“ ကျုပ်ကို သတ်လိုက်ရင် ကောင်းမယ် “ ပျက်ကျ ယူကရိန်းခရီးသည်လေယာဉ်အား မစ်ဆိုင်းလ်ထိမှန်သွားသည်ဆိုခြင်းကို အီရန်တပ်မတော် ချက်ချင်းသိရှိခဲ့ကြောင်းပေါ်ပေါက်။ အီရန်တွင် ပြင်းထန်သော လူထုကန့်ကွက်ရှုတ်ချပွဲများဖြစ်ပွားရာ ဗြိတိန်သံအမတ်လက်ချက်ဟု အီရန်စွပ်စွဲ

တဟီရန်လေကြောင်းကာကွယ်ရေးတပ်မှူးဖြစ်သူက ခရုဇ်မစ်ဆိုင်းလ်ဖြင့် ပစ်ချရန် ၁၀-စက္ကန့်သာအချိန်ယူဆုံးဖြတ်ခဲ့သည့်ပစ်မှတ်မှာ ယူကရိန်းခရီးသည်တင်လေယာဉ်ဖြစ်နေသည်ဆို၏။ ထိုသတင်းပို့ချက်ကို သိရှိရသော အီရန်အစ္စလာမ်မစ်တော်လှန်ရေးတပ်မတော်၏ တာဝန်ရှိထိပ်တန်းအရာရှိကြီး ဟာဂျစ်ဇဒါးမှာ “ ကျွန်တော် ချက်ချင်းသေချင်စိတ်ပေါက်သွားတယ် “ ဟု ပြောဆိုကြောင်း Russia Today က ယနေ့ရေးသားသည်။

လုပ်ထုံးလုပ်နည်းအရဆိုလျှင် ရန်သူ့ပစ်မှတ်ဖြစ်၍ ပစ်ခတ်ရန်အတည်ပြုအမိန့်ကို အထက်အရာရှိထံတင်ပြ တောင်းခံရမည်ဖြစ်သည်။ သို့သော်လည်း တိုင်းပြည်၏ အခြေအနေမှာ ၁၉၇၉-ခုနှစ် အီရန်အစ္စလာမ်မစ် တော်လှန်ရေးဆင်နွှဲစဉ် အမေရိကန်နှင့် ပြင်းထန်သော ပဋိပက္ခဖြစ်ခဲ့ရသည်နှင့်မခြား စစ်ထိုးတိုက်ခိုက်လာမည်ကို နှစ်နိုင်ငံလုံးက အသင့်စောင့်မျှော်နေကြရချိန်ဖြစ်ကြောင်း ဟာဂျစ်က ရှင်းပြသည်။ ၎င်းနေ့နံနက်တွင် အီမန်ခိုမေနီလေယာဉ်ကွင်းမှ အရပ်ဖက်လေယာဉ်များ ဆင်း-တက် မပြုလုပ်ရန် အီရန်စစ်ဖက်၏ တောင်းဆိုချက်ကို လေကြောင်းအာဏာပိုင်များက လစ်လှု့ရှ့ခဲ့သည်။

ထို့ပြင် လေကြောင်းရန်ကာကွယ်ရေးစံနစ်အတွင်း ဝင်ရောက်လာသော ပစ်မှတ်ကို အချိန်မီ လမ်းကြောင်းပြောင်းရန် သို့မဟုတ် နောက်ကြောင်းပြန်လှည့်ရန် အမိန့်ပေးရမည်ဖြစ်ပြီး၊ လိုက်နာခြင်းမရှိလျှင် သတ်မှတ်ထားသည့် အတိုင်း ဆောင်ရွက်ရန် အထက်အမိန့်တောင်းခံရမည်ဖြစ်သည်။ သို့သော်လည်း အသည်းအသန်ရှုတ်ထွေးနေသော ကာလတွင် ထပ်ဆင့်အတည်ပြုချက်ရရှိရန် ခဲယဉ်းသဖြင့် ကာကွယ်ရေးစံနစ်က သတိပေးသည့်အတိုင်း ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဆို၏။

