ကလေးငယ်များအပါအဝင် ခရီးသည် ၂၀၀ ခန့် လိုက်ပါလာသည့် အင်ဒိုနီးရှား ဖယ်ရီသင်္ဘောကြီး ပြင်းထန်စွာ မီးလောင်ကျွမ်း။ ဒေသခံ ရေလုပ်သားများ ချက်ချင်းပူးပေါင်းကယ်ဆယ်နိုင်ခဲ့၍ သေဆုံးသူ လုံး၀ မရှိပဲ ခရီးသည်အားလုံး အသက်ဘေးမှ လွတ်မြောက်


အင်ဒိုနီးရှားနိုင်ငံတွင် ကလေးငယ်များအပါအဝင် ခရီးသည် ၂၀၀ ခန့်နှင့်အတူ ဝေးလံခေါင်ဖျား ကျွန်းများဆီသို့ ဦးတည်ခုတ်မောင်းလာသည့် ကူးတို့သင်္ဘာတစ်စီးမှာ စနေနေ့၌ ပြင်းထန်စွာ မီးလောင်ကျွမ်းခဲ့သဖြင့် လိုက်ပါလာသူများမှာ ရေထဲသို့ခုန်ချခဲ့ကြရသော်လည်း သေဆုံးသူ လုံးဝမရှိပဲ အံ့သြဖွယ် အသက်ဘေးမှ လွတ်မြောက်ခဲ့ကြကြောင်း သတင်းရရှိသည်ဟု Russia Today က ယမန်နေ့ ရေးသားသည်။

…   
စနေနေ့ စောစောပိုင်းတွင် နိုင်ငံအရှေ့မြောက်ပိုင်း လီမာဖာတိုလာကျွန်းရှိ ဆာနာနာဆိပ်ကမ်းသို့ ခုတ်မောင်းလာသည့် ကေအမ် ကာရာအင်ဒါအမည်ရှိ ကူးတို့သင်္ဘောကြီးမှာ မာလူကူကျွန်း တာနာတီဆိပ်ကမ်းမှ ထွက်ခွာပြီးနောက် ၁၅-မိနစ်ခန့်အကြာတွင် မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

…  
တိုတောင်းသော အချိန်အတွင်း သင်္ဘောတစ်စင်းလုံးကို မီးတောက်မီးလျှံများ ဝါးမြိုလာသည့်အတွက် လိုက်ပါလာသူအားလုံးတို့မှာ ပင်လယ်အတွင်း ခုန်ချခဲ့ကြရသည်။ လူမှုကွန်ယက်၌ ပျံ့လွင့်လျှက်ရှိသော ဗွီဒီယိုများတွင် အသက်ကယ်ဖောင်ပေါ်၌ ထိုင်နေသူများ၊ ရေပေါ်ပေါ်နိုင်သည့် သင်္ဘောအပျက်အစီးများကို ဖက်တွယ်လျှက် ကောင်းကင်သို့ မီးခိုးလုံးများ လှိမ့်တက်ကာ ပြင်းထန်စွာ မီးလောင်ကျွမ်းလျှက်ရှိသော ကူးတို့သင်္ဘောကြီးအား ငေးမောကြည့်ရှု နေသူများကို တွေ့မြင်ကြရသည်။

…  
ကလေး ၂၂-ဦး အပါအဝင် ခရီးသည် ၁၈၁-ဦး နှင့်သင်္ဘောသား ၁၄ ဦးတို့ကို အနီးအနားရှိ ကျွန်းတစ်ကျွန်းပေါ်သို့ ကံအားလျှော်စွာ ကယ်ဆယ်နိုင်ခဲ့ပြီး အသက်ဆုံးရှုံးသူ မရှိခဲ့ကြောင်း၊ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဒေသခံ ရေလုပ်သားများက ချက်ချင်း ပူးပေါင်းခဲ့ကြ၍ဖြစ်ကြောင်း အင်ဒိုနီးရှားရေကြောင်းသယ်ယူပို့ဆောင်ရေး ညွှန်ကြားရေးမှူးချုပ်က ရှင်းပြသည်။

…   
ခရီးသည်အချို့မှာ ခန္ဓာကိုယ်အပူချိန်ကျဆင်းခြင်းနှင့် ပွန်းပဲ့ ဒဏ်ရာရရှိသူများအပြင် သတိလစ်မေ့မျောသူများ ရှိခဲ့ကြောင်း၊ မီးငြိမ်းသတ်ပြီး ကူးတို့သင်္ဘောကြီးမှာ ရေပေါ်တွင် ပေါ်လျှက်ရှိနေသော်လည်း မီးခိုးများ ထွက်နေသည်ကို တွေ့မြင်ရကြောင်း၊ ဆိုးရွားစွာ ပျက်စီးသွားသည့် သင်္ဘောကြီးကို အနီးရှိဆိပ်ကမ်းသို့ တွဲဆွဲရေယာဉ် ဖြင့် ဆွဲယူသွားသည်ကို တွေ့မြင်ရကြောင်း ဒေသခံများက ပြောဆိုသည်။

