှစ်အထိ ချမှတ်မည်ဖြစ်ကြောင်း ခြိမ်းခြောက်ခဲ့သည်။
..
(( နိုင်ငံရပ်ခြား ခရီးသွားလာသူတို့အနေဖြင့် ပြည်ပနိုင်ငံတစ်ခုခုတွင် မမျှော်လင့်ပဲ ငွေဒဏ်/ထောင်ဒဏ် ကျခံရသည့် အဖြစ်ဆိုးမျိုး ကြုံတွေ့ကောင်း ကြုံတွေ့နိုင်ပါသည်။ ၎င်းမှာ အဆိုပါနိုင်ငံ၏ အကောက်ခွန်-ကျန်းမာရေးဆိုင်ရာ ဥပဒေများနှင့် ငြိစွန်းနိုင်ခြင်းမျိုးဖြစ်သည်။
..
မိမိနိုင်ငံတွင် မည်သို့မျှ အရေးမကြီးသည့်အတွက် တစ်ပါတည်း သယ်ဆောင်သွားသည့် ပစ္စည်းတစ်ခုခုသည် အခြားနိုင်ငံတစ်ခုခုတွင် ကြီးလေးစွာအပြစ်ပေးခံရမည့် တားဆီးကုန်ပစ္စည်းဖြစ်နေတတ်သည်။
..
ကျန်းမာရေးဆိုင်ရာဥပဒေများမှာလည်း သက်ဆိုင်ရာနိုင်ငံတွင် ဖြစ်ပွားနေသည့် ရောဂါကူးစက်မှု့အခြေအလိုက် နိုင်ငံတကာတွင် တစ်သမတ်တည်း မရှိတတ်ပါ။
..
ထိုအခါ ၎င်းနိုင်ငံဥပဒေမှာ တရားမျှတခြင်း မရှိ၊ နိုင်ငံတကာ စံချိန်စံညွှန်းက ဘယ်သို့ ဘယ်ဘာ အထွဋ်တက်ရန် မကြိုးစားပါနှင့် ဒဏ်ငွေနှင့် ပြီးရမည့် ကိစ္စ ထောင်ကျရန်ဖြစ်လာတတ်ပါသည်။ အသိမ်းခံရ၍ ပစ္စည်းဆုံးမည်ကို နှမြော မနေပါနှင့် လူပါ အချုပ်ထဲ လိုက်သွားရပါလိမ့်မည်။
..
တိုင်းပြည်တစ်ပြည်တွင် တရားဥပဒေသည် ၎င်းနိုင်ငံနေပြည်သူတို့၏ အကျိုးစီးပွားအတွက်သာဖြစ်ပြီး နိုင်ငံတကာသားတို့အတွက် သာလာယံဇရပ်သဖွယ် ဘုံဇာဟိရန် မဟုတ်ချေ။
..
ထို့ကြောင့် မိမိသွားရောက်မည့်နိုင်ငံ၏ ထူးခြားသော ဥပဒေပြဋ္ဌာန်းချက်များကို ခရီးမသွားမီ ကြိုတင် လေ့လာသင့်ပါသည်။ ။သတင်းဘာသာပြန်သူ ))

((( Russia Today., 5 Mar, 2021, Cambodians who flout Covid rules could face 20 YEARS in prison after parliament passes draconian law.” ကို #HtayOung, #OungMarine ဆီလျော်အောက် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ )))
..
https://www.rt.com/news/517315-cambodia-covid-rules-jail-20-years/


0

Leave a Reply

Your email address will not be published.