ရုရှားလုပ် TOR-M1 လေကြောင်းရန်ကာကွယ်ရေး မြေပြင်မှဝေဟင်ပစ် မစ်ဆိုင်းလ်စံနစ်သည် ပစ်စင်တစ်ခုတည်းတွင် ရေဒါနှင့် မစ်ဆိုင်းလ်ပူးတွဲထားသည်။ 9M331မစ်ဆိုင်းလ်တို့သည် ပစ်မှတ် ၂-ခုကို တစ်ချိန်တည်း မှာပင် တိကျစွာ ထပ်ချပ် ထိမှန်စေနိုင်သည်။ အရပ်ဖက်လေယာဉ်တိုင်း မိမိတို့၏ လေယာဉ်အမျိုးအစား ပျံသန်းလမ်းကြောင်းတို့ကို စစ်ဖက်ဆိုင်ရာက အလွယ်တကူ ခွဲခြားဖော်ထုတ်သိရှိနိုင်စေမည့် ထရန်စ်ပေါင်ဒါများ တပ်ဆင်ထားကြသည်။ မည်သည့်စစ်ဖက်လေယာဉ်မဆို စစ်ဆင်ရေးကာလတွင် ရန်သူ၏ ရေဒါထောက်လှမ်းခြင်းမှ လွတ်အောင် ပျံသန်းနည်းမျိုးစုံ သုံးတတ်စမြဲဖြစ်သည်။ အီရန်၏ လေကြောင်းရန်ကာကွယ်ရေးစံနစ် ချ ထားပုံမှာလည်း အီမန်ခိုမေနီလေယာဉ်ကွင်းနှင့် အလွန်နီးကပ်ပါသည်။ ယခု ယူကရိန်းလေယာဉ် မစ်ဆိုင်းလ် ထိမှန်ရခြင်းတွင် ၎င်းအချက်များအရ များစွာရှင်းလင်းခြင်းမရှိကြောင်း Telegraph က ဇန်နဝါရီ ၁၀-ရက်နေ့တွင် ရေးသားသည်။

သီအိုရီအရဆိုလျှင် ယူကရိန်း၏ ဘိုရင်း 737-800 သည် အရပ်ဖက်လေယာဉ်ဖြစ်ကြောင်း မည်သည့်ရေဒါစံနစ် မဆို သိရှိနိုင်ပါသည်။ အနောက်နိုင်ငံမီဒီယာများဖော်ပြသည့်အတိုင်း အမှန်ဖြစ်လျှင် ယခုယူကရိန်းခရီးသည် တင်လေယာဉ်မှား ယခင်ဝမ်းနည်းစရာဖြစ်ရပ်များနည်းတူ ကြမ္မာဆိုးနှင့် ရင်ဆိုင်ခဲ့ရသည်ဟုသာ ကောက်ချက် ချရပါလိမ့်မည်။

အီရန်-အီ ရတ်စစ်ပွဲကာလ ၁၉၈၈ ခုနှစ် ဇူလိုင်လ ပါရှားရေလက်ကြားတင်းမာမှု့ဖြစ်ပွားနေစဉ် တဟီရန် ( အီရန် ) မှ ဒူဘိုင်း ( ယူအေအီး ) သို့ ပျံသန်းလာသည့် Airbus A300 အမျိုးအစား အီရန်ခရီးသည်တင်လေယာဉ် IR 655 မှာ အမေရိကန်စစ်သင်္ဘော ယူအက်စ်အက်စ်ဗင်းဆင့်မှ ပစ်လွှတ်သည့် SM-2 MR မစ်ဆိုင်းလ်ထိမှန်ခဲ့သည်။ အီရန်ရေပြင်ပိုင်နက် ဝေဟင်တွင် ပစ်ချခံရသော ခရီးသည်တင်လေယာဉ်နှင့်အတူ အသက်ဆုံးရှုံးသူ ၂၉၀ -ဦး ရှိခဲ့ကြောင်း CNN က ဖော်ပြသည်။


( ဆက်လက်ဖတ်ရှု့နိုင်ပါရန် )

ထို့အတူ ၂၀၁၄-ခုနှစ် ဇူလိုင်လ အမ်စတာဒမ် (နယ်သာလန်)မှ ကွာလန်လန်ပူ ( မလေးရှား ) သို့ ပျံသန်းလာသည့် Boeing 777-200ER အမျိုးအစား မလေးရှားခရီးသည်တင်လေယာဉ် MH-17 သည် အရှေ့ယူကရိန်းဝေဟင်အရောက်တွင် ရုရှားလုပ် မစ်ဆိုင်းလ် ထိမှန်ပြီး လူပေါင်း ၂၉၈-ဦး အသက်ဆုံးရှံးခဲ့ရသည်။ ၎င်းနှစ်ကြိမ်စလုံးမှာ တမင်ရည်ရွယ်ပစ်ခတ်ခြင်းဖြစ်ကြောင်း တွေ့ရှိရသည့်တိုင် သက်ဆိုင်ရာ နိုင်ငံတို့က ငြင်းဆန်ကြောင်း Telegraph က ရေးသားပါသည်။