…   
မီးလောင်ကျွမ်းရခြင်းအကြောင်းရင်းများကို စုံစမ်းစစ်ဆေးဆဲဖြစ်သော်လည်း အချို့သောမျက်မြင်သက်သေများအဆိုအရ သင်္ဘောအင်ဂျင်ခန်းအတွင်းမီးလောင်မှုဖြစ်ပွားရာမှ စတင်ခြင်းဖြစ်ကြောင်း သိရှိရသည်ဟု AP က ရေးသားသည်။

ကျွန်းပေါင်း ၁၇,၀၀၀ ကျော်ဖြင့် ဖွဲ့စည်းထားသည့် အင်ဒိုနီးရှားသည် ကမ္ဘာ့အကြီးဆုံး ကျွန်းစုနိုင်ငံဖြစ်သည်။

…   
ကူးတို့ သင်္ဘောမျာနစ်မြုပ်ခြင်းအပါအဝင် ရေကြောင်း မတော်တဆမှုများ ဖြစ်ပွားလေ့ရှိခြင်းကြောင့် ပျက်စီးသေဆုံးမှုများကို အကြိမ်ကြိမ်ကြုံတွေ့ခဲ့ရသည်။ ၂၀၀၆ နှင့် ၂၀၀၉ ခုနှစ်များတွင် မုန်တိုင်းထန်သောရာသီဥတုကြောင့် အင်ဒိုနီးရှားကူးတို့သင်္ဘောများမှာ အကြိမ်ကြိမ်နစ်မြုပ်ခဲ့ပြီး ရာနှင့်ချီသော လူအများ သေဆုံးခဲ့ရသည်။

…  
အင်ဒိုနီးရှား၏ နောက်ဆုံးအကြိမ် အသေအပျာက်အများဆုံး မတော်တဆဖြစ်မှုမှာ ၂၀၁၈ ခုနှစ်တွင် ဆူမားတြားမြောက်ပိုင်းရှိ တိုဘာရေကန်၌ ခရီးသည်အဆမတန် တင်ဆောင်လာသည့် ကူးတို့ရေယာဉ် နစ်မြုပ်မှု ဖြစ်ပွားပြီး လူ ၁၆၇-ဦး သေဆုံးခဲ့ရခြင်းဖြစ်သည်။

(( ယခုသတင်း နောက်ဆုံးပိုဒ်တွင် ပါရှိသော တိုဘာရေကန်ကြီးမှာ ၂၀၀၄-ခုနှစ် အိန္ဒိယသမုဒ္ဒရာတွင်း ငလျင်ကြီးကြောင့် ဆူနာမီရေလှိုင်းများဖြစ်ပေါ်ပြီး လူပေါင်း ၂-သိန်း ၂-သောင်းကျော် အသက်ဆုံးရှုံးခဲ့ရဖူးသည့် အာချေး ပြည်နယ်တည်ရှိရာ ဆူမားတြားကျွန်းမြောက်ဘက် ကုန်းတွင်းပိုင်း၌ တည်ရှိပါသည်။
….
လွန်ခဲ့သောနှစ်ပေါင်း ၆၉,၀၀၀ မှ ၇၇,၀၀၀ အတွင်း မီးတောင်ပေါက်ကွဲမှုကြောင့် သဘာဝအလျှောက် ဖြစ်ပေါ်လာသည့် ရေကန်ကြီးဖြစ်သည်။ ထိုစဉ်က မီးတောင်ပေါက်ကွဲမှုသည် နှစ်ပေါင်း ၂၅-သန်းအတွင်း အပြင်းထန် ဆုံးဖြစ်လိမ့်မည်ဟု ခန့်မှန်းရပြီး မီးတောင်မှ မှုတ်ထုတ်သော ချော်ပြာများကြောင့် ကမ္ဘာ့ရာသီဥတုကွင်းဆက်များပြောင်းလဲကာ အိန္ဒိယနှင့် အာဖရိကအလယ်ပိုင်းသို့တိုင် နေထိုင်သူများအား သေကြေသည်အထိ ကပ်ဘေးသင့်စေလိမ့်မည်ဟု မှတ်ယူကြသည်။

ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၃၀၀၀ ခန့်တွင် တည်ရှိသော အဆိုပါရေကန်ကြီးသည် အလျှား ၆၂-မိုင်၊ အနံ ၁၉-မိုင်နှင့် ရေအနက် ၁၆၅၇-ပေ ရှိသည်။ အင်ဒိုနီးရှားတွင်သာမက နိုင်ငံတကာ၌လည်း အကြီးဆုံး သဘာဝမီးတောင်ရေကန်ကြီးဖြစ်ပြီး ယူနက်စကိုက ကမ္ဘာလုံးဆိုင်ရာ ပထဝီဝင်ဥယျာဉ်အဖြစ် သတ်မှတ်ထားသည်။

#လူ_၂၀၀ ခန့်လိုက်ပါလာသည့်_အင်ဒိုနီးရှားခရီးသည်တင်ကူးတို့သင်္ဘော_ပြင်းထန်စွာမီးလောင်
#တိုဘာ_သဘာဝမီးတောင်ရေကန်



((( RT., 29 May, 2021,” Passengers, crew jump overboard as ferry with 200 aboard gets consumed by INFERNO off Indonesian island (VIDEO).” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။)))

https://www.rt.com/news/525189-indonesia-ferry-fire-passengers-sea/ 

+1

Leave a Reply

Your email address will not be published.