ယခု မိမိတို့ ပစ်လွှတ်ခဲ့သည့် မစ်ဆိုင်းလ်မှာ ယူကရိန်းခရီးသည်တင်လေယာဉ်ကို ထိမှန်သွားပုံရကြောင်း အီရန် အာဏာပိုင်များထံ အစ္စလာမ်မစ်တော်လှန်ရေးတပ်မတော်က ချက်ခြင်းအကြောင်းကြားခဲ့သည်။ သို့သော် ထိုသတင်းမှာ အမျိုးမျိူးထင်ကြေးပေးရေးသားနေသည့် မီဒီယာအရှုတ်အထွေးကြားတွင် လူအများသိမဖြစ်ခဲ့ပဲ ပျက်ကျနေရာ၌ စုံစမ်းစစ်ဆေးမှု့များ ပြုလုပ်ခဲ့ပါသည်။ ယူကရိန်းလေယာဉ် အင်ဂျင်မီးလောင်သဖြင့် ပြန်လှည့်လာစဉ် ပျက်ကျသည်ဟု အီရန်လေကြောင်းအာဏာပိုင်အဖွဲ့က သတင်းထုတ်ပြန်ကြောင်း မီဒီယာအချို့၌ ဖော်ပြခြင်းမှာ အမှန်မဟုတ်ပဲ အီရန်စစ်ဖက်နှင့် အစ္စလာမ်မစ်တော်လှန်ရေးအစောင့်တပ်မတော်တို့လည်း သတင်းမှောင်ချရန် မကြိုးစားခဲ့ကြောင်း ဟာဂျစ်ဇဒါးက ပြောဆိုသည်။

ဇန်နဝါရီ-၃၊ ၂၀၂၀ နံနက်ဒေသစံတော်ချိန် ၆-နာရီခန့်၌ ယူကရိန်းလေကြောင်းလိုင်း ( UIA ) ပိုင် Boeing 737-800 ခရီးသည်တင်ဂျက်လေယာဉ် ခရီးစဉ်အမှတ် PS 752 သည် အီရန်နိုင်ငံ အီမန်ခိုမေနီ အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ပျံတက်ပြီးနောက် မိနစ်အနည်းငယ်အတွင်း ရှာဟီရာနှင့် ပါရန်းမြို့တို့ အကြား မြေပြင်သို့ ထိုးကျ ပျက်စီးသွားခဲ့သည်။ လေယာဉ်ပေါ်တွင်လိုက်ပါသွားသည့် အီရန် ၈၂-ဦး၊ ယူကရိန်း ၁၁-ဦး၊ ဆွီဒင် ၁၀-ဦး၊ ကနေဒါ ၆၃-ဦး၊ အာဖဂန် ၄-ဦး၊ ဂျာမန် ၃-ဦးနှင့် ဗြိတိသျှနိုင်ငံသား ၃-ဦး တို့ အားလုံးအသက်ဆုံးရှုံးခဲ့ရသည်။

မတော်တဆ ပစ်လွှတ်မိသည့် မစ်ဆိုင်းလ်ထိမှန်ခြင်းဖြစ်ကြောင်း အီရန်အစိုးရကြေညာချက်ထွက်ပေါ်လာပြီး နောက် သေဆုံးယူကရိန်းနိုင်ငံသားများ ရုပ်အလောင်းကို ကိယက်ဗ်သို့ အမြန်ဆုံးပြန်ပို့ပေးရန် ယူကရိန်းသမ္မတ ဗိုလိုမြာဇီလင်စကီးက တောင်းဆိုသည်။ ယူကရိန်းနိုင်ငံခြားရေးဝန်ကြီးအား အီရန်သို့စေလွှတ်မည်ဖြစ်ပြီး အီရန်အစိုးရ၏ တရားဥပဒေနည်းလမ်းတကျဆောင်ရွက်ရန် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း ပြောဆိုသည်။ ယူကရိန်းတွင် သေဆုံးသူတို့၏ မိသားစုနှင့် မိတ်ဆွေတို့က ဝမ်းနည်းခြင်းအခန်းအနားနှင့်အတူ ကန့်ကွက်ရှုတ်ချပွဲများ ပြုလုပ်သည်။

သေဆုံး ကနေဒါနိုင်ငံသားများအတွက် ဝမ်းနည်းပါကြောင်းနှင့် ကနေဒါဝန်ကြီးချုပ် ဂျတ်စတင်ထရူးအား အီရန်သမ္မတဟာစန်ရောဟနီက တောင်းပန်လိုက်ပြီး စံနစ်ကျနသော အရေးယူဆောင်ရွက်မှု့များနှင့် ပျက်ကျ ယူကရိန်းခရီးသည်တင်လေယာဉ်၏ ဘလက်ဘောက်စ်သေတ္တာမှ မှတ်တမ်းတင်အချက်အလက်များကို ဖတ်ရန် ပြင်သစ်နိုင်ငံသို့ ပေးပို့မည်ဖြစ်ကြောင်း ကတိပြုသည်။

ယူကရိန်းလေယာဉ်ပျက်ရာတွင် သေဆုံး အီရန် ၈၂-ဦးအနက်အများစုမှာ တက္ကသိုလ်ကျောင်းသားများဖြစ်သည်။ တဟီရန်မြို့ အမီယာကာဘီတက္ကသိုလ်တွင် ကျောင်းသားများနှင့် ထောင်ချီသော အရပ်သားတို့က စုဝေးကန့်ကွက်ဆန္ဒပြပွဲများဖြစ်ပေါ်ပြီး အီရန်ဥသျှောင် အယာတိုလာအလီခါမေနီအား ရာထူးမှ နှုတ်ထွက်ပေးရန် တောင်းဆိုကြသည်ဟု Russia Today က ယမန့်ရေးသားသည်။

ကန့်ကွက်ဆန္ဒပြပွဲများဖြစ်ပွားရခြင်း တွင် အီရန်နိုင်ငံဆိုင်ရာဗြိတိသျှ သံအမတ်ကြီးက သွေးထိုးညွှန်ကြားခဲ့သဖြင့် ဆင့်ခေါ်စစ်ဆေးလျှက်ရှိ ကြောင်း အီရန် မီဒီယာ Tasnim သတင်းအေဂျင်စီက ဖော်ပြသည်။

မိမိတို့သံအမတ်ကြီးအား ဆင့်ခေါ်စစ်ဆေးသည်ဟုဆိုကာ နာရီပေါင်းများစွာကြာအောင် အီရန်က ထိန်းသိမ်းထားခြင်းမှာ နိုင်ငံတကာဥပဒေကို ချိုးဖောက်ရာရောက်ကြောင်း ဗြိတိန်နိုင်ငံက ကန့်ကွက်သည်ဟု Russia Today က ယနေ့ရေးသားသည်။

((( Russia Today., 11 Jan, 2020,” ‘I wish I was dead’: Senior IRGC commander accepts responsibility for downing Ukrainian jet, says it was mistaken for missile.” ကို #HtayOung, #OungMarine ဆီလျော်အောင်ကောက်နှုတ်ဘာသာပြန်ဆို၍ အခြားဆက်စပ်သတင်းများနှင့် ပေါင်းစပ် ဖော်ပြသည်။ ကိုးကားအချက်အလက်များမှာ ပေးထားပါ Links များအတိုင်းဖြစ်သည်။ )))

#ယူကရိန်းခရီးသည်လေယာဉ်အားမစ်ဆိုင်းလ်ထိမှန်သွားခြင်းနောက်ဆက်တွဲဂယက်ရိုက်ခတ်မှု့

https://www.rt.com/news/478011-irgc-accepts-guilt-downing/

https://www.telegraph.co.uk/news/2019/11/14/mh17-probe-releases-new-phone-calls-linking-suspects-russian/

https://edition.cnn.com/2020/01/10/middleeast/iran-air-flight-655-us-military-intl-hnk/index.html

https://www.rt.com/news/478037-iran-protests-vigils-plane/

https://www.rt.com/news/478031-rouhani-apologizes-plane-iran-ukraine/

https://www.rt.com/news/478016-iran-black-box-france/

https://www.rt.com/news/478040-uk-ambassador-tehran-protests/

0

Leave a Reply

Your email address will not be